Thursday, September 27, 2012

သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၄)

အခန်း(၄)
ဒုက္ခ၏ အကြောင်းရင်း
(ဒုတိယ အမှန်မွန်)

တချို့ချို၊ တချို့ခါး
ဘဝတိုက်ပွဲက လာတဲ့ ဒုစရိုက်တွေ
ဒီလိုနဲ့ .... ဘဝအာသာဟာ
သောက်လေ ... နှစ်ဆတိုး ငတ်လေ ...။


ဘဝဖြစ်တည်မှုနှင့် ဆက်စပ်နေသော ဝေဒနာအားလုံးကို ‘ဒုက္ခ’ဆိုသော ဝေါဟာရနှင့် အနှစ်ချုပ်ဖော်ပြခဲ့သလို ဒုက္ခ၏အကြောင်းရင်းကိုလည်း ‘တဏှာ’ ဟူသော ဝေါဟာရဖြင့် စုစည်းဖော်ပြနိုင်ပါသည်။ ဤဝေါဟာရမှာပင် တပ်မက်သည့်သဘော (Desire)၊ နှစ်သက်သည့်သဘော (Craving)၊ တွယ်ငြိသည့်သဘော (Voluptuous)၊ အလိုမပြည့်သည့်သဘော (Greed)တို့ အကျုံးဝင်ပြီးဖြစ်သည်။ အဆိုပါ တဏှာ၏ တပ်မက်၊ နှစ်သက်၊ တွယ်ငြိ၊ အလိုမပြည့်နိုင်သော သဘာဝ (သမုဒယ) သည်ပင်လျှင် ဗုဒ္ဓညွှန်းဆိုသော ဒုတိယအမှန်မွန် ဖြစ်ပါသည်။

ဤသဘောကို ဗုဒ္ဓက ဓမ္မစက္ကပဝတ္တနတရားတော်တွင် ဤသို့ ဟောကြားခဲ့ပါသည်။

“ရဟန်းတို့၊ ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ ဒုက္ခ၏ အရင်းအမြစ်သည် ဒုတိယ အမှန်မွန် ဖြစ်သည်။ ကာမဂုဏ်အာရုံတွင် ငြိတွယ်ခြင်း (ကာမတဏှာ)၊ ဘဝဖြစ်တည်မှုကို တပ်မက်စွဲလမ်းခြင်း (ဘဝတဏှာ)၊ ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူတွင် ကျေနပ်သာယာခြင်း (ဝိဘဝတဏှာ) တို့ဖြစ်သည်။ ဤတဏှာ သုံးမျိုးလုံးသည်ပင် ဒုက္ခကို အဖန်တလဲလဲ ဖြစ်စေတတ်သော၊ သံသရာလမ်းကို ရှည်စေတတ်သော၊ အခုအခံ အစွဲအလမ်းများ (သမုဒယ) ဖြစ်ပေသည်။
                                                     
တဏှာသုံးမျိုး

အထက်ပါ အဆိုအမိန့်အရ ဒုက္ခ၏ အရင်းအမြစ်မှာ ပုံသဏ္ဌန် သုံးမျိုးနှင့်တည်ရှိနိုင်သည်ဟု နားလည်ရပါသည်။ အာရုံခံစားမှုနှင့်ယှဉ်သော ပျော်ရွှင်မှုကို တပ်မက်သည့်စိတ်၊ ဘဝဖြစ်တည်မှုကို တွယ်ငြိသည့်စိတ်နှင့် ဘဝဖြစ်တည်မှု ပြတ်ပြီဆိုသော အယူကို ကျေနပ်သာယာသည့်စိတ်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဓမ္မလာ ဝေါဟာရများနှင့်ဖော်ပြရလျှင် ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာတို့ ဖြစ်သည်။

စင်စစ်ဤတဏှာသုံးမျိုးလုံးသည်ပင် သူတို့ချည်းသက်သက်ဆိုလျှင် သမုဒယဟု အပြည့်အဝဆိုနိုင်သေးသည် မဟုတ်ပါ။ အသိပညာမဲ့ခြင်း (အဝိဇ္ဇာ) နှင့် လူ့အပြုအမူ (ကံ)ဆိုသော အဖော်သဟဲ နှစ်ဦးနှင့်ပေါင်းဖက်မိမှသာ ဒုက္ခကိုဖန်တီးနိုင်သည့် သမုဒယနယ်ပယ်သို့ အပီအပြင်ရောက်ပါသည်။ အဝိဇ္ဇာကြောင့် အမြင်မှောက်မှားမှုများ ဖြစ်လာပြီး၊ အဆိုပါ အမြင်မှား အထင်မှားများက လူ့အပြုအမူ (တစ်နည်း လူ၏ကံကြမ္မာ) ကို ဖန်တီးပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
                                                   
ကာမတဏှာ (Greed for sense pleasure)

လူသည် အာရုံခြောက်ပါးဖြင့် ဖွဲ့စည်းထားသောသတ္တဝါ ဖြစ်သည်။ လူ၏ အာရုံခံကိရိယာ ခြောက်ခု (မျက်လုံး၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်) နှင့် ပြင်ပ အာရုံများ (မြင်စရာ၊ ကြားစရာ၊ အနံ့ရရာ၊ အရသာရှိရာ၊ ထိတွေ့ရာ၊ ကြည်မွေ့ရာ) ထိတွေ့သည်နှင့် လိုချင်တပ်မက်မှုတို့ ဖြစ်ပေါ်လာသည်။ ဤလိုချင်တပ်မက်မှု သည်ပင်လျှင် ကာမ တဏှာ ဖြစ်ပါသည်။

လူ၏ အထင်ရှားဆုံးနှင့် ပြင်းအားအကြီးဆုံး ကာမတဏှာနှစ်ခုမှာ အစာအာဟာရအပေါ် တပ်မက်မှုနှင့် ဆန့်ကျင်ဘက်လိင်အပေါ် တပ်မက်မှုတို့ ဖြစ်သည်။ ဤနှစ်ခုမှာ လူ့ဘဝ ရှင်သန်ရေးနှင့် လူ့မျိုးနွယ် အဓွန့်ရှည်စေရေးအတွက် မရှိမဖြစ် လိုအပ်ချက်များလည်း ဖြစ်နေသည်။ ထို့ထက် မည်သူမှ သင်ပေးစရာမလိုသော မွေးရာပါ ဇာတိစိတ်၊ ပဋိသန္ဓေစိတ်လည်း ဖြစ်သည်။ သို့အတွက် ဤလိုအပ်ချက်နှစ်ရပ်ကိုတပ်မက်ခြင်း ကာမတဏှာသက်သက်ကို လောကီအရဆိုလျှင် အပြစ်ဟူ၍ ယူဆဖွယ်မရှိပါ။ လူသာမန်တို့ ရှောင်နိုင်ခဲသော အပြုအမူများလည်း ဖြစ်ပါသည်။ သို့နှင့်တိုင် သံသရာကိုရှည်စေသော အကြောင်းတရားများ ဖြစ်သည့်အတွက် လောကုတ္တရာအတွက်မူ အဟန့်အတား ဖြစ်ပါသည်။

အစားကျူးခြင်း၊ ကာမလွန်ကျူးခြင်း စသော အမှုတို့သည်ကား လူ့အဖွဲ့အစည်းအတွက် ဆိုးကျိုးများဖြစ်ပေါ်စေ၍ လောကီရော၊ လောကုတ္တရာအတွက်ပါ အပြစ်စစ်စစ် ဖြစ်ပါသည်။ အကြောင်းမူ လူတွင် အာရုံခြောက်ပါးက စေ့ဆော်သောလိုအပ်ချက်များ ရှိရုံမျှမက လူ့အဖွဲ့အစည်းကတောင်းဆိုသော စောင့်ထိန်းမှုများလည်း ရှိနေသည့်အတွက် ဖြစ်သည်။ သို့အတွက် အကြမ်းစားတဏှာကို ပယ်သတ်နိုင်ရန် လူမှုရေးကျင့်ဝတ်များ ရှိရပါသည်။ အနုစားတဏှာကို ပယ်သတ်ရန်အတွက်မူ ကျင့်ဝတ်သီလမျှနှင့် မရ။ အမှန်မွန်လေးပါးကို ထိုးထွင်းသိမြင်နိုင်သော ဝိဇ္ဇာဉာဏ်ကို ဦးတည်သည့် မြတ်သောအကျင့် (ဝိပဿနာအကျင့်) နှင့်သာ ရနိုင်စရာ ရှိပါသည်။
                                                   
ဘဝတဏှာ (Greed for individual extistence)

ဗုဒ္ဓ၏ မူလဟောကြားချက်များတွင် “ဖြစ်တည်မှု” (Existence) ဆိုသော ဝေါဟာရကို မသုံးပါ။ “ဘဝ”(Bhava) ဟူ၍သာ သုံးပါသည်။ အနောက်တိုင်းဒဿနနှင့် နိစ္စဓူဝ ဘဝများတွင် သုံးနေသော “ဖြစ်တည်မှု” ဆိုသည့် အဓိပ္ပာယ်နှင့် ဘဝကို အပြည့်အဝ အဓိပ္ပာယ်ဖော်နိုင်သည် မဟုတ်ပါ။ “ဖြစ်တည်မှု” ဆိုသည်မှာ ယေဘုယျ သဘောသာ ဖြစ်၍၊ ဝိသေသဂယက် အနက်မရှိပါ။ လူ၊ တိရစ္ဆာန်၊ သစ်ပင် မခွဲခြားသလို အကောင်း၊ အဆိုး၊ အမှန်၊ အမှား သတ်မှတ်ထားသည်လည်း မဟုတ်ပါ။ “ဘဝ”ဆိုရာတွင်မူ ယေဘုယျ သဘောမျှသာ မက ဝိသေသ သဘောလည်း ပါဝင်ပါသည်။ အဓိကအားဖြင့် လူ၏ ဖြစ်တည်မှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ပို၍တိတိကျကျဆိုရလျှင် ပိုင်ဆိုင်လိုမှုနှင့်ယှဉ်သည့် လူ့ဖြစ်တည်မှုကို ဆိုလိုခြင်း ဖြစ်သည်။ (Human existence with the tendency to be possessive) ဟုဖော်ပြပါသည်။

ဤအချက်ကိုပင် ဆက်လက်ဖွင့်ဆိုလိုက်လျှင် ပိုင်ဆိုင်လိုမှု (တနည်း) တဏှာ၏ အကန့်အသတ်မဲ့သဘာဝကို တွေ့နိုင်ပါသည်။ ဗုဒ္ဓကျမ်းဂန်များတွင် တဏှာကို ဆားငန်ရေနှင့် နှိုင်းယှဉ်ဖော်ပြသည်။ “သောက်လေ-သောက်လေ- ငတ်မပြေ”ဆိုသည့် သဘောဖြစ်ပါသည်။ ဥပမာ မနေ့က သစ်သားကုလားထိုင်အကြမ်းနှင့် ထိုင်နေရသောသူသည် ယနေ့ ကူရှင်ခု၍ ထိုင်လိုပါလိမ့်မည်။ နက်ဖြန်ဆိုလျှင် ဆိုဖာနှင့်ထိုင်ဖို့ အားထုတ်လိုပါလိမ့်မည်။ ဤအဓိပ္ပာယ်အရ ဆိုလျှင် လူ့ဘဝဆိုသည်မှာ တဏှာ၏ခိုင်းစေချက်အတိုင်း အချိန်နှင့်အမျှ လှုပ်ရှားနေရသော ခရီးစဉ်ကြီးပင် ဖြစ်တော့သည်။ သို့နှင့်တိုင် လူသည် မောရ ပန်းရမှန်းမသိ။ ဘဝကို သာယာနေသည်။ ကျေနပ်နေသည်။ စွဲလမ်းနေတတ်ပါသည်။ “မောတော့ မောတာပေါ့ ... ဒါပေမယ့် မမောဘူး” ဆိုသလိုမျိုးပင်။ ဤသည်ပင် ဘဝတဏှာ ဖြစ်တော့သည်။ “လောဘနှင့်ယှဉ်သော ဖြစ်တည်မှု” (Greedful existence) သို့မဟုတ် “အာရုံများနှင့် လှုပ်ရှားနေသော ဖြစ်တည်မှု” (Emotional existence) ဟု ယူနိုင်ပါလိမ့်မည်။ ဘဝတဏှာ၏အဓိပ္ပာယ်ကို ဆုပ်ကိုင်မိစေရန် “being” ဆိုသော စကားထက် “becoming” ဆိုသော လှုပ်နေသည့်ဝေါဟာရက ပို၍ ဆီလျော်ပါလိမ့်မည်။
                                                     
ဝိဘဝတဏှာ (Greed for nonexistence)
ကာမတဏှာနှင့် ဘဝတဏှာကို လူအများနားလည်သဘောပေါက်နိုင်စရာ ရှိသော်လည်း ဝိဘဝတဏှာကိုမူ အလွယ်တကူနားလည်နိုင်မည် မဟုတ်ပါ။ ဗုဒ္ဓခေတ် အိန္ဒိယတိုက်ငယ်မှာ ဒဿနတိုက်ပွဲနောက်ခံနှင့် ဆက်စပ်နိုင်မှသာ ဝိဘဝတဏှာ၏သဘောကို မှန်းဆနိုင်လိမ့်မည်ဟု ယူဆရပါသည်။

ပြောရလျှင် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်က အိန္ဒိယတိုက်ငယ်မှာ ဒဿနဂိုဏ်းပေါင်းများစွာ အပြိုင်ဖြစ်ထွန်း ပေါ်ပေါက်လျက်ရှိသည့် ပန်းပေါင်းတစ်ရာကာလကြီး ဖြစ်ပါသည်။ အဆိုပါ ဒဿနဂိုဏ်း အသီးသီးတွင် ဗုဒ္ဓ၏ဓမ္မနှင့်အပြိုင် ဩဇာကြီးမားလှသော အယူအဆကြီး နှစ်ခုရှိသည်။ “သဿတဒိဋ္ဌိ”ဂိုဏ်းနှင့် “ဥစ္ဆေဒဒိဋ္ဌိ”ဂိုဏ်းဟူ၍ ဗုဒ္ဓကျမ်းဂန်များတွင် ဖော်ပြလေ့ရှိပါသည်။ သဿတဒိဋ္ဌိဂိုဏ်းက ထာဝရ အယူအဆကို ဟောသည်။ လူ၏ခန္ဓာကိုယ်ထဲတွင် ဖြစ်တည်မှု၏ အမြုတေအဖြစ် မည်သည့်အခါမျှ မပျက်ဆီးနိုင်သော အတ္တကောင်လေးရှိသည်။ လူ၏ ရုပ်ခန္ဓာသေလွန်သော်လည်း အဆိုပါ အတ္တက မသေ။ ခန္ဓာသစ်သို့သာ ပြောင်းသွားသည်။ သို့အတွက် “ဘဝသည် မြဲ၏” ဟု ယူဆပါသည်။ စင်စစ်ဘဝတဏှာမှာ ဤဂိုဏ်း၏ အကောက်အယူဟု ဆိုနိုင်သည်။

ဝိဘဝတဏှာမှာ အခြားဆန့်ကျင်ဘက် ဂိုဏ်းတစ်ခု ဖြစ်သော ဥစ္ဆေဒဒိဋ္ဌိဂုဏ်းနှင့် ဆက်စပ်နေသည်။ ဤဂိုဏ်းက ဘဝတွင်အစ ရှိသလို အဆုံးလည်းရှိသည်။ မွေးဖွားခြင်းမှာ အစ ဖြစ်ပြီး သေလွန်ခြင်းမှာ အဆုံးဖြစ်သည်ဟု ဟောသည်။ သေပြီးလျှင် ဘာမှ မဖြစ်။ ဘဝပြတ်ပြီဟု ယူဆခြင်း ဖြစ်သည်။ ဤအယူအဆကို သက်ဝင်ယုံကြည် စွဲလမ်းကျေနပ်နေခြင်းကိုပင် ဝိဘဝတဏှာဟု ယူဆရပါသည်။ ဘဝဖြစ်စဉ်ကို “မျဉ်းတန်းသဘော” (linear) ဟုယူဆလျှင် ဥစ္ဆေဒဒိဋ္ဌိမှာ ယုတ္တိနည်းကျ အယူအဆဟု ဆိုနိုင်စရာ ရှိပါသည်။ ဗုဒ္ဓက ဘဝဖြစ်စဉ်ကို မျဉ်းတန်းသဘောသက်သက်နှင့် ဘောင်ခတ်မထား။ non-linear သဘောဖြင့်ကြည့်မြင်ပြီး သံသရာခရီးအဖြစ် ဆွဲဆန့်သည်။ (နယူတန်ခေတ် နောက်ပိုင်းမှ စ၍ ခေတ်သစ် သိပ္ပံပညာကိုယ်တိုင်က non-linear သဘောသို့ ရွေ့လာသည်ကို သတိချပ်ရာသည်)

ဝိဘဝတဏှာနှင့် ပတ်သက်သော နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုမှာ ဗုဒ္ဓခေတ်က ရေပန်းစားခဲ့သော “တပအကျင့်”နှင့် ဆိုင်ပါသည်။ “တပအကျင့်”က ဘဝ၏ အမြိုက်အရသာ အားလုံးကို ငြင်းပယ်သည်။ အလွန်အကျွံခြိုးခြံခြင်း၊ မိမိကိုယ်ကို နှိပ်စက်ခြင်း စသောနည်းများဖြင့် ဘဝမှ ထွက်ပြေးဖို့ ကြိုးစားသည်။ ဤသည်ကိုလည်း ဝိဘဝတဏှာ သဘောဟု ယူဆနိုင်စရာ ရှိပါသည်။ ဆိုခဲ့ပြီးသည့် အတိုင်း ဗုဒ္ဓရွေးချယ်ခဲ့သော လမ်းကြောင်းမှန်မှာ ‘အလယ်လမ်း’ ဖြစ်ပါသည်။ ကာမတဏှာနှင့် ဘဝတဏှာတို့မှာ ကာမနှင့် ဘဝကို ရှေ့တင်သော ‘အချိုလမ်း’ ဖြစ်သည်။ ဝိဘဝတဏှာမှာ ဘဝကို ငြင်းပယ်သော ‘အခါးလမ်း’ ဖြစ်သည်။ ဗုဒ္ဓ၏အလိုအရ ဤလမ်းနှစ်ခုလုံး၏ ဦးတည်ရာမှာ သံသရာကိုရှည်စေသော ဒုက္ခလမ်းသာ ဖြစ်ပါသည်။
                                                     
ဆုံလည်နွား

ပထမ အမှန်မွန် (ဒုက္ခ)သည် အကျိုးဖြစ်၍၊ ဒုတိယ အမှန်မွန် (သမုဒယ)သည် အကြောင်းဖြစ်ပါသည်။ ဤသဘောကို မသိလျှင်လူသည် အဝိဇ္ဇာနယ်ထဲမှ ထွက်နိုင်စရာ မရှိပါ။ သမုဒယကြိုးတန်းလန်းနှင့် တဏှာ၏ ကျေးကျွန်သာ ဖြစ်ပါလိမ့်မည်။ ဤသည်ကိုအောက်ဖော်ပြပါပုံနှင့် သရုပ်ထင်နိုင်ပါလိမ့်မည်။

အဝိဇ္ဇာနယ်မှ မထွက်နိုင်သေးသူ (သာမန် ပုထုဇဉ်) အတွက် ကာမတဏှာသည်လည်းကောင်း၊ ဘဝတဏှာသည်လည်းကောင်း၊ ဝိဘဝတဏှာသည် လည်းကောင်း၊ နှစ်သက် တပ်မက်ဖွယ်ရာ ဖြစ်သည်။ သို့အတွက် စိန်ပွင့်နှင့် သင်္ကေတယူထားသည်။ လူသည်အဆိုပါစိန်ပွင့်ကို ရယူပိုင်ဆိုင်နိုင်ရေးအတွက် မပြတ်အားထုတ်ရသည်ဖြစ်ရာ စိန်ပွင့်နှင့်လူ့အသိဉာဏ်ကြားတွင် သမုဒယကြိုးနှင့်တုပ်နှောင်ထားသလိုဖြစ်နေတော့သည်။ ဤသည်ကို သံကြိုးနှင့်သင်္ကေတယူထားပါသည်။

ဤသဘောကို ဗုဒ္ဓ၏ဟောကြားချက် တစ်ရပ်တွင် ဤသို့ တွေ့ရပါသည်။

“ရဟန်းတို့ ... သမုဒယကြိုးထက် ပို၍ ခိုင်သော ကြိုးဆို၍ ငါမမြင် ... ။ ဤမျှခိုင်သော ကြိုးနှင့် တုပ်နှောင်ခံထားရသော လူမှာ တဏှာ၏ ခိုင်းစေရာအတိုင်း စိုက်စိုက်ပါအောင် လိုက်ပါရင်း၊ သံသရာခရီးတွင် တဝဲလည်လည် ကျင်လည်နေရတော့သည်။ ပမာဆိုလျှင် ဆုံလည်နွားနှယ်သာ ဖြစ်ချေတော့သည်”
(သုတ္တန်ပိဋကမှ)
သစ္စာရှာဖို့ မြင်းစီးသူ(ကျော်ဝင်း)၏စာအုပ် ဆက်လက်ရေးသားဖေဖ်ာပြပါမည် ။

No comments:

Post a Comment