Friday, August 31, 2012
ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ (၁)
ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။
အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။
မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေးသိမ်းသွင်းမှုအရမလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။
စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။
( ဓမ္မ၀ီရဂျာနယ်၊ အတွဲ(၁၃)၊ အမှတ်(၅)၊ ပထမကျော် ဦးစံသင်းလှိုင် ၏ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်၊ ၂၁-၁၀၂၀၀၈။ )
( ဆက်လက်ရေးသား ဖော်ပြပါမည်။ )
Wednesday, August 22, 2012
ကုသိုလ် တွေစစ်ကြမယ်
''ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။ မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ) ပါဠိလို ကုသလ၊ မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။ ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊  စိတ်အစဉ်မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။ မှန်၏။ အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့် အခိုက်အတန့်ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့် အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။ ထို့ကြောင့်ကုသိုလ်သည်......
(၁) မဟာကုသိုလ်
(၂) မဟဂ္ဂုတ်ကုသိုလ်
(၃) မဂ်ကုသိုလ်...ဟုကုသိုလ်သုံးမျိုးရှိကြောင်းသိနိုင်ပါသည်။   လူသားတို့သန္တာန်၌ ဤကုသိုလ် စိတ် တို့ဖြစ်ပေါ်နေလျှင် အခိုက်အတန့်ဖြစ်စေ၊ အချိန် ကြာမြင့် စွာဖြစ်စေ၊ လုံးဝဖြစ်စေ အကုသိုလ်တရား တို့ဖြစ်ပေါ် ခွင့်မရတော့ချေ။ အလားတူပင် ကုသိုလ်ကို ပုည - ကောင်းမှုဟုခေါ်၍၊ အကုသိုလ်ကို ပါပ - မကောင်းမှုဟုလည်း ခေါ်ကြသည်။ ခြုံငုံ၍ပြောရလျှင် ဒုစရိုက် ၁ဝ-ပါးလွန်ကြူးလျှင် မကောင်းမှုပြုသည်၊ အကုသိုလ်လုပ်သည်။ သုစရိုက် ၁ဝ - ပါးကိုလိုက်နာ ပြုကျင့်လျှင် ကောင်းမှုပြုသည်၊ ကုသိုလ်ပြုသည်ဟု ခေါ်ရလေသည်။ အထက်ပါ ကုသိုလ် ၃ မျိုးတွင် မဟဂ္ဂုတ်ကုသိုလ်နှင့် မဂ်ကုသိုလ် တို့ကား ဈာန်ရ မဂ်ရ ပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုင်၏။ ဤ၌ကား လူများစုနှင့် သက်ဆိုင်သော မဟာကုသိုလ်ကိုသာ ဆွေးနွေးတင်ပြပါမည်။ ကုသိုလ်ကောင်းမှုပြုရာ၌ ဝမ်းမြောက်ဝမ်းသာပြုလျှင် သောမနဿကုသိုလ် ဖြစ်၏၊ ဝမ်းမြောက် ဝမ်းသာ မဟုတ်ပဲ မှန်တန်းအနေနှင့်ပြုလျှင် ဥက္ခောကုသိုလ်ဖြစ် ၏။ ကံ ကံ၏အကျိုးကို သိရှိယုံကြည်ပြီး ပြုလျှင် ဥာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍  ကံ ကံ၏အကျိုးကို မသိပဲပြုလျှင် ဥာဏဝိပ္ပယုတ်ကုသိုလ်ဖြစ်သည်။ သူများ တိုက်တွန်းမှု မပါလျှင် အသင်္ခါရိက ကုသိုလ်ခေါ်သည်။ တိုက်တွန်းမှုပါလျှင် သသင်္ခါရိက ကုသိုလ် ခေါ်ဆိုရလေသည်။ အနှီကုသိုလ်တို့ကို တွဲစပ်လိုက်သောအခါ အောက်ပါအတိုင်းဖြစ်သည်။
(၁) ဝမ်းသာ ဥာဏ်ယှဉ် မတိုက်တွန်းပဲပြုသော ကုသိုလ်၊
(၂) ဝမ်းသာ ဥာဏ်ယှဉ် တိုက်တွန်း၍ပြုသော ကုသိုလ်၊
(၃) ဝမ်းသာ ဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသော ကုသိုလ်၊
(၄) ဝမ်းသာ ဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်၊
(၅) မှန်တန်း ဥာဏ်ယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၆) မှန်တန်းဥာဏ်ယှဉ် တိုက်တွန်း၍ပြုသောကုသိုလ်၊
(၇) မှန်တန်းဥာဏ်မယှဉ် မတိုက်တွန်းပဲ ပြုသောကုသိုလ်၊
(၈) မှန်တန်းဥာဏ်မယှဉ် တိုက်တွန်း၍ ပြုသောကုသိုလ်ဟု ကုသိုလ်  ၈-မျိုး ဖြာထွက်လာသည်။ ဤကုသိုလ် ဂ-မျိုးကိုပင် စိတ်နှင့်တွဲလိုက်သောအခါ မဟာကုသိုလ်စိတ် ၈-ပါး ဟုဖြစ်လာလေသည်။ ပုံစံအားဖြင့် ပြရလျှင် ခင်ဝင်းကြည် မဟာမြတ်မုနိဘုရားကြီးအား ဆွမ်း ရေ ချမ်း ဆီမီးပန်းတို့ကို ဝမ်းမြောက် ဝမ်းသာ ကပ်လှူ၏။ ကောင်းသောအမှုကို ပြုလျှင် ကောင်းသော အကျိုးကို ရမည်ဟုသိလျှက် မြတ်ဗုဒ္ဓ၏ ဂုဏ်တော်တို့ကို ရည်စူး၍ပူဇော်၏။ ဤသို့ဆွမ်းရေချမ်း ဆီမီးပန်းတို့ကို ဘုရားကပ်လှူရန် မည်သူကမျှလည်း မတိုက်တွန်းရပေ။ ဤသို့ဆိုလျှင် ခင်ဝင်းကြည်လေး၏ သန္တာန်၌ ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ''ဝမ်းသာဥာဏ်ယှဉ် ၊ မတိုက်တွန်းရပဲပြုသော ကုသိုလ်စိတ်''ဟုခေါ်ဆိုရပေမည်။ မိဘတို့က ခိုင်းစေ၍ လုပ်ရသည် ဆိုလျှင်ကား တိုက်တွန်း၍ပြုသော ကုသိုလ်စိတ်သာဖြစ်ရပေမည်။ အခြားကုသိုလ်စိတ် ဖြစ်နိုင်ပုံကိုလည်း ဤအတိုင်းပင်မှန်းဆ၍ သိနိုင်လောက်ပါပြီ။ လူသားတို့၏သန္တာန်၌ ကုသိုလ်စိတ်ဖြစ်သမျှ ဤ ၈-မျိုးသာဖြစ်ကြောင်း မြတ်ဗုဒ္ဓ၏ အဘိဓမ္မာ၌ တိကျပိုင်းခြား၍ ထားခဲ့လေသည်။
ကုသိုလ်ကောင်းမှုပြုခြင်း (ပုညာယူဟန)သည်လည်း ၆-မျိုးရှိပြန်သည်။
(၁) မိမိသဘောအတိုင်း ကောင်းမှုပြုခြင်း၊
(၂) သူတပါးကို အားကျ၍ ကောင်းမှုပြုခြင်း၊
(၃) ကိုယ်ထိလက်ရောက် သာဟတ္ထိကမြောက် ပြုခြင်း၊
(၄) ခိုင်းစေ၍ လက်လွှဲပြုခြင်း၊
(၅) ကံကံ၏အကျိုးကိုသိ၍ပြုခြင်း၊
(၆) ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်း- ဟု ၆-မျိုးရှိသည်။  (အဋ္ဌသာလိနီ-၂ဝ၅)
ဖော်ပြပါ ကုသိုလ်ကောင်းမှုပြုခြင်း ၆- မျိုးတွင် ဘယ်နည်းနှင့်ပြုပြု  အထက်ပါကုသိုလ် ၆ မျိုး၌ အကျုံးဝင် သည်သာဖြစ်လေသည်။ ကံ ကံ၏အကျိုး ကိုသိ၍ ပြုခြင်းသည် ဥာဏ်ယှဉ်ကုသိုလ် ၄-မျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကံ ကံ၏အကျိုးကိုမသိဘဲပြုခြင်းကား ဥာဏ်မယှဉ်ကုသိုလ်လေးမျိုးတွင် တမျိုးမျိုးဖြင့်ပြုသည်မည်၏။ ကျန်ကုသိုလ်ပြုနည်းတို့ကား မဟာကုသိုလ် ၈ မျိုးတွင် တမျိုးမျိုးဖြင့်ပြုခြင်း ဟုမှတ်ရပေမည်၊ ကုသိုလ် ၈-မျိုးကိုအဆင့် အတန်းခွဲလိုပါလျှင် ဥာဏ်ယှဉ်ပြုသော ကုသိုလ်လေးမျိုးသည် ဥာဏ်မယှဉ်မပါသော ကုသိုလ်လေးမျိုးထက် သာလွန်သည်။ ထိုဥာဏ်ယှဉ် ကုသိုလ်လေးမျိုးတွင်လည်း ဝမ်းမြောက် ဝမ်းသာပြုခြင်း၊ ဥာဏ်ယှဉ်၍ပြုခြင်း၊ သူတပါးတို့ မတိုက်တွန်းရဘဲ ပြုခြင်းဟုဆိုအပ်သော ပထမတန်းစား မဟာကုသိုလ်သာ အထူးချွန်ဆုံး အထက်မြက်ဆုံးဖြစ်ပေသည်။
     ထိုကုသိုလ်ရှစ်မျိုးကိုပင် တိဟိတ်ကုသိုလ် ဒွိဟိတ်ကုသိုလ်ဟု ၂-မျိုးခွဲနိုင်သည်။ ကုသိုလ်ပြုရာ၌ ကံကံ၏ အကျိုးကို ယုံကြည်သော ကမ္မဿကတာ ဥာဏ်သည် အရေးကြီး၏။ ရုပ်နာမ်တရားတို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုတတ်သော ဝိပဿနာ ဥာဏ်ဖြစ်လျှင်   သာ၍ထက်မြက်၏။ ထို့ကြောင့် ကုသိုလ်ပြုစဉ် အခါဝယ် ကမ္မဿကတ ဥာဏ်ဖြစ်စေ၊ ဝိပဿနာဥာဏ်ဖြစ်စေ ဥာဏ် တစ်ခုခုပါလျှင် တိဟိတ်ကုသိုလ် ဖြစ်သည်။ ထိုကဲ့သို့နားလည်သော ဥာဏ်မပါလျှင် (ကလေးငယ်လူရိုင်းတို့ကဲ့သို့ တော်စွာ လျော်စွာ အမှတ် တမဲ့ပြုလျှင်) ဒွိဟိတ်ကုသိုလ်ဖြစ်သည်။
+ ကုသိုလ်ပြုစဉ်၊ ကံကျိုးမြင်သိ၊ ဥာဏ်ယှဉ်ဘိ တိဟိတ်ကုသိုလ်ခေါ်။
+ ကံကျိုးမသိ၊ ဥာဏ်မရှိ၊ ဒွိဟိတ်ကုသိုလ်ခေါ်။
ထိုတိဟိတ် ဒွိဟိတ် ကုသိုလ်နှစ်မျိုးကိုပင် ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ်သောကုသိုလ်) သြမကကုသိုလ် (အညံစားကုသိုလ်)ဟု ထပ်ဆင့်၍ ခွဲနိုင်ပြန်သည်။ မှန်၏- ကုသိုလ်ကောင်းမှု ပြုရာ၌ ပုဗ္ဗစေတနာနှင့် အပရစေတနာများလည်း များသောအားဖြင့် ပါရှိရလေသည်။ တစ်ချို့မှာ မလှူခင် ပုဗ္ဗစေတနာ အခိုက်၌ အလွန်ထက်သန်၏။ ကုသိုလ်နှင့်စပ်သော ဇောတွေ များစွာဖြစ် လျှက်ရှိ၏။ ကုသိုလ်ပြုပြီး၊ အထမြောက်ပြီး အပရစေတနာ အခိုက်မှာလည်း လွန်စွာ အားရ၏။ ပြုရပေပြီဟု ဝမ်းမြောက်လျှက်ရှိ၏၊ ထိုကုသိုလ်မျိုးသည် ရှေ့ရောနောက်ပါ ကုသိုလ်ဇောတွေ ခြံရံလျှက်ပါသောကြောင့် လွန်စွာအားရှိ၏။ ဥက္ကဋ္ဌကုသိုလ် (မြင့်မြတ် သော ကုသိုလ်) ဟုခေါ်ရ၏။
     အချို့မှာမှု ပုဗ္ဗစေတနာအခိုက်၌ ဝမ်းမြောက်ဝမ်းသာမရှိ နှမြောတွန့်တိုခြင်း၊ တစ်စုံတစ်ရာအတွက် မကျေမနပ်ခြင်း၊ မိမိဂုဏ်သတင်းကြီး လိုခြင်းစသော အကုသိုလ် တွေရှေ့သွားလျှက်ရှိ၏။ ကုသိုလ်ပြုပြီး နောက် အပရစေတနာအခိုက်မှာလည်း ပြုမိ တားမိလေခြင်းစသည်ဖြင့် နှလုံးမသာ မယာဖြစ်ရ၏။ ထို ကုသိုလ်မျိုးမှာ ရှေ့ရောနောက်ပါ အကုသိုလ်ခြံရံလျှက်ပါသောကြောင့် များစွာသောအာနိသင် မရှိ လှချေ။ သြမကကုသိုလ် (အညံစားကုသိုလ်) ဖြစ်ရလေသည်။
+ ရှေ့နောက်နှစ်ရပ်၊ ကုသိုလ်ညှပ်၊ ဥက္ကဌ်ဆင့်၍ခေါ်။
+ ရှေ့နောက်နှစ်တန်၊ အကုခြံ၊ တဖန်သြမကခေါ်။
ဤမျှဖြင့် ကုသိုလ်အကြောင်းနားလည်လောက်ပြီဖြစ်ပါသည်။ အလုပ်တစ်ခုခုလုပ်ရာတွင် ဦးတည် ချက် ရည်မှန်းချက်ထားရသကဲ့သို့ ကုသိုလ်ပြုရာ တွင်လည်း ဦးတည်ချက် ရည်ရွယ်ချက် (ပတ္ထနာ) ထားရပေ သည်။ ဤနိုင်ငံသားတို့သည် ကုသိုလ် ကောင်းမှုပြုရာ၌ တုံ့ဆိုင်းခြင်းမရှိပေ။ စွန်ကြဲပေးကမ်း လှူဒါန်းရာ၌ လည်း စေတနာရက်ရောလှပေသည်။ ဤကုသိုလ်စေတနာတွေကြောင့် ဆန်ရေစပါးပေါများ၍၊ သယံဇာတများ ကြွယ်ဝ လျက်ရှိနေခြင်းဖြစ်သည်ဟုဆိုရပေမည်။ နိုင်ငံသားတို့၌ အဖိုးထိုက်စွာ အမြစ်တွယ် လျှက်ရှိနေသော ယင်းကုသိုလ် စေတနာလေးများ ချို့ယွင်း ပျက်သွားမည်ကို စာရေးသူ အလွန်စိုးရိမ်မိ သည်။ ယင်းသို့ကုသိုလ် ကောင်းမှုပြုရာတွင်  စေတနာမှန်သော်လည်း လုပ်နည်းလုပ်ဟန်လွှဲနေလျှင် အကျိုးရ နည်းပါးနိုင်ပါသည်။ ထို့ကြောင့် မည်သည့်ကောင်းမှု ပင်ပြုပြု လောကီချမ်းသာ လောကီ ပကာသနတွေကို မမျှော်ဘဲ မဂ်ဖိုလ်နိဗ္ဗာန် လောကုတ္တရာချမ်းသာတို့ကို ရည်မှန်း၍ ပြုသင့်လှပေသည်။
     ဝေလာမပုဏ္ဏားကဲ့သို့ ထမင်းရည်ချောင်းစီးအောင်လှူသည်ပင်ဖြစ်စေ၊  လောကီင်္ချမ်းသာ၊ လောကီပကာသန တို့ကိုမျှော်၍ပြုလျှင်၊ မစ္ဆာပဋိပဒါ- အသိလွဲအမြင်လွဲ၊ လုပ်နည်းလုပ်ဟန် လွဲမှားခြင်း သာဖြစ်၏။ တစ်ယောက်ချိုမျှ လောက်သော ယာဂုကိုလှူသည်ဖြစ်စေ၊ နိဗ္ဗာန်ချမ်းသာကိုရည်မှန်း၍ လှူဒါန်းလျှင် သမ္မာပဋိပဒါ - အသိမှန် အမြင်မှန်၊ လုပ်နည်း လုပ်ဟန်မှန်ကန်ခြင်းဖြစ်၏။ (သံယုတ် နိဒါနဝဂ္ဂကထာ-ပဋိပဒါသုတ် ၁၈-ရှု့)။ ထိုပြင်ကုသိုလ်ကောင်းမှု ပြုရာ၌ ''ဣဒံမေ ဒါနံ အာသဝက္ခယံ ဝဟံ ဟောတု၊ ငါ၏ ဤဒါနကောင်းမှုသည် အာသဝေါတရား ၄ ပါးတို့၏ ကုန်ရာနိဗ္ဗာန်ကို ပို့ဆောင်နိုင်ပါစေဟု နှုတ်ဖြင့်ရွတ်ဆို၍ (ရည်မှန်း၍) ပြုလျှင် ဗောဓိဆု ၃ မျိုးကိုပင် အလိုလို ပြီးနိုင်ပါသည်။ ဗောဓိဆု ၃ မျိုးမှာ.....        
(၁) သာဝကဗောဓိဆု- သာဝကအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
(၂) ပစ္စေကဗောဓိဆု- ဘုရားငယ်တစ်ဆူအဖြစ်နှင့်အဖြစ်နှင့်သစ္စာလေးပါးကိုသိမြင်ခြင်း။
(၃) သမ္မာ သမ္ဗောဓိဆု- ဗုဒ္ဓအဖြစ်နှင့်သစ္စာလေးပါးကို သိမြင်ခြင်း။
မိမိတို့၏ ပါရမီအလျှောက် ဤဗောဓိဆုကြီးများ ပြီးမြောက်နိုင်ကြသည်ဟူလို။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုရာတွင် ကမ္မဿကတာဥာဏ်၊ ဝိပဿနာဥာဏ်နှင့် ယှဉ်သော ဥာဏသမ္ပယုတ် ကုသိုလ်ဖြင့်၎င်း၊ လောဘ ဒေါသစသော အကုသိုလ်တို့ မခြံရံ အထက်တန်းစား တိဟိတ်ကုသိုလ်ဖြင့်၎င်း၊ နိဗ္ဗာန်ကို ရည်မှန်း၍ ကြိုးပန်းအား ထုတ်နိုင်ကြပါစေသတည်း။
ဓမ္မဗျူဟာ (အတွဲ ၉၊ အမှတ်၁၂)
Thursday, August 9, 2012
ဘုရားပွင့်ဖို့ရန် "ကိုယ့်အသေ ကိုယ်ကြည့်"
“သူများ အသေ အသုဘကို မြင်ဘူးတွေ့ဖူးကြမည် ကိုယ့်အသေ အသုဘကို မြင်အောင်ကြည့်လော ရှု့လော့”
“ဝိပဿနာ အားထုတ်တာ တရားကျင့်နေတာမဟုတ်ဘူး။ ကိုယ့်အသေကိုယ် မြင်အောင်ကြည့်နေတာ”
“မိမိရဲ့ ပဋိစ္စသမုပ္ပါဒ်ကို ကိုယ်တိုင်ဖြတ်နိုင်မှ ဝေဒနာ နိယောဓာ တဏှာနိယောဓော တဏှာသေမည် တဏှာနိယောဓော နိဗ္ဗာန် ချမ်းသာရမည်”
သုံးပါး ဝေဒနာ အလှည့်ကျဖြင့် ငါတို့အသက်ရှင်နေစဉ်မှာ.
သုခဝေဒနာ ဖြစ်ပျက်မမြင် လောဘမသေ
ဒုက္ခဝေဒနာ ဖြစ်ပျက်မမြင် ဒေါသမသေ
ဥပေက္ခာဝေဒနာ ဖြစ်ပျက်မမြင် မောဟမသေ
ဆက်ပေအုံးမယ် တဏှာဆီ..
    ဓမ္မမိတ်ဆွေတို့..
    သူတော်ကောင်းတို့၏ စကားသည် ဓမ္မမည်၍ ဓမ္မ၏ ပိုင်ရှင်သည် မြတ်စွာဘုရားရှင်ဖြစ်ပေ၏ ထို့ကြောင့် သူတော်ကောင်းစကားသည် ဘုရား၏စကား အဆုံးအမသာဖြစ်ပေသည်။ ထို့ကြောင့် ဘုရား၏ အဆုံးအမကို မိမိ၏ သန္တာန်ဝမ်းတွင်းသို့ ရောင်အောင်သွင်းနိုင်ခြင်းသည် မိမိ၏ ဝမ်းအတွင်း ဘုရားပွင့်ခြင်း၏ အကြောင်းမည်၏။ လောကတွင် ဘုရားပွင့်ခြင်းထက် မိမိ၏ဝမ်းတွင်း ဘုရားပွင့်မှသာလျင် နိဗ္ဗာန်ချမ်းသာကို ရောက်တော့မည်ဖြစ်၏။ ထို့ကြောင့် မိမိဝမ်းတွင်း ဘုရားပွင့်ဖို့ရန် ဘုရား၏အဆုံးအမ များကို ရှေ့သွားဖြစ်ဖို့ရန်လိုသည်။ မိမိ ဝမ်းတွင်း ဘုရားပွင့်ရန် နည်းလမ်းမှာ ဝိပဿနာမှတစ်ပါး အခြားမရှိပေ။ လောကတွင် ခန္ဓာရရှိထားသော သတ္တဝါမှန်သမျှသည် သုံးပါးဝေဒနာ အလှည့်ကျဖြင့် အသက်ရှင်နေကြခြင်းသာ ဖြစ်သည်။ ၁) သုခဝေဒနာ ၂) ဒုက္ခဝေဒနာ ၃) ဥပေက္ခာဝေဒနာ သုခဝေဒနာကို ဖြစ်ပျက်မမြင် သမျှ လောဘမသေ ဒုက္ခဝေဒနာကို ဖြစ်ပျက်မမြင်သမျှ ဒေါသမသေ ဥပေက္ခာဝေဒနာကို ဖြစ်ပျက်မမြင်သမျှ မောဟမသေ ဟု ရှေးရှေးဘုရား များလည်းမဟောကြားခဲ့ ဂေါတမမြတ်စွာဘုရား ရှင်လည်း မဟောကြားခဲ့ပေ။ ထိုဝေဒနာ သုံးပါး မသေ သရွေ့ နိဗ္ဗာန်သည် လည်းမရနိုင်။
    ဓမ္မမိတ်ဆွေတို့ !! လောကမှာ ကျွန်တော်တို့တွေသည် ဤဝေဒနာ သုံးပါးဖြင့်သာ အသက်ရှင်နေသည် ဆိုသည်မှာ ဉာဏ်နှင့်ကြည့်လျင် ကွက်ကွက် ကွင်းကွင်း မြင်နိုင်ပေသည်။ ကျန်းမာ ပျော်ရွှင် နေခိုက်တွင်မှာ အသက်ရှင်သည် သုခဖြင့်၊ မနာမကျန်း ဖြစ်နေစဉ်တွင် အသက်ရှင်သည် ဒုက္ခဖြင့်၊ ကျန်းမာ သယောင် မကျန်းမာသယောင် ရွှေတလှည့် ငွေတလှည့် ဖြစ်နေခိုက်မှာ အသက်ရှင်သည် ဥပေက္ခာဖြင့်၊ စားသောက်တိုင်း နေထိုင်တိုင်း သားရေး သမီးရေး စီးပွားရေး လုပ်နေတိုင်း ဤဝေဒနာသုံးပါး အား အခွန်ဆပ်နေရခြင်း ဖြစ်သည်။ ကောင်းကောင်း နေရသော အခါဝယ် သုခဝေဒနာကို အခွန်ဆပ်နေရပြီ။ ဆင်းရဲ ဒုက္ခကြုံတွေ့ရသောခါဝယ် ဒုက္ခဝေဒနာအား အခွန်ဆပ်ရပြီ။ ချမ်းသာသာ ဆင်းရဲရဲ ဖြစ်သလိုနေသော အခါဥပေက္ခာဝေဒနာအား အခွန်ဆပ်နေရပြီ။ တစ်ပါးဝေဒနာ ရှု့၍သည်ပင် နိဗ္ဗာန် မရနိုင်ပေ။ သုံးပါးဝေဒနာ ပေါ်လာကို ဖြစ်ပျက်ရှု့ သတ်မှသာလျင် ဝေဒနာ နိယောဓာ တဏှာနိယောဓော တဏှာသေခြင်းမည်၏။ တဏှာနိယောဓော နိဗ္ဗာန်ဖြစ်တော့ပေမည်။ ဝိပဿနာ ရှေ့သွားတင်၍ ဉာဏ်ဖြင့် လိုက်မှသာလျင် မဂ်ဉာဏ်ကို ရရှိပေမည် ဖြစ်ကြောင်း မိုးကုတ်ဆရာတော် ဘုရားကြီးမှ ကွက်ကွက် ကွင်းကွင်း မြင်အောင်ဟောကြားထားပေသည် ဓမ္မမိတ်ဆွေတို့ ။ ထို့အတူပင် ကနဦးတွင် ရေးသားခဲ့ပြီးဖြစ်သော သူတော်ကောင်းစကားသည် ဘုရားအဆုံးအမ မည်၏ ဘုရားအဆုံးအမကို ရှေ့သွား မိမိဝမ်းတွင်းရောင်အောင် သွင်းမှသာလျင် ဘုရားပွင့်မည်ဖြစ်၏။ သူတော်ကောင်းစကား ကိုနာကြားယုံနှင့် မိမိ ဝမ်းတွင်း ဘုရားအဆုံးအမ မရောက်သေးပေ။ အဘယ်ကြောင့်နည်း မိမိသည် အသက်မွေးဝမ်းကြောင်း ပညာကို မသင်ကြားဘဲ အသက်မွေးဝမ်းကြောင်း လုပ်ဖို့ရန် လမ်းစမပေါ်သကဲ့သို့ ပညာသင်ကြားပြီး လက်တွေ့ လုပ်ငန်းခွင်တွင် အသုံးချမှသာလျင် အသက်မွေးဝမ်းကြောင်း ဖြစ်ခြင်းမည်၏။ ထို့ကြောင့် သူတော်ကောင်း စကားနာကြားခြင်းသည် ဉာဏ်မျက်လုံး ပညာကိုရယူခြင်းမည်၏။ ထိုဉာဏ်မျက်လုံးဖြင့် မိမိတို့၏ ဝေဒနာကို အမြဲမပျက်ဖြစ်ပျက် ရှု့မှသာလျင် ဝိပဿနာ လုပ်ဆောင်နေခြင်းမည်၏။ လောကတွင် လူတိုင်းသည် ရသလောက်နှင့် မရောင့်ရဲနိုင် လိုချင်ဖြစ်ချင်နေတာ တွေချီဖြစ်၏ ထို့ကြောင့် ဝေဒနာသတိပဋ္ဌာန်ကို အသားပေးတင်ဆက် ရေးသားလိုက်ခြင်းဖြစ်သည်။
    ထို့သို့ အမြဲမပြတ်ရှု့ပွားနိုင်မှသာလျင် ဝေဒနာ၏ ဖြစ်ပျက်ကို မြင် တနည်းဆိုသော် ကိုယ့်အသေကို ကိုယ်မြင်ခြင်း မည်၏ ဝေဒနာ၏ ဖြစ်ပျက်ကို မုန်း ဆိုသော ကိုယ့်အသေကို ကိုယ်မုန်းတီးရွံ့ရှာလာမည်။ ထိုအခါတွင် မိမိ၏ ဝမ်းတွင်း ဘုရားအဆုံးအမ ရောက်ခြင်းမည်၏။ ကိုယ့်အသေကိုကိုယ် မုန်းတီးလာပြီး ဖြစ်ပျက် ဆုံးသော ဤခန္ဓာ မလိုချင်မှု့ ဆိုသည့် မဂ်ဉာဏ် ဖြစ်လာမှသာလျင် မိမိ၏ ဝမ်းတွင်း ဘုရားပွင့်ခြင်းမည်ပြီ။ ထိုအခါ ဒုက္ခချုပ်ငြိမ်း မြတ်နိဗ္ဗာန်ကို ပိုင်ဆိုင်ရောက်ရှိပြီး ခန္ဓာတို့၏ သွားရာ အပါယ်၊ ဝေဒနာတို့၏ အခွန်ဆပ်သခြင်းမှ လွတ်ငြိမ်းချမ်းသာ အေးမြရွှေပြည် မြတ်နိဗ္ဗာန်သို့ ရရှိပြီဟု မိုးကုတ်ဆရာတော် ဘုရားကြီး မှ အရိယာ မျက်လုံးတပ်ဆင်ပေး လိုက်ပြီဖြစ်ပါတယ်။ ထို့ကြောင့် ဆရာတော်ကြီး၏ တရားတော်မှ မိမိဉာဏ်မှီသလောက် ရေးသားမျှဝေပြီး ကျွန်တော်နှင့်တကွ အားလုံးသော ဝေနေယျ သတ္တဝါ အပေါင်းတို့ ဝိပဿနာ အားထုတ်ခြင်းဖြင့် ကိုယ့်အသေကိုယ် မြင်၊ ကိုယ့်အသေကိုယ်မုန်း၊ ကိုယ့်အသေ ကိုယ်မလို ချင်တဲ့ သူများအဖြစ် မိမိတို့၏ ဝမ်းတွင်းမှာ ဘုရားပွင့်၍ ကိုယ့်ကိစ္စ ကိုယ်အဆုံးသတ်နိုင် ပြီး မြတ်နိဗ္ဗာန်သို့ သွားရောက်နိုင်အောင် ကျင့်ကြံအားထုတ် နိုင်ကြပါစေလို့.......ဆန္ဒပြုလျက်...
        မေတ္တာဖြင့်..
                           ဓမ္မစေတမန်၏ စာပေကို ပြန်လည်မျှဝေပါသည် ။
Wednesday, August 8, 2012
လေးနက်လှသော သြ၀ါဒတော်
တစ်နေ့သ၌ စာရေးသူသည် နောင်တော်ကြီး ဓုတင်ဆရာတော်ထံ သွားရောက်ဖူးမြင်ခဲ့ရာ မေတ္တာဂရုဏာတရား ကြီးမားလှသော နောင်တော်မထေရ်မြတ်မှ လွန်စွာမှတ်သားဖွယ်ကောင်း၍ လေးနက်လှသော သြ၀ါဒတော်ကို ဤသို့ မိန့်ကြားတော်မူခဲ့ပါသည် ။
         "အလိမ္မာကြီး -သန္တကာယော , သန္တ၀ါစော ,  သန္တမနော - တဲ့ " ကိုယ်ကိုအေးအောင်ထား ၊ နှုတ်ကိုအေးအောင်ထား ၊ စိတ်ကိုအေးအောင်ထား ။ အလုပ်မလောနဲ့ ၊ အပြောမလောနဲ့ ၊ စိတ်မမြန်နဲ့ ၊ ကိုယ်နှုတ်စိတ် သိမ်မွေ့ပါစေ ။ မျက်စိနဲ့စူးစမ်း ၊ နားနဲ့စနည်းနာ ၊ စိတ်နဲ့ဆင်ခြင်ပြီး အရာရာကို သတိရှိပါ ။ ဘာလုပ်လုပ် သုံးသပ်ချက်မှန်မှ ဆုံးဖြတ်ချက်မှန်မယ် ။ ဒါကြောင့် ဆင်ခြင်တုံတရား ရှိပါ ။ စကားပြောလောမကြီးနဲ့ ၊ ငါ့စကားနွားရမလုပ်လေနဲ့ ၊ ဒဏ်သင့်တတ်တယ် ။ စကားပြောမယ်ဆိုရင် ပြောထုံး ၊ လုပ်ထုံး ဆယ်လုံးနှစ်လုံးစီသုံးပါ ။ မြဲမြဲမှတ်သားထား ။ ဖန် ၊ မြေ ၊ ကြွေ ၊ ကော် ၊ ကျောက် ၊ ဘုန်းမတောက် ၊ သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ၊ ဘုန်းမကြီးတဲ့
           ဖန်   - ဆိုတာက ဖန်တီးလုပ်ကြံပြီး ပြောတဲ့စကားမျိုး ၊
         မြေ   - ဆိုတာက မြေခံရလောက်အောင် ကျိန်တွယ်ပြောတဲ့ စကားမျိုး ၊
         ကြွေ  - ဆိုတာက အထိမခံ ကြွေပန်းကန်ဆိုသလို ဆက်ဆက်ထိမခံ နှုတ်ခမ်းတလန် ပန်းတလန်စကားမျိုး ၊
         ကော်  - ဆိုတာက ကော်ကပ်ပြီး ငါ့စကားနွားရပြောတဲ့စကားမျိုး ၊
         ကျောက်   - ဆိုတာက ကြောက်ကန်ကန်ပြီး နှုတ်လှန်ထိုးပြောစကားမျိုးတွေကို မပြောမိစေနဲ့ ။ ဘယ်တော့မှ ဘုန်းမကြီး ကံမကောင်းဘူး ။
         နောက် သံ ၊ သွပ် ၊ ဒါန် ၊ ခဲ ၊ ကြီး ဆိုတာက -
         သံ   - ဆိုတာ တစ်ယူသန် ၊ တဇောက်ကန်း ၊ ကပ်တီးကပ်ဖဲ့ပြောတာမျိုး ၊
         သွပ်   - ဆိုတာက ပေါ့သွပ်သွပ် ရူးနှမ်းနှမ်း ပေါက်ပန်းလေးဆယ်ပြောတဲ့စကားမျိုး ၊
         ဒါန်   - ဆိုတာက မောက်မောက်မာမာ ခက်ခက်ထန်ထန် ရိုင်းရိုင်းပျပျနဲ့ ဒဏ်သင့်လောက်တဲ့စကားမျိုး ၊
         ခဲ   - ဆိုတာက စောင်မဲနရွဲ အံခဲပြီး မထီမဲ့မြင်ပြောတဲ့စကားမျိုး ၊
         ကြီး   - ဆိုတာက ဘ၀င်မြင့် မာန်မာနထောင်လွှားပြီး လေကြီးမိုးကြီးပြောတဲ့စကားမျိုးတွေကို ရှောင်ကြရမယ် ။
         မှတ်သား လိုက်နာ ဆောင်ထားရမှာက ဘော်သာခွာ ငွေဆင်ဖြူစင် အဖိုးမှန် သိင်္ဂီနိက်ရွှေစင်သန့်စင် အဖိုးတန်သတဲ့ ။ အပြစ်အနာအဆာ အညစ်အကြေးကင်းတဲ့ ဘော်သာခွာ ငွေစင်ဟာ အဖိုးမှန် တန်ဖိုးရှိသလို သန့်စင်တဲ့ သိင်္ဂီနိက်ရွှေစင်ဟာလည်း အဖိုးထိုက်တန်တယ် ။ ဒါကြောင့် ကောင်းမြတ်မှန်ကန်တဲ့စကားမျိုး ၊ သန့်စင် ဟုတ်မှန် အကျိုးဖြစ်စေတဲ့စကားမျိုးပြော ။ စကားပြောတဲ့အခါ ချိုချိုသာသာပြော ၊ လေးလေးနက်နက်ပြော ၊ မှန်မှန်ကန်ကန်ပြော ။ ဒါမှ အဖိုးတန်မယ် အလိမ္မာကြီးရေ ။
         ပြီးတော့ စကားကြောမရှည်နဲ့ ၊ စကားနိုင်မလုနဲ့ ၊ အငြင်းမသန်နဲ့ ။ အငြင်းပွားလွန်းရင် အမှန်တရားကွယ်တတ်တယ် ။ လူချင်းအလဲမခံရစေနဲ့ ၊ ဘ၀ချင်းအလဲမခံရစေနဲ့ ၊ ဒုက္ခချင်းအလဲမခံရစေနဲ့ ။ မာနက လူချင်းလဲတယ် ၊ တဏှာက ဘ၀ချင်းလဲတယ် ၊ ဒိဋ္ဌိက ဒုက္ခချင်းလဲတယ် ၊ ကြပ်ကြပ်သတိထား ။ ဒီတော့ သိ , ရဲ , ပြေ တည်ထောင်ကြရမယ် ။
         သိ   - ဆိုတာ အကြောင်းအကျိုး ၊ အကောင်း အဆိုးကို နှိုင်းချိန်သိရှိရမယ် ။
         ရဲ   - ဆိုတာက မှန်ကန်အကျိုးရှိတဲ့စကားမျိုးကို ရဲရဲဝံ့ဝံ့ ပြောဆိုရမယ် ။
         ပြေ   - ဆိုတာက ပြေပြေပြစ်ပြစ် ချိုချိုသာသာ သူတစ်ပါး နားဝင်အောင် ပြောဆိုရမယ် ။
         ပြီးတော့ ဘုရားရှင်အလိုတော်ကျ ယထ၀ါဒီတထကာရီ ပြောတဲ့အတိုင်းလုပ် ၊ လုပ်တဲ့အတိုင်းပြော ၊ မကြွားနဲ့ ။ ဌာနာဌာနကောသလ္လ္ကဉာဏ်ရှိရမယ် ။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ပြောတတ် နေတတ်ရမယ် ။ ထေ့ , ငေါက် , ထောက် , ကပ် ပြီးမပြောရဘူး ။ အငြင်းအခုန်များရင် အမှန်တရားနဲ့ကွာပြီး ချော်သွားတက်တယ် ။ အမှားကြာရင်လည်း အမှန်ထင်သွားတတ်တယ် ။- လောက၀စနံ သစ္စံ နသစ္စံ -တဲ့ ။ လောကစကားဟာ မှန်တာလည်းရှိတယ် ၊ မှားတာလည်းရှိတယ် ။ ဆင်ခြင်သုံးသပ်ပြီးမှပြော ။ အကျိုးမရှိတဲ့ စကားကို ပြောတာထက် ဆိတ်ဆိတ်နေတာကောင်းတယ် ။ လုပြောတာ ၊ လောကြီးပြောတာ ၊အစွန်းမလွတ်မျိုး မပြောရဘူး ။ ဒိပြင်  -
         လောကညူ   - လောကအကြောင်းသိရမယ် ။
         ခေတ္တညူ   - ခေတ်ကာလအကြောင်းသိရမယ် ။
         ဒေသညူ   - နေရာဒေသအကြောင်းသိရမယ် ။
         ကာလညူ   - အချိန်အခါကိုသိရမယ် ။
         ဌာနညူ   - နေရာဌာနအကြောင်းသိရမယ် ။
         ဓမ္မညူ   - တရားနည်းလမ်းကျသိရမယ် ။
         ပုဂ္ဂလညူ   - ပုဂ္ဂိုလ်အကြောင်းသိရမယ် ။
         ဒါကို ထပ်မှတ်လိုက်ဦး ။ ဇမ္ဗူဒိပ်ကျွန်းမှာ ပြောဆိုကြတဲ့စကား ( ၆ ) ခွန်းမှာ အမာဝသိ လကွယ်သလို အမှောင်ဖုံးတဲ့ စကားမျိုးကို မပြောမိစေဘဲ ပုဏ္ဏမစန္ဒရ လပြည့်သဖွယ် ပြည့်ဖြိုးတင့်တယ်တဲ့ စကားမျိုး ပြောဆိုရမယ် ။ မဟုတ်မမှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ မဟုတ် မမှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန် အကျိုးမရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး အဲဒီလေးမျိုးကို ရှောင်ကြဉ်ပြီး  - ဟုတ်မှန်အကျိုးရှိ ၊ သူမနှစ်သက်တဲ့ စကားမျိုး ။ ဟုတ်မှန်အကျိုးရှိ ၊ သူနှစ်သက်တဲ့ စကားမျိုး ။ ဒီ ( ၂ ) မျိုးကိုပြောရမယ် ။
         ပြီးတော့ တစ်ဦးနဲ့တစ်ဦး မသင့်မြတ်တဲ့အကြောင်းကို မပြောနဲ့ ။ ကိုယ်ပါအကုသိုလ် ကူးစက်တတ်တယ် ။ သူတစ်ပါး ဒုက္ခရောက်နေတာကို ကိုယ်နဲ့မသင့်တင့်သူလို့ ၀မ်းမသာနဲ့ ။ မကြာမှီ မိမိကိုယ်တိုင် ဒုက္ခတွေ့ရတတ်တယ် ။ သီလ , သမာဓိ , ပညာ ရှိသူတို့ရဲ့ ဂုဏ်ကျေးဇူးကို ဟုတ်မှန်အတိုင်း ပြောဆိုပါက မိမိဂုဏ်အလိုလိုပြည့်လာတတ်တယ် ။ ကတိတည်ပါ ၊ ပြတ်သားပါ ၊ မူမှန်ပါ ။ မူပျက်လျှင် လူပျက်တတ်တယ် ။ မူကောင်းလျှင် လူကောင်းတယ် ။ ဒေါသဟာ ဂုဏ်ပျက်တယ် ၊ ခန္တီဟာ ဂုဏ်တက်တယ် ။ သည်းခံခြင်းတရားနဲ့ ကိုယ်ချင်းစာစိတ်ထား ။
         ပြီးတော့ ဒေါသ , မာန်မာန ထောင်လွှားပြီး လှူခြင်း ၊ ဂုဏ်တုဂုဏ်ပြိုင် မလုပ်လေနဲ့ ။ မပြိုင်ထိုက်တဲ့ ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်နဲ့ ပြိုင်မိရင် ဘ၀နေ၀င်တတ်တယ် ။ ကိုယ်နဲ့ တန်းတူချင်း ပြိုင်မိရင်လည်း ဥသျှစ်သီးနှစ်လုံးဆိုင်ထုသလို ကြေမွသွားတတ်တယ် ။ ကိုယ့်ထက်နိမ့်တဲ့ ပုဂ္ဂိုလ်နဲ့ပြိုင်မိရင်လည်း လူကို ခွေးသတ်သလို ခံစားရတတ်တယ် ။ သူများအပြစ်ကိုမရှုနဲ့ ။ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်လုပ် ။ သူ့အပြစ်ကိုရှုခြင်းမှာ မျက်စိမရှိသလို ကျင့်ရမယ် ။ သူ့အပြစ်ကိုဆိုခြင်းမှာ လျှာမရှိသလို ကျင့်ရမယ် ။ သူ့ကိုပြစ်မှားခြင်းမှာ စိတ်မရှိသလို ကျင့်ရမယ် ။ အလိမ္မာကြီးရေ ကိုယ် , နှုတ် , စိတ် ကိုသတိအမြဲထားပါ ။ ကြမ်းတမ်းတဲ့ကိုယ်အမူအရာဟာ ကြမ်းတမ်းတဲ့နေရာကို ရမယ် ။ ကြမ်းတမ်းတဲ့နှုတ်အမူအရာဟာ ကြမ်းတမ်းတဲ့ အသံကို ကြားရမယ် ။ ကြမ်းတမ်းတဲ့စိတ်မိုက်ဟာ ကြမ်းတမ်းတဲ့တရားကို တွေ့ရမယ် ။ ကြမ်းတမ်းတဲ့တရားဆိုတာက ဘ၀ပျက်မယ် ၊ မီးလောင်ပြာကျသလို လောင်ကျွမ်းခံရမယ် ။ အစိတ်စိတ်အမြွာမြွာဆုံးရှုံးမယ် ။ ကံဆိုးမိုးမှောင်ကျမယ် ။ ဒါကြောင့် ကိုယ် , နှုတ်မကြမ်းနဲ့ ။ သိမ်မွေ့တဲ့ ကိုယ်အမူအရာဟာ သိမ်မွေ့တဲ့နေရာကိုရမယ် ။ သိမ်မွေ့တဲ့နှုတ်အမူအရာဟာ သိမ်မွေ့တဲ့အသံကို ကြားရမယ် ။ သိမ်မွေ့တဲ့ စိတ်ကောင်းစိတ်မြတ်က သိမ်မွေ့တဲ့တရားကို တွေ့ရတယ် ။ ဒါကြောင့် သိမ်မွေ့ပါစေ ။
        ဒါကြောင့် အချုပ်သြ၀ါဒဆိုရရင် အချောင်လိုက်တာ ၊ အခွင့်အရေးယူတာ ၊ မသင့်မတင့်နှလုံးသွင်းတာတွေဟာ အကုသိုလ်ဖြစ်ဖို့နီးလို့ သတိထား ရှောင်ကြဉ်ရမယ် ။ အလိမ္မာကြီးရေ -ဒီသြ၀ါဒတွေကို ရိုရိုသေသေ လေးလေးနက်နက် လိုက်နာမှတ်သား ကျင့်ကြံနေထိုင်ပေတော့ ။
        ဤကား စာရေသူ၏နောင်တော်ကြီးဖြစ်သော ဓုတင်ဆရာတော်မှ စာရေးသူအား ဆုံးမ သွန်သင်တော်မူခဲ့သော သြ၀ါဒများဖြစ်ပါသည် ။
       ထိုသြ၀ါဒတို့ကို စာရေးသူ အလုံးစုံပြည့်စုံအောင် မလိုက်နာနိုင်ငြားသော်လည်းတတ်နိုင်သမျှ သတိထားလိုက်နာမိခြင်းဖြင့်ပင် ကြီးကြီးမားမား ပြဿနာကင်း အမှားရှင်း၍ လူချင်းတူတူ သူချင်းမျှမျှ ဘ၀အခြေလှ၍ လူမူဆက်ဆံရေးနယ်ပယ်၌ ခွသမားဘ၀မှလွတ်မြောက်ကာ ပြေပြစ်သူအဖြစ် ပြောင်းလဲခဲရပါကြောင်း မေတ္တာ ဂရုဏာ ကြီးမားစွာ ဆုံးမသွန်သင် သြ၀ါဒပေးတော်မူခဲ့သော ကျေးဇူးတော်ရှင်နောင်တော်ကြီး ဓုတင်ဆရာတော်၏ သြ၀ါဒတော်တို့ကို ဦးထိပ်ပန်ဆင် ပူဇော် တင်ပြအပ်ပါသည် ။
Monday, August 6, 2012
အရှင်ရာဟုလာ၏ တော်ဝင်စိတ်ထား
ဘုရားရှင်ရဲ့ သားတော် ကိုရင်ရာဟုလာဟာ သာသနာ့သမိုင်း စာမျက်နှာမှာ အင်မတန် ထင်ရှားကျော်ကြားလှပါတယ်။ မသိသူ မရှိသလောက်ပဲလို့ ပြောရမှာပါ။ ခုနှစ်နှစ်သားအရွယ်မှာ ရှင်သာသဏေဖြစ်လာခဲ့တဲ့ ကိုရင်ရာဟုလာဟာ မျိုးရိုးဘက်ကကြည့်ရင်လည်း သာမီဝင်မျိုး။ ရုပ်ရည် ဥပဓိဘက်ကကြည့်ပြန်ရင်လည်း စကြာဝတေးမင်းဖြစ်လောက်တဲ့ ရုပ်ရည်ဥပဓိပိုင်ရှင်။ စည်းစိမ် ဥစ္စာဘက်ကကြည့်ပြန်တော့ ကပိလ၀တ်နေပြည်တော်ရဲ့ ထီးမွေနန်းမွေကိုဆက်ခံရမယ့် ရှင်ဘုရင် လောင်းလျာတစ်ပါးဖြစ်ပါတယ်။
 အစစအရာရာ ပြည်စုံအထက်တန်းကျ
လွန်းတဲ့ ပုဂ္ဂိုလ်မြတ်လို့ ပြောရမှာပါ။ ကိုရင်ရာဟုလာဟာ ရုပ်ဝတ္ထုဘက်ကသာ အထက်တန်းကျတဲ့ သူလားလို့ မေးစရာရှိပါ တယ်။ မဟုတ်ပါဘူး။ နှစ်လုံးသားလှပတဲ့နေရာ၊ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတဲ့ နေရာ မှာလည်း သူမတူအောင်ပါပဲ။
ရာဟုလာဟာ သိက္ခာသုံးပါးအဆုံးအမတရားကို မြတ်နိုးတဲ့ ရဟန်းတော်တွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တယ်လို့ ဘုရားကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူး နဲ့ ချီးကျူးတော်မူခဲ့ရတဲ့အထိပါ။ ကိုရင်ရာဟုလာအကြောင်းကို
တွေးမိတဲ့အခါတိုင်း ကြည်နူးမှု၊ ကြည်ညိုမှု၊ အားကျမှု၊ ရသမျိုး  စုံကို တပြိုင်နက်တည်း ခံစားရစမြဲပါ။ တဆက်တည်းမှာပဲ မြင့်မြတ်တဲ့ဘ၀တစ်ခုတည် ဆောက်ဖို့ အရေးမှာ
"အဆုံးအမသြ၀ါဒ "အခန်းကဏ္ဍဟာ"မရှိမဖြစ်မိုး" လို့ ဆိုရလောက်အောင် အရေးကြီး ပါလား လို့ ဆင်ခြင်မိပြန်ပါတယ် ။
တော်ဝင်စိတ်ထား (၁)
အများသိပြီးဖြစ်ပေမယ့် ကိုရင်ရာဟုလာရဲ့အကြောင်းကို ပြောပြချင်ပါသေးတယ်။ ကိုရင် ရာဟု လာဟာ တော်ဝင်စိတ်ထားပိုင်ရှင်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပေါ့။ ကိုရင်ရာဟုလာ နံနက် စောစော အိပ်ယာထ၊ လက်ခုပ်နဲ့ သဲမှုန့်လေးတွေကိုကျုံးပြီး အဓိဌာန်လေ့ရှိပါတယ်။
"ယနေ့ တစ်နေ့တာအတွက် ဘုရားးရှင်ထံကဖြစ်စေ ဥပဇ္ဈာယ်စတဲ့ ဆရာသမားတွေ ထံကဖြစ်စေဒီသဲမှုန်နဲ့အမျှ အဆုံးအမ သြ၀ါဒစကားတွေနာယူခွင့်ရလိုပါတယ်တဲ့"
ဘယ် လောက်မြင့်မြတ်တဲ့ စိတ်ဓာတ် ပိုင်ရှင်လဲဆိုတာ မှန်းဆ ကြည်ညိုကြည့်ပါ။ ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်ကြည့်လေ ကိုရင်ရာဟုလာရဲ့ စိတ်နှစ်လုံးသားလှပမှု ရသကို ခံစားလို့မ၀လေပါပဲ ။
တော်ဝင်စိတ်ထား(၂)
ဒါတွင်မကသေးပါဘူး။ ကိုရင်ရာဟုလာရဲ့ ဂုဏ်ရနံ့က သင်းပျံနေပါတယ်။ "ပန်းသတင်း လေညှင်း ဆောင်၊ လူတင်း လူချင်းဆောင်"ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ အချို့သော ရဟန်းတော် တွေက ကိုရင်ရာဟုလာရဲ့ ဂုဏ်သတင်းကို မှန်မမှန် စမ်းသပ်ချင်လာကြတယ်။ မျက်မြင်ကိုယ်တွေ့ ကြည်ညို အားကျလိုစိတ်နဲ့  စမ်းသပ်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ကိုရင်ရာဟုလာ လာနေတာ ကို မြင်တဲ့အခါ တံမြက်စည်းတို့ ၊ အမှိုက်တောင်းတို့ ကို လမ်းမှာပစ်ထားကြပါတယ်။ ကိုရင်ရာဟုလာ လွန်သွားတဲ့ အခါမှာတော့
 ' ဒီတံမြက်စည်းတွေ အမှိုက်တောင်းတွေကို ဘယ်သူချထားတာလဲ' လို့ ရဟန်းတစ်ပါးက မေးပါတယ်။
" ရှင်ရာဟုလာ ဖြတ်သွား တာမြင်တာ ပဲ" " သူများချသွားတာလား" တပည့်တော်လုပ်တာ မဟုတ်ပါဘူး၊ တပည့်တော်ကို မစွပ်စွဲပါနဲ့"
ကိုရင်ရာဟုလာ ကတော့ ယောင်လို့တောင် ဒီလို ခွန့်တုံ့ မပြန်ခဲ့ပါဘူး ။  
"သည်းခံခွင့် လွှက် တော်မူပါဘုရား" လို့ တောင်းပန်ပြီး ပြန် ကောက်သွားလေ့ရှိပါသတဲ့ ။
တော်ဝင်စိတ်ထား(၃)
တစ်ခါမှာတော့ ကောသမ္ဗီမြို့အနီးက ဆီးတောကျောင်းတိုက်မှာ ဘုရားရှင်ကိုယ်တော်မြတ် သီတင်းသုံးနေထိုင်တော်မူချိန်၊ကိုရင်ရာဟုလာည်း ဒီကျောင်းတိုက်မှာ ရှိနေခဲ့ပါတယ် ။
'လူဒကာ တွေ သာမဏေတွေနဲ့ အမိုးတူ အကာတူ ကျောင်းမှာအတူမအိပ်ရ' လို့ ရဟန်းတော်တွေအတွက် သိက္ခာပုဒ် ပညတ်တော်မူပြီးစ အချိန်ပေါ့ ဒီတော့ ရဟန်းတော်တွေက ကိုရင်ရာဟုလာကို အမိန့်ရှိ ကြပါတယ် ။
" ငါ့ရှင် ရာဟုလာ၊ ဘုရားရှင်ကတော့ ဒီလို ဒီလို သိက္ခာပုဒ်ပညတ် တော်မူထားတယ်၊ ရဟန်း တော်တွေဟာ ငါ့ရှင်နဲ့အတူ မအိပ်ကောင်းဘူး ၊ အိပ်ဖို့နေရာရှာပါ" စိတ်နှစ်လုံးသားမြင့်မြတ်လှပတဲ့ ကိုရင်ရာဟုလာဟာ ရဟန်းတော်တွေနဲ့ ကျောင်းဆောင်ထဲမှာ အတူမအိပ်တော့ပါဘူး ။ ဘုရားရှင်ကိုယ်တော်မြတ် သီးသန့် အသုံးပြုတော်မူတဲ့ ၀စ္စကုဋိ(အိမ်သာ) ထဲမှာ သွားပြီး အိပ်စက်ရှာပါတယ်။ သူအတွက်နဲ့ အခြားရဟန်းတော်တွေ အာပတ်အပြစ်မဖြစ်စေချင်လို့ပါ။ 
ဘုရားရှင်ထံဖြစ် စေ၊ရဟန်းတော်တွေထံဖြစ်စေ၊အကျိုးအကြောင်းလျောက်ထားမယ်ဆိုရင် အိပ်စက်ဘို့ရာအတွက် အဆင် ပြေနိုင်စရာ ရှိပါတယ်။ ရဟန်းတော်တွေကလည်း ရုပ်ရည်ရော စိတ်ဓာတ်ပါ လှပတင့်တယ်တဲ့ ကိုရင် ရာဟုလာကို ဖေးမကူညီဘို့ အဆင်သင့်ဖြစ်နေကြမှာပါ။ ဒါပေမဲ့ ကိုရင်ရာဟုလာကတော့ ရသင့်တာထက်ပိုပြီး အခွင့်အရေး မယူခဲ့ပါဘူး။ ဒီလိုအခွင့်အရေး ပိုမယူတတ်တာ၊ စွန့်လွှက် အနစ်နာခံ တတ်တာတွေဟာ တော်ဝင်စိတ်ထားပိုင်ရှင်တွေရဲ့ လက္ခဏာပဲမဟုတ်လား ။
                                နှလုံးသား လှပနေရခြင်း၏ အကြောင်းရင်း
မပြည့်စုံတဲ့အဖြေဒီနေရာမှာ စဉ်းစား ဆင်ခြင်စရာလေးတွေ ရှိလာပါတယ်။ ပုထုဇဉ်မျှသာဖြစ်တဲ့ ကိုရင်ရာဟုလာ ဟာ ဘာဖြစ်လို့ မယုံကြည်နိုင် လောက်အောင် နှလုံးသား လှပနေတာလဲ၊ ကိုရင် ရာဟုလာရဲ့ စိတ်ဓာတ်ဟာ ဘာကြောင့် အထက်တန်းကျ မြင့်မြတ်နေရတာလဲ၊ သိပ်ပြီးစိတ်ဝင်စားစရာ ကောင်းပါတယ်။ စာရေးသူ အနေနဲ့ အကြောင်းရင်းကို ရှာဖွေလေ့လာကြည့်ခဲ့ပါတယ် ။
' ပါရမီရှင်မို့လို့ပေါ့ ' လို့ အများ ပြောလေ့ ပြောထရှိတဲ့ အဖြေမျိုးကို ရာနှုန်းပြည့် သဘော မတူနိုင် ပါဘူး။ တိကျပြည့်စုံမှု မရှိတဲ့ အဖြေလို့ ယူဆမိပါတယ်။
ပါရမီရှင်မို့ စိတ်ဓာတ်မြင့်မြတ် တာပါလို့ဆိုရင် အင်္ဂုလိမာလ မထေရ်အလောင်း အဟိံသက ဟာလည်း ပါရမီရှင်ပါပဲ။ ဒီဘ၀ဒီခန္ဓာနဲ့ ပရိနိဗ္ဗှာန်စံဝင်မယ့် တကယ့်ပါရမီရှင်စစ်စစ်ပါ။ သူ့ လို ကို့လို ပါရမီရှင်မျိုးတောင် မဟုတ်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်ဖြစ်တဲ့ အဟိံသကဟာ လူပေါင်း ထောင်ချီပြီး သတ်ဖြတ်ခဲ့ပါတယ်။ လူသတ်သမားကြီး အဖြစ်နဲ့ ဘ၀ခရီးကြမ်းကို လျောက်လှမ်းခဲ့ရ ပါတယ်။ ဘုရားရှင်ရဲ့ အချိန်ကိုက် ကယ်တင်မှုကြောင့်သာ မိခင်ရင်းကို သတ်ဖြတ်ခွင့်မသာခဲ့တာပါ။ မိခင်ရင်း ကိုသာသတ်ဖြတ်ခွင့် သာခဲ့မယ်ဆိုရင် အဟိံသကရဲ့ဘ၀က မတွေးဝံ့စရာပါ။ ရဟန္တာဖြစ်ဖို့ နေနေ သာသာ အ၀ီစိအထိကျရောက်သွားနိုင်ပါတယ်။ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းလည်း ပါရမီရှင်ပဲလေ။ တန်ဆောင်မုန်းလပြည့် ညမှာဟောကြားတော်မူတဲ့ သာမညဖလသုတ္တန်ကို နာယူပြီးချိန်မှာ သောတာပန် အရိယာဖြစ်နိုင် တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့တာပါ။ ဒါပေမဲ့ခမည်းတော် သောတာပန် မင်းကြီးကို သတ်ဖြတ်ခဲ့တဲ့အတွက် လောဟကုမ္ဘီငရဲရောက်သွားခဲ့ရပါတယ်။ ဒါကြောင့် ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်မြတ် အထက်တန်း ကျတာဟာ 'ပါရမီရှင်ဖြစ်လို့ ဆိုတဲ့အဖြေဟာ တိကျပြည့်စုံမှုမရှိဘူးလို့ပြောခဲ့တာပါ။
မှန်ကန်ပြည့်စုံတဲ့အဖြေ ကိုရင်ရာဟုလာ မြင့်မြတ်အထက်တန်းကျတဲ့ စိတ်ဓာတ်ပိုင်ရှင် ဖြစ်လာခြင်းရဲ့ အကြောင်းရင်း ကို ဆက်လက်လေ့လာစူးစမ်းခဲ့ပါတယ်။ ဒီလို လော့လာစူးစမ်းတဲ့ အခါမှာ'ချိုမြိန်ကေင်းမြတ် အနှစ် သာရပြည့်ဝတဲ့ ဘုရားရှင်ရဲ့ အဆုံးအမ သြ၀ါဒ စကားတော်တွေနဲ့ မကြာမကြာ ထိတွေ့ နာကြားခွင့်ရလို့' ဆိုတဲ့အဖြေကို ဖျတ်ခနဲ့ တွေ့မြင်လိုက်ရပါတယ်။ ဒီအချက်ဟာ ကိုရင်ရာဟုလာ စိတ်ဓာတ်မြင့်လာရ ခြင်းရဲ့ အဓိကအကြောင်းရင်းပါ ။ မှန်ပါတယ်၊ အင်္ဂုလိမာလ မထေရ်လောင်းအဟိံသကနဲ့ အဇာတသတ်မင်းတို့ဟာ ဆရာကောင်းတွေနဲ့ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမ စကားတော် တွေကို ထိတွေ့ နာကြားခွင့် လွဲချော်ခဲ့ရပါတယ်။ ဒီအကြောင်း တွေကြောင့်ပဲ လူသတ်သမားတွေ၊ ကံကြီး ထိုက်တဲ့ သူတွေဖြစ်သွားရတာပါ။ ဆရာပေါင်းမှားတော့ တသံသရာလုံး မှောက်ရတဲ့ အဖြစ်မျိုးပေါ့။ ဒါကြောင့် ချိုမြိန်ကောင်မြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကား တွေဟာ မြင့်မြတ်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ အဓိကသော့ချက် ဖြစ်တယ်လို့ ဆိုရမှာပါ။
ထူးလှတဲ့ကံကြမ္မာ နောက်တစ်ခုက ဘုရားရှင်က ပါရမီရှင်ပဲဆိုပြီး ကိုရင်ရာဟုလာအပေါ် ကြောင့်ကြမဲ့နေတော် မမူခဲ့ပါဘူး။ ကိုရင်ဖြစ်စ ခုနှစ်နှစ်ရွယ်ကစပြီး သက်တော် နှစ်ဆယ်အရွယ်အထိ အခွင့် အခါသင့်တိုင်း အဆုံးအမသြ၀ါဒစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုရင်ရာဟုလာဟာ ဘုရားရှင် ဆိုတဲ့ ဆရာသမား ကောင်းနဲ့ ငယ်စဉ်ကတည်းက အမြဲလိုလို ထိတွေ့ဆက်ဆံခွင့်၇နေခဲ့ပါတယ်။ ရဟန္တာဖြစ်သည်အထိ ဘ၀ကို မြှင့်တင်ပေးနိုင်တဲ့ အဆုံးအမသြ၀ါဒ စကားတွေ ကိုလည်း နှလုံးသားက ကြားနာခွင့်ရခဲ့တာ မကြာမကြာပါ။ ဒါဟာပါရမီရှင်တွေ ဖြစ်ကြတဲ့ အဇာတသတ် မင်းနဲ့ အဟိံသကတို့ထက် ထူးခြား ကောင်းမြတ်တဲ့ ကိုရင်ရာဟုလာရဲ့ ကံကြမ္မာလို့ပဲ ပြောရ မယ် ထင်ပါရဲ့ ။ မဂ်ဖိုလ်ကိုပင့်လန်းစေတဲ့ မိုးရေစက်များ ဆက်ပြီးပြောချင်ပါသေးတယ်။
ကိုရင်ရာဟုလာရဲ့ နှလုံးသားကို မဂ်ဖိုလ်ပန်းပွင့်လန်းလာ သည်အထိ ဘုရားရှင်က သြ၀ါဒမိုးရေစက်တွေ ပက်ဖျန်းပေးတော်မူခဲ့တဲ့အကြောင်းကိုပါ။ အခွင့် အခါ သင့်တိုင်း ကိုရင်ရာဟုလာလေးကို ဘုရားရှင်ဆုံးမသွန်သင်ခဲ့တဲ့ သုတ္တန်တစ်ခုရှိပါတယ်။ ကိုရင် ရာဟုလာ သက်တော် ခုနှစ်နှစ်အရွယ်ကနေ သက်တော် နှစ်ဆယ်အရွယ် အချိန်ကာလ အတွင်းမှာပါ။ ရာဟုလသုတ္တန်လို့ခေါ်ပါတယ်။ သုတ္တနိပါတ် ပါဠိတော်မှာ သင်္ဂါယနာ တင်ထားတာပါ။ ဘုရားရှင် ဒီသုတ္တန်ကို ဟောပြီး ကိုရင်ရာဟုလာလေးကို ဆုံးမသွန်သင်ခဲ့တဲ့ အကြိမ်ပေါင်းဟာ မရေတွက်နိုင်ပါဘူးတဲ့။ အခွင့်အခါသင့်တိုင်း ဆုံးမ သွန်သင်တော် မူခဲ့တာလို့ ဆိုပါတယ်။ သက်ရှိ သတ္တ၀ါတိုင်းနဲ့ မကင်းနိုင်တဲ့ စားဝတ်နေရေး ကျန်းမာရေးနဲ့ စပ်ပြီးတဏှာ မဖြစ်ပွားစေဖို့၊ သဘောထား မှန်ကန်စွာ ထားတတ်ဖို့စတဲ့ အကြောင်းအရာတွေ ဒီသုတ္တနှ်မှာ တွေ့ရပါတယ်။ အရိယာ သူတော်စင် ဖြစ်သည်အထိ မြင့်မြတ်တဲ့ ဘ၀တစ်ခု တည်ဆောက်ရေးမှ စပြီး ကလျာဏမိတ္တလို့ခေါ်တဲ့ ပတ်ဝန်းကျင်ကောင်း အရေးပါပုံတွေလဲ ပါဝင်ပါတယ်။ နောက်ပြီး ခုနှစ်နှစ်အရွယ် ကိုရင်ရာဟုလာကို 'ကုမာရက ပဥှာ' နဲ့ အမ္ဗလဋ္ဌိကရာဟုလောဝါဒ သုတ္တန်'တွေနဲ့ ဆုံးမ သွန်သင်တော်မူပါတယ်။ ကလေးဘ၀မှာ အရည်မရ မဖတ်မရ အကျိုးမဲ့စကားတွေ မပြောမိစေဖို့ 'ကုမာရကပဥှာ'ကို ဟောတော်မူခဲ့တာပါ။ အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကိုတော့ ကလေးသဘာဝ လိမ်ညာမပြောမဖို့၊ ကံသုံးပါး စင်ကြယ်အောင် ကျင့်သုံးတတ်ဖို့၊ ဆုံးမဟော ကြားတော်မူခဲ့ပါတယ်။
ကိုရင်ရာဟုလာ သက်တော်(၁၈)နှစ်အရောက် ကိုရင်ကြီးအရွယ်မှာ မဟာရာဟုလောဝါဒ သုတ္တန်ကို ဟောကြားပြန်ပါတယ်။ ကိုယ်ခန္ဓာ လှပတင့်တယ်လာမှုကို အစွဲပြုပြီး တပ်မက်မှု တဏှာ ရာဂ မဖြစ်ပွားစေဖို့ ဟောကြားတော်မူတာပါ။  ဘုရားရှင်က သူအရွယ်နဲ့သူ အချိန်ကိုက် ဆုံးမ သွန်သင်တော်မူခဲ့တာလို့ပြောရမှာပေါ့။ ၀ိပဿနာ ရှုပွါးမှုမှာ မလစ်ဟင်းစေဖို့အတွက် သုတ္တန်ပေါင်း နှစ်ဆယ်ကျော်ကိုလည်း ကြိုးကြား ကြိုးကြားဟောပြ ဆုံးမတော် မူခဲ့ပါသေးတယ်။' ရာဟုလသံယုတ်'ဆိုတဲ့ အမည်နဲ့ မှတ်တမ်းတင်ထားတာ တွေ့ရပါတယ်။  နောက်တစ်ခါ ' စူဠရာဟုလောဝါဒသုတ္တန်'ကို ဟောတော်မူပြီး သွန်သင်ဆုံးမ လမ်းပြတော်မူပါတယ်။ ကိုရင်ရာဟုလာ ရဟန်ဖြစ်ပြီးစ သိက္ခာဝါမရမီ သက်တော်
(၂၀ )အရွယ်မှာပါ၊ ဒီသုတ္တန်ကိုနာ ယူပြိးတော့ ရဟန်းဖြစ်စ အရှင်ရာဟုလာလည်း ရဟန္တာ သူတော်စင်ကြီး အဖြစ် ရောက်ရှိသွားပါတော့ တယ်။
မရှိမဖြစ်မိုး ဒီလောက်ဆိုရင် ကိုရင်ရာဟုလာလေး ဘာဖြစ်လို့ မယုံကြည်နိုင်လောက်အောင် နှလုံးသား လှပနေတာလဲ၊ ပုထုဇဉ်ဖြစ်တာချင်း အတူတူ ကိုရင်ရာဟုလာ စိတ်ဓာတ်က ဘာကြောင့်မြင့်မြတ် အထက်တန်း ကျနေရတာလဲ၊အဖြေကတော့ သိသာထင်ရှားလောက်ပါပြီ။ ကိုရင်ရာဟုလာရဲ့ဘ၀မှာ ဘုရားရှင်ရဲ့ အဆုံးအမသြ၀ါဒ စကားတော်တွေနဲ့ ကင်းနေရတဲ့ အချိန်ပိုင်းဟာ မရှိသလောက်ပဲ လို့ပြောရမှာပါ။ မိုးနှင့်ကင်းပြီး သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည်ရှင်သန်နေ ဖို့ မဖြစ်နိုင်ပါဘူး ။ သက်ရှိသက်မဲ့ အရာအားလုံး ရပ်တည် ရှင်သန်ဖို့အရေးမှာ မိုးဟာ မရှိမဖြစ်လို့ပြောရမှာပါ။
ဒီလိုပါပဲ၊ ရဟန္တာသူတော်စင်ဖြစ်သည်အထိ မြင့်မြတ်တဲ့ဘ၀တစ်ခုကိ တည်ဆောက်လိုသူတိုင်း အတွက် ချိုမြိန်ကောင်းမြတ် အနှစ်သာရပြည့်ဝတဲ့ အဆုံးအမသြ၀ါဒစကားတွေဟာ မရှိမဖြစ် လိုအပ် ပါတယ်။ ' မရှိမဖြစ်မိုး ' လို့ ဆိုရမယ်ထင်ပါရဲ့ ။
 အရှင်ဣန္ဒကာဘိဝံသ(မြစကြာ)စာပေမှ
Saturday, August 4, 2012
တောင်မြို့ဆရာတော်ဘုရားကြီး၏ နံနက်ခင်းသြ၀ါဒများ
  "ကိုယ့်ကိုယ်ကို စိစစ်"
ပြင်ရမယ် ဆိုတာ တွေက တခြားမဟုတ်ဘူး။ အစားအသောက်ကစပြီး ပြင်ရမှာ။အနေအထိုင်၊အသွားအလာ၊အပြောအဆို၊ အမူအကျင့်၊စိတ်နေစိတ်ထား အားလုံး ပြင်ကြရမယ်၊စာမေးပွဲ နောက်ချန်ထား၊သီလစင်ကြယ်အောင်နေ၊ သဒ္ဓါတရားနဲ့ သီလကို ထမ်းပိုးညီအောင်ထား၊
သင်္ကန်းဝတ်တာကိုပင် ဘာကျေးဇူးရှိလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးစိစစ်။
                                      "သာသနာ့ အမွေခံ"
သာသနာ့ ၀န်ထမ်းဆိုတာ နေရာတိုင်းမှာ သိက္ခာသုံးပါးပါမှ ကောင်းတာ၊ အခုတော့ တော်တော် များများ မဟုတ်ကြတော့ဘူး၊ စာလာပေလာ လုပ်ဆောင်ချက်နဲ့ မကိုက်ဘူး၊ သက်သက် ညာဖြန်းနေကြတာတော့ မကောင်းဘူး၊ သဒ္ဓါတရားရှိတဲ့ ကလေးတွေကို ကိုရင် ၀တ်ပေး၊စာသင်လွှတ်၊ စာပေထိုက်သလောက် တတ်မြောက်တော့ ရဟန်းခံ ၊၀ိနည်း နဲ့နေပါစေ။ ဒါမှ သာသနာ့ အမွေခံ ကျန်ရစ်မယ်။ ခုတော့ မဟုတ်ကြတော့ဘူး၊ စာမေးပွဲ ၀င်စား၊ ဓမ္မကထိက လုပ်စား၊ဆေးကုစား၊
တချို့က ဗေဒင်ဟော၊ယတြာချေ ၊ဓာတ်ရိုက်ဓာတ်ဆင်၊နတ်ဝင်နတ်ပူး လုပ်စားနေကြတယ်၊အနှစ်မပါဘဲ သာသနာမှာ မဟုတ်တရုတ်တွေချည်း လျှောက်လုပ်နေကြတယ်၊ မကောင်းပါဘူး၊ အတုမယူကြပါနဲ့၊ အထင်မကြီးကြပါနဲ့၊
                           " ဂါဟတ် ကိုက်တတ်တယ်"
စာသင်တယ် ဆိုတာ ကိုယ်ကျင့်တတ်ကြံတတ်အောင်ရယ်၊ ပိဋကတ်တော်တွေ မပျောက်အောင်ရယ် ဒီလိုရည်ရွယ်ချက်ထားနိုင်မှ ကောင်းတာ၊ ဂုဏ်ရှိအောင် ၊ကျော်ကြားအောင် ၊လာဘ်လာဘ ပေါများအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သင်ရင်တော့ ဦးတည်ချက်မမှန်သေးဘူး။မမှန်ရုံတင်မကဘူး။စာတွေတတ်လာတဲ့ အခါ အဲဒီစာတွေက လူကိုပြန်ပြီး ဒုက္ခ ပေးတတ်တယ်။
စာတွေက ဒုက္ခပေးတာတော့ မဟုတ်ဘူးပေါ့၊ရည်ရွယ်ချက်မမှန်တဲ့ အတွက် မာန်မာနတွေ ၀င်လာပြီး အဲဒီမာနတွေက ဒုက္ခပေးတာ ။ဒါကို ရှေးဆရာတော် ကြီးတွေက 'ကိုယ့်မှာမတတ်၊ စာမှာတတ်၊ဂါဟတ်ကိုက်တတ်သည်' လို့ သြဝါဒပေးကြတယ်။ဂါဟတ်ဆိုတာ မာနကို ပြောတာ။
                              " ကိုယ်သာ အသိဆုံး"
ဆရာသမားရဲ့ မျက်မှောက်မှာရော မျက်ကွယ်မှာရော ကိုယ့်သီလကို စောင့်ရှောက်တဲ့သူမှ လူတော်လို့ ခေါ်နိုင်ပါတယ်။
ကွယ်ရာမှာ လုပ်ချင်ရာလုပ်ပြီးတော့ လူရှေ့သူရှေ့ကျမှ သူတော်ကောင်းဟန်ဆောင်တာမျိုးက မကောင်းဘူး။ အဲ့ဒါမျိုးဟာ လှည့်စားမှု၊ကောက်ကျစ်မှု တွေနဲ့ဖုံးလွှမ်းထားတာမို့ သူယုတ်မာခေါ်တယ်။ စာထဲမှာတော့ သူခိုးအကြီးစားလို့တောင် ဆိုသေးတယ်။ပတ်ဝန်းကျင်အများ ကြည်ညိုဖို့ထက် ကိုယ့်ကိုယ်ကို ကြည်ညိုဖို့က ပိုအရေးကြီးတယ်။ ကိုယ့်အကြောင်း ကိုယ်အသိဆုံး၊ ကိုယ့်ကိုယ်ကို ကြည်ညိုနေနိုင်အောင် ကြိုးစားပါ၊
                         "ဘုန်းကြီးကောင်း ဆိုတာ"
ကျောင်းတိုက်တွေ ခွဲတည်ကြမယ်ဆိုရင် ကျောင်းကောင်းဖို့ မလိုဘူးနော်။ ပုဂ္ဂိုလ်ကောင်းဖို့  လိုတယ်၊ ပုဂ္ဂိုလ်ကောင်းဖို့ ဆိုတာက ကျောင်းထိုင်ဘုန်းကြီးရော၊ကျောင်းနေကိုယ်တော်တွေရောကို ဆိုလိုတာ ။ စိတ်ထား ဖြူစင် ဖြောင့်မတ်ဖို့ လိုတယ်၊ ကိုယ်ကျင့် သီလလဲ လုံဖို့ လိုတယ်၊ဘုန်းကြီးကောင်းဆိုတာ စိတ်ထား ကောင်းတာ၊ ကိုယ်ကျင့်သီလ ကောင်းတာကို ရွေးရမှာ၊အများထင်နေကြတာက ဘုန်းကြီးကောင်းဆိုတာ စာတတ်တာလို့ ထင်နေကြတယ်။ စာတတ်တိုင်း ဘုန်းကြီးကောင်းမဟုတ်ဘူး။ စာလဲတတ်၊စိတ်ထားလဲ ကောင်းဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့၊
                                  "တာဝန်ကျေပါစေ"
ဒကာ၊ဒကာမတွေက ကြည်ညိုလွန်းလို့ သူတို့ လုပ်စာတွေထဲက ရှားရှားပါးပါး ခွဲဝေပြီး လာလှုကြတာ၊ဆွမ်းတွေ လာကျွေးကြ၊ ကျောင်းတွေ လာဆောက်ကြနဲ့၊  ကိုယ့်ဘက်က မဟန်ရင်တော့ ခံကြရမယ်နော်၊ ဘုန်းကြီးလုပ်သူတွေဟာ သူများလုပ်စာတွေ စားနေပြီး ကိုယ့်ဘက်က တာဝန်မကျေရင်တော့ ခံကြရမှာပဲ၊ ဒီအခွင့်အရေးကို အလွဲသုံးစား မလုပ်လိုက်ကြပါနဲ့၊ကိုယ့်ဘက်က ဓူရနှစ်ပါးအနက် တစ်ပါးပါးကို အမြဲ ကြိုးစားနေကြရမှာ၊စာပေကျမ်းဂန်တွေကို သင်အံလေ့ကျက်နေရတဲ့ ဂန္ထဓူရ၊ ဒါမှမဟုတ် ရုပ်နာမ်အပေါ် လက်တွေ့ရှုနေတဲ့ ဝိပဿနာ။ ဒီဓူရနှစ်ပါးမှာ တစ်ပါးပါးကို ရွက်ဆောင်နေမှ တာဝန်ကျေတယ်။
                   " ကိုယ့်ဘာသာ  စဉ်းစာ"
သာသနာမှာ အတွင်း ပုဂ္ဂိုလ်တွေ မဖျက်သေးသမျှ တည်တံ့နေမှာ အမှန်ပဲ၊' နောင်တစ်ချိန်မှာ လဇ္ဖီတွေသာ သာသနာတော်ကို စောင့်ရှောက်ရစ်လိမ့်မယ်' လို့ အဆိုရှိတယ်။ ပြောင်းပြန်အားဖြင့် အလဇ္ဇီ  တွေက ပျက်အောင် ဖျက်လိမ့်မယ်လို့ ဆိုရာရောက်တယ်။အဲ့ဒီ အလဇ္ဇီတွေဟာ ကင်ဆာ ရောဂါလို အတင်းဝင်ဖျက်မယ့် သူတွေပဲ။
အရပ်ထဲမှာ ဂုဏ်သရေရှိ လူကြီးလူကောင်းများရဲ့ သားသမီးတွေတောင် ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး အိနြေ္ဒရရ နေနိုင်ကြသေးတာ။ကိုယ်တော်တို့က ယဉ်ကျေးပါတယ် ဆိုတဲ့ ဘုရားသာသနာထဲ ဝင်နေတဲ့ သူဖြစ်ရဲ့နဲ့ ဘာဖြစ်လို့ မထိန်းနိုင်ရမှာလဲ၊ ဘာဖြစ်လို့ မယဉ်ကျေးနိုင်ရမှာလဲ၊ လူ့ဘဝတုန်းကတောင် မမိုက်ပါဘဲနဲ့ ဘုန်းကြီးဝတ်ကာမှ  မိုက်ရတယ် ဆိုရင် ဘာဖြစ်ကုန်ပြီလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားသာကြည့်ကြပေတော့၊
                      " အန်ဖတ်မစားကြနဲ့"
တို့ဘုန်းကြီးတွေမှာ လူတွေရဲ့ အစားအသောက်အဝတ်အစားထဲက ပိုလျှံမှ စားကြရတယ် ၊ ဝတ်ကြရတယ်။ နေကြရတယ်၊ ဒါကို တို့က လောဘ၊ဒေါသ တွေနဲ့ မြိန်ရေ ရှက်ရေ စားလို့ သောက်လို့ ဖြစ်ပါ့မလား၊ မဖြစ်ပါဘူး၊ တစ်ပါးနဲ့ တစ်ပါး ကျောင်းလုနေလို့ကော သင့်တော်ပါ့မလား၊ တို့များမှာ လူတွေ လှုတဲ့ ပစ္စည်းလေးပါးကို မြိန်ရေရှက်ရေ သုံးဆောင်နေလို့ မသင့်ဘူး၊ ဒီလိုသာ သုံးဆောင်နေရင် အန်ဖတ်တွေစားပြီး အပါယ်လေးပါး သွားကြရမှာ၊ အလွန်ဝမ်းနည်းစရာ ကောင်းတယ်၊ ဒါကြောင့်အန်ဖတ်တွေ စားပြီး သာယာ မနေကြနဲ့။
ဝမ်းသာ မနေကြနဲ့၊ လောဘ ဒေါသတွေ ဖြစ်မနေကြနဲ့။ဘာဝနာ မပါဘဲ လူတွေရဲ့ ထွေးအန်ဖတ်တွေကို နေ့စဉ်စားသုံးပြီး သွားမယ်ဆိုရင် သံသရာအတွက် မတွေးဝံ့အောင်ပဲ ၊ အလွန်ကြောက်စရာ ကောင်းတယ်။
                        " သာသနာ အလုပ် လုပ်နိုင်မှ"
လူတွေကိုသာ ပြောပြောနေတာ၊ တို့ဘုန်းကြီး တွေက ကော လာဘ်လာဘ ပေါများချင်ကြတယ်၊ ဘုန်းကြီးချင်ကြတယ်။ ဒကာ ဒကာမ တွေ ပေါများချင်ကြတယ်၊ ဒါတွေ ပေါများနေရင် သာယာမှု တဏှာက ပါလာပြီ " ငါမှ ငါ" ဆိုတဲ့ မာနက ပါလာပြီ၊ သံသရာကို ချဲ့ထွင်တဲ့ တရားတွေ နောက်ကလိုက်လာပြီ၊ ဘုန်းနောက်လိုက်ရင် သွားရမယ် နိဗ္ဗာန်၊ ဝေးပါသေးတယ်၊ နိဗ္ဗာန်သွားတဲ့ အကျင့်နဲ့ လာဘ်လာဘပေါများအောင် ကျင့်တဲ့ အကျင့်ဟာတခြားစီပဲ။
ဒါကြောင့် ဘုန်းကြီးအောင် မလုပ်ကြနဲ့၊ စာမေးပွဲ အောင်ပြီး ဆောင့်ကြွားကြွား မလုပ်ကြနဲ့၊ စာမေးပွဲတွေ အောင်ပြီးရင် သာသနာအလုပ် လုပ်နိုင်မှ ကောင်းတယ်။
                               "ပြုပြင်ပြီး နေပါ"
စိတ်ကောင်းမရှိဘဲနဲ့ ဂုဏ်ရှိနေလို့ကတော့ မကောင်းပါဘူး ၊ အပြောအဆိုလဲ ပြင်ပြီးတော့ နေကြပါ၊ လူတွေနဲ့ စကားပြောရင် ခင်ဗျား၊ ကျွန်တော် မပြောပါနဲ့၊ ကိုယ်က အထက်တန်းရောက်နေတာ၊ အထက်တန်းစား စကားပြောပေါ့၊ ကိုယ်ရေးကိုယ်တာ မကြည့်နဲ့၊ တစ်ဘဝတည်းကြည့်ရင် ကျဉ်းမြောင်းတယ်၊ ကောင်းကောင်းနေကြပါ၊ စိတ်က ယုတ်မာရင် နောက်ဘဝ သိပ်ကျသွားမယ်၊ ခုဘဝ နာမည်ကောင်းလေးနဲ့ အားရမနေနဲ့ ၊ နောက်ဘဝ နိမ့်ကျသွားမယ် ၊ ကိုယ့်သီလသိက္ခာကို ထိန်းပေးကြပါ၊ ဘုန်းကြီးတွေ သာသနာ ပြုရင် နိုင်ငံပါ တိုးတက်ပြီး ကောင်းသွားမှာပါ၊ သာသနာ ပြုနည်းတွေ အများကြီး ရှိပါတယ်၊ဗုဒ္ဓဘာသာ တည်တံ့ရေး၊ နောက်မဆုတ်ရေး ဒီအရေးတွေကို တို့ဘုန်းကြီးတွေက ထမ်းဆောင်ပါ၊ သာသနာရေးမှာ ဘုန်းကြီးတွေသာ အရင်းခံပါ။
"ဘယ်လိုရဟန်းလဲ"
ရဟန်းဆိုတာ (၁) သဒ္ဓါတရားနဲ့ ရဟန်းပြုလာသူ၊
(၂) ဘေးရန်ကြောက်
၍ ရဟန်းပြုလာသူ၊ (၃) ပညာဥာဏ် ရချင်လို့ ရဟန်းပြုလာသူ၊
(၄)ယောင် ခြောက်ဆယ်ဘ၀မှ ရဟန်းပြုလာသူ- လို့ လေးမျိုးလေးစား ရှိတယ်။
ဘယ်ထဲမှ ပါတယ် ဆိုတာစိစစ်ကြည့်ပေတော့။
"ကြာဖူးကြာပွင့် ဝေပါစေ"
                               စာထဲမှာ ဥပမာပေးထားတာ ရှိတယ်။ ပရိယတ္တိ လုပ်ငန်းဟာ ကန်ပေါင်ကြီး ဆည်ဖို့တာနဲ့ တူတယ်တဲ့။ကန်ပေါင်ကြီး ရှိမှ ပဋိပတ္တိဆိုတဲ့ ကျင့်ဝတ်ရေတွေ တည်နိုင်မယ်တဲ့။ ရေတွေရှိမှလဲ ပဋိဝေဓ ဆိုတဲ့ ကြာဖူးကြာပွင့်တွေ ဝေမယ်တဲ့။ ဒါကြောင့် ကန်ပေါင်ဆည်ပြီးရင် ကြာဖူးကြာပွင့်တွေ ဝေအောင်လဲ လုပ်ကြရလိမ့်အုံးမယ်။မေ့မနေကြနဲ့....
                            " အထင်သေး မခံနဲ့"
ဘုန်းကြီးဆိုလဲ ဘုန်းကြီး ပီသအောင်နေ၊ သီလ သမာဓိ သိက္ခာ မလျော့စေနဲ့။ သာသနာကို မြတ်နိုးကြပါ၊ သာသနာ့ ၀န်ထမ်းဘ၀နဲ့ နေတုန်းမှာ ကိုယ့်ဘက်ကလဲ အထင်သေးစရာ မဖြစ်အောင် နေကြပါ၊
                                    "သာသနာ့ အသက် ၀ိနည်း"
ဝိနည်းကို လေးစားကြပါ၊ သီလ စင်ကြယ်အောင် နေကြပါ၊ သာသနာတော်ကြီးရဲ့ တာဝန်ကို ထမ်းဖို့ လိုအပ်တယ်၊သာသနာတော်ကြီး သက်တမ်းရှည်ဖို့ လိုအပ်တယ်။ သာသနာတော်ကြီးရဲ့ အသက်ဟာ ၀ိနည်းပဲ။
ဝိနည်းတည်မှ ကျင့်သုံးလိုက်နာသောအားဖြင့် သာသနာ့ ၀န်ထမ်းတွေရဲ့ သန္တာန်မှာတည်မှ သာသနာတော်ကြီးတည်တယ်လို့ ဆိုရတယ်။
အနာဂါတ်သာသနာတော်ကို လဇ္ဖီများ စောင့်ရှောက်ကြလိမ့်မယ်တဲ့။ ဒါကြောင့် လဇ္ဖီပုဂ္ဂိုလ်များ ဖြစ်အောင် ကြိုးစားကြပါ။
                             " ထိပ်တန်း သာသနာဖြစ်ဖို့"
ရဟန်းသာမဏေများဘက်ကလဲ သဒ္ဓါတရား အပြည့်ရှိကြတယ်။ သဒ္ဓါတရား မပါဘဲ စသင်စာချ လုပ်မနေကြပါနဲ့။
သာသနာထဲ အချောင်ဝင်ပြီး မခိုကြပါနဲ့။ စာတတ်တာနဲ့ သာသနာထဲမှာ အလုပ်လုပ်တတ်တာက တခြားစီပါ။ သိက္ခာသုံးပါးရှိမှ အနှစ်ပြည့်တဲ့ ဥယျာဉ်ကြီးဖြစ်လာမယ်။
                             "ဦးစားပေးရမှာက"
လက်တွေ့ ဦးစားပေးရမှာက ဒီသာသနာမှာ သိက္ခာသုံးပါးပဲ၊ အခု ဦးစားပေးနေကြတာကလာဘ်လာဘတွေ၊
ဂုဏ်ပကာသနတွေ၊ အသိုင်းအ၀န်းတွေ ၊ မဟုတ်လိုက်ကြတာကမှ တက်တက်စင်လွဲတယ်။လောကကြီးကို အထင်ကြီးဖို့ထက် ဘုရားရဲ့ တရားတော်တွေကို အထင်ကြီးဖို့က ပို အရေးကြီးပါတယ်။ဘုန်းကြီးတွေမှာ ကျောင်းတွေပေါ၊ ဆွမ်းတွေပေါ၊ပစ္စည်းလာဘ်လာဘတွေပေါပြီး လေဘစိတ်နဲ့များ သေသွားကြရင် ကောင်းရာသုဂတိ ရောက်မယ်များ ထင်နေကြသလား၊မထင်လိုက်ကြနဲ့၊ ကြောက်စရာကြီး။
သင်္ကန်းဝတ်နဲ့ နေကြရပေမဲ့ စိတ်ချမ်းသာနိုင်မှ ကောင်းတာ၊ သင်္ကန်းဝတ်နဲ့ နေမှ ပိုဆိုးရင် ကိုယ်ကျိုးနည်း ရတော့မယ်၊သတိရှိကြပါ၊သာသနာတော်ကြီးကို တန်ဖိုးထားကြစမ်းပါ။
အများက ဂုဏ်တွေ လာဘ်လာဘတွေ ပေါပြီး နာမည်ကြီးမှ လူရာဝင်မယ် ထင်နေကြတယ် ။ မဟုတ်ဘူးနော်။
                             "လူလို မနေကြနဲ့"
စာတတ်အောင် သင်ပြီးလို့ရှိရင်  အသိဥာဏ်က ကျယ်ပြန်ပေးရတယ် ၊ဥာဏ်တဆုံး ကြည့်တတ်တဲ့ အလေ့ လုပ်ပေးရတယ်။ အများအားဖြင့် စာတတ်အောင် သင်ပြီးတော့ စာလို မနေကြဘူး ၊ လူလို နေနေကြတယ်။
Wednesday, August 1, 2012
ဝါဆိုလပြည့်နေ့ နှင့် ဓမ္မစင်္ကြာအခါတော်နေ့ မြတ်မင်္ဂလာ
ဝါဆိုပွဲတော်ဆိုသည်မှာ ဝါဆိုလတွင် သက်ကြီးဝါကြီး များကို ပူဇော်ကန်တော့ပွဲ
သံယာတော်များ ဝါဆိုဝါကပ်သောပွဲနှင့် ဝါဆိုသင်္ကန်းနှင့်ဝါဆိုပန်း ကပ်လျှုပူဇော်ပွဲများကို
ခေါ်ပါသည်။
                 ရှေးမြန်မာဘုရင်များသည် ဝါဝင်ကာလတွင်တကြိမ် ဝါကျွတ်ကာလတွင်တကြိမ်
ကန်တော့ခံခဲ့ကြသည် ကန်တော့သူများမှာ ဘုရင်မင်း၏သာသမီး ဆွေတော်မျိုးတော်များ
နှင့် လက်အောက်ခံအမှု့ ထမ်းများပင်ဖြစ်ပါသည် ။ ဤနည်းကိုအတုယူ၍ အချို့ သောအရပ်
ဒေသများတွင် ဂါရဝမင်္ဂလာပူဇာစ  ပူဇာနေယျာနံ မင်္ဂလာနှင့်အညီ အသက်သိက္ခာ ဂုဏ်ဝါ
ကြီးသူများကို ပူဇော်ဖွယ်ရာများနှင့်ကန်တော့ပူဇော်ကြပါသည်။
                  ရဟန်းတော်အရှင်မြတ်များ သည်လည် နောက်လိုက်နောက်ပါ တပည့်ပရိတ်သတ်ခြံကာ သိက္ခာဝါကြီးတော်မူသည့် နီးစပ်ရာဆရာတော်ကြီးများအား လိုက်လံကန်တော့သောအစဉ်အလာ မှာ ယခု့ ထက်ထိ တည်၇ှိနေပေ၏။
                         ဝါဆိုလတွင် စိုက်ပင်ပျိုးပင်များကြီးထွားစအချိန်ဖြစ်၏ ။ထိုအချိန်တွင်
သံယာတော်များသည် ခရီးလှည့်လည်သွားနေကြရာ လယ်ထဲရာထဲမှကောက်ပဲသီနှံများ
ထိခိုက်ပျက်စီးသဖြင့် လူအများ၏ပြစ်တင်ငြိုငြင်ခြင်းကိုခံကြရလေသည်။
           ထိုကြောင့်မြတ်စွာ ဘုရားရှင်သည်  မိမိ၏တပည့်သားသံယာများအား  (ဝါဆိုလပြည့်ကျော် တရက်နေ့  မှဖြစ်စေ ဝါခေါင်လပြည့်ကျော်တရက်နေ့ မှာဖြစ်စေ ဝါဆိုဝါကပ်ပြု့ ကြရမယ်ဝါတွင်းသုံးလပတ်လုံးမည်သည့်အရပ်ကိုမှ ညည်အိပ်ညနေ မသွားကြရ ) ဟူ၍ပညတ်တော်မူခဲ့လေသည်။
          ဝါကပ်ရာတွင် ပုရိမဝါနှင့် ပစ္ဆိမဝါ ဟုရှိပါသည်။ ပုရိမဝါကို ဝါဆိုလပြည့် ကျော် တရက်နေ့တွင် ကပ်၍ သီတင်းကျွတ်လပြည့်နေတွင် သုံးလပြည့်ကာဝါကျွတ်၏ အကြောင်းမညီညွတ်၍ ပုရိမဝါဆိုလိုက်ရလျှင် ဝါခေါင်လပြည့်ကျော်တရက်နေ့ တွင် ပစ္ဆိမဝါကပ်နိုင်သေး၏ ပစ္ဆိမဝါမှာ တန်ဆောင်မုန်းလပြည့်နေ့ တွင်
သုံလပြည့်ကာဝါကျွတ်၏။
           ဝါဆိုဝါကပ်ခြင်းကို ညနေပိုင်းတွင်ဖြစ်စေ ညဦးပိုင်းတွင်ဖြစ်စေ ကျောင်းတိုင်အတွင်း၌ ရဟန်းသာမဏေများ စု ရုံးကာ ဘုရာတပည့်တော်သည် ဤကျောင်း၌ ဤဝါတွင်းသုံလတာလုံးဝါကပ်ပါ၏ ဝါဆိုပါ၏ ဟူသော အဓ်ပ္ပါယ်ရှိသည့် ပါဠိကိုရွတ်ဆိုရ၏။
အကြီးအကဲ မထေရ် ကဝါဆိုဝါကပ်ပြု့ သော ကျောင်းတိုက်နယ်နိမိတ် ကို ရဟန်းသာမဏေများ သိထားနှင့်ရန် ရှင်းပြတော်မူရ၏။
        ထိုသို့ သောသံယာတော်များ ဝါဆိုရာသို့ ပန်းများ ဝထ္တုပစ္စည်းလေးပါး များလာရောက်လျှုဒါန်ခြင်းမှာ  ဝါဆိုပန်းကပ်ခြင်း ဝါဆိုပန်းခူးခြင်းနှင့် ဆက်စပ်နေပေသည်။
           ရပ်သူရွာသားများသည်လည်း ဘုရားပန်းကပ်လှူရန်အတွက်လည်းကောင်း သံယာတော်များအား ကပ်လှူရန်အတွက်လည်ကောင်း ပန်းခူးထွက်ကြလေသည် ။
          ခူး၍ ရ၇ှိသောပန်းများကို ညနေပိုင်းတွင်စု့ ဆောင်ကာ သန့် ပြန့် အောင်
ဆေးကြောပြီးနောက် အတီးအမှုတ် အက အခုန် များ နှင့်နီးစပ်ရာဘုရားများ ကျောင်းများ
သို့ လှည့်လည်ကပ်လှူကြပါသည်။ ကျောင်းများသို့ ကပ်ရာ၌ ပန်းမျှသာမဟုတ် ကြီးမား
သော ဝါဆိုဖယောင်းတိုင်ကြီး များနှင့် အခြားလှူဖွယ်များလည်း ပါရှိလေသည်။
            သုံးလူထွတ်ထားသဗ္ဗေညုမြတ်စွာဘုရားလက်ထက်တော် က တပည့်သားသံယာတော်များအား  ခွင့်ပြု့ ထားသောသင်္ကန်း ၉ ထည်ရှိ၏ ။၎င်း ၉ ထည်တွင်  "ဝဿဝါသင်္ကန်း နှင့် ဝဿိကသာဋိက သင်္ကန်းတို့ ပါဝင်လေသည်။
                  ဝဿဝါသင်္ကန်းမှာ  မိုးကာလပတ်လုံးနေပြီးသော ရဟန်းအား
လျှုဒါန်းသည့်သင်္ကန်း  ဟု့အဓိပ္ပါယ်ရသော ဝါကျွတ်သင်္ကန်းဖြစ်သည် ။ထိုသင်္ကန်းကို
ဝါဆိုပြီးသော ရဟန်းတော်များသည် ဝါကျွတ်ချိန်တွင်အလျှုခံရန် မြတ်စွာဘုရားရှင်မှ
ခွင့်ပြု့ တော်မူခဲ့ပါသည်။
               သို့ သော် ကိုယ်ဝန်ဆောင်  မကျန်းမမာစသော အသက်အန္တရာယ်
စိုးရိမ်သူများနှင့် ရုတ်တရက်သဒ္ဓါပေါက်လာသူများက အဆောတလျှင် လှူဒါန်းလိုပါက
ဤ ဝဿဝါသိက  သင်္ကန်းမျိုးကို ဝါမကျွတ်မှီဆယ်ရက်အလို ဝါတွင်းကာလ၌လည်းအလှူ
ခံနိုင်သည်ဟု့ ခွင့်ပြု့ တော်မူခဲ့ပေသည်။
             ဝဿိက သာဋိက သင်္ကန်း မှာ မိုးအခါ၌ဝတ်ဆင်သောသင်္ကန်းဟု အဓိပ္ပါယ်ရ၍ နယုန်လပြည့်ကျော်တရက်နေ့ မှစ၍ အလှူခံနိုင်၍ ဝါဆိုလဆန်း တွင် ချူပ်နိုင်ဝတ်နိုင်သော သင်္ကန်းဖြစ်၏ ။ ထိုမိုးရေခံ သင်္ကန်းသည် မြတ်စွာဘုရားရှင်၏အထွာတော်အားဖြင့် အလျားခြောက်ထွာ အနံနှစ်ထွာခွဲရှိသည်။ မိုးရွာသည့်အခါ၌ ရေသနုတ်
ကဲ့သို့ အသုံးပြု့ ရသည် အဓိဌာန်သီးခြားတင်ရသည်။
                ထိုသင်္ကန်းများကို လှူဒါန်းသော အလှူရှင်သည်လည်းရှားပါး ပြီး သုံးဆောင်သော ရဟန်းများလည်းရှာပါးလာသောကြောင့် ယခု့ အခါတွင် ဤသင်္ကန်းများကို သိသူနည်းပါ၍ ပေါက်ကွယ်လု  နီးပါးရှိနေပေပြီး ယနေ့ အများသိ အများလျှုဒါန်း နေကြသော ဝါဆိုသင်္ကန်းမှာ အထက်တွင်တင်ပြခဲ့ပြီးဖြစ်သော ဝဿဝါသိက သင်္ကန်း
ဝဿိကသာဋိသင်္ကန်း သင်္ကန်းတို့ နှင့်ကား အကျုံးမဝင်ဟုသိရပေသည် ။ ယနေ့ အခါ
လူအများသိထားသောဝါဆိုသင်္ကန်းကိုမူ သံယာတော်များဝါဆိုတော် မမူကြမှီ  ၁၅ ရက်
ခန့် အတွင်လျှူဒါန်းလေ့ရှိကြပါသည်။
          ဝါဆိုလဆန်းတရက်နေ့ မှ ဝါဆိုလပြည့်နေ့ အတွင်း၌ ဘုန်းတော်ကြီးကျောင်းများတွင် လျှူဒါန်းပွဲများကျင်းပ၍ ဖြစ်စေ၊ မိမိနေအိမ်တွင်ဖြစ်စေ တတ်စွမ်းနိုင်သမျှ သံယာတော်များပင့်ဖိတ်ကာ ဆွမ်းခဲဖွယ်နှင့် ဝတ္ထုအစု့ စု့ တို့ ကို ဆက်ကပ်လျှုဒါန်းကာ ဝါဆိုသင်္ကန်းကိုလည်းဆက်ကပ်လျှူဒါန်းကြလေသည်။
              ဝါဆိုလပြည့်နေ့ နှင့်  လပြည့်ကျော်တရက်နေ့ တွင်ဘုန်းကြီးကျောင်းများတွင် သီတင်းသီလ ဆောက်တည်သူများ စည်ကား၍ တန်းခိုးကြီး ဘုရားများတွင် ဝါဆိုပန်းကပ်သူများနှင့် စည်ကားစွာ ရှိကြပါတယ်။
                        ထိုနေ့၌ဓမ္မစင်္ကြာတရားတော်ကိုမြတ်စွာဘုရားကဟောကြားတော်ခြင်း
                        ကိုအကြောင်းပြု၍ ကျင်းပရခြင်းဖြစ်သည်။
                                                                                                                                                    ဓမ္မစင်္ကြာတရားတော်မြတ်ကိုမြတ်စွာဘုရားသည်အိန္ဒိယနိုင်ငံဗရာဏသီမြို့                       မိဂဒါဝုန်တော၌ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့် နေ၀င်လထွက်အချိန်၌  ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကိုဝန်ခံသောအားဖြင့်ဟောကြားတော်မူခြင်းဖြစ်သည်။
      ဓမ္မစင်္ကြာတရားတော်သည်  ၀ိနည်းမဟာဝါ ပါဠိတော်၌ ပဉ္စ၀ဂ္ဂိယကထာအမည်ဖြင့်  လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂပါဠိတော်၌ ဓမ္မစက္က ပ၀တ္တန၀ါရ အမည်ဖြင့်လာရှိပါသည်။မဟာဝဂ္ဂသံယုတ်ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တနအမည်ဖြင့် လာရှိပါသည်။
     ဓမ္မစက္ကပ၀တ္တနအဓိပ္ပါယ်မှာ=တရားတည်းဟူသောအသိစက်ကိုဖြစ်စေ၊နားလည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်။(ဓမ္မစက္က=တရားတော်၊ပ၀တ္တန=ဖြစ်စေ လည်စေခြင်း)
  ဓမ္မစင်္ကြာတရားတော်သည်  သစ္စာလေးပါးတရားကို ညွန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစင်္ကြာတရားကိုစိစစ်သုံးသပ်ကြည့်ပါလျင် လမ်းစဉ်မှာအစွန်းနှစ်ခုကို ရှောင်ကြဉ်ရေး ၊မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကိုကျင့်သုံးရေး ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏တိကျခိုင်မာသော သဘောတရားကိုတွေ့မြင်နိုင်ပေသည်။
  ဤကဲ့သို့အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့ ကဓမ္မစင်္ကြာတရားတော်ကို အထူးပင်ရွတ်ဖတ်သရဇ္ဈယ်တော်မူကြသည်။
                 * ၀ါဆိုလပြည့်နေ့၏ထူးခြားချက်များ*
မြန်မာရိုးရာဆယ့်နှစ်လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်...........
၁။ဂေါတမဗုဒ္ဓဘုရားလောင်းပဋိသန္ဒေနေသောနေ့ဖြစ်၍ထူးခြားခြင်း
၂။ဂေါတမဘုရားလောင်းသည် တောထွက်တော်မူသော နေ့ဖြစ်၍ထူးခြားခြင်း
၃။ဂေါတမဘုရားလောင်းသည် ဓမ္မစင်္ကြာတရားစတင်ဟောတော်မူသော
နေ့ဖြစ်၍ထူးခြားခြင်း
၎။ရေ..မီးအစုံတန်ခိုးပြာဋိဟာကိုပြတော်မူသောဖြစ်၍ထူးခြားခြင်း
၅။ဘုရားအဖြစ်ကိုဝန်ခံတော်မူသောနေ့ဖြစ်၍ထူးခြားခြင်း
၆။တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်၍ထူးခြားခြင်း
၇။သံဃာရတနာစတင်ပေါ်ပေါက်သောနေ့ဖြစ်၍ထူးခြားခြင်း..
၈။ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့ဖြစ်၍ထူးခြားခြင်း
အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က
ဤ၀ါဆိုလပြည့်နေ့
၌ကျောင်းကန်ဘုရားသို့သွားရောက်၍ ၀ါဆိုပန်းများကပ်လှုခြင်း ၀ါဆိုသင်္ကန်းများလှုဒါန်းခြင်း ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်သရဇ္ဈယ်ခြင်း အားဖြင့်  ၀ါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့..ကိုဆင်နွဲပြုလုပ်ကြသည်။
   မြတ်ဗုဒ္ဓ၏တရားစက်တော်ကြီး...
ဓမ္မမိတ်ဆွေသူတော်ကောင်းတို့...
လွန်ခဲ့သာ မဟာသက္ကရာဇ်(၁၀၃)ခုနှစ် ၀ါဆိုလပြည့်နေ့မှာ ဂေါတမမြတ်စွာဘုရားက “ဓမ္မစက္က”အမည်ဖြင့် တရားစက်ရုံတော်ကြီးတစ်ရုံကို တည်ဆောက်ခဲ့ပါတယ်။ တည်နေရာကတော့အိန္ဒိယနိုင်ငံ ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဖြစ်ပါတယ်။  အဲဒီတရားစက်ရုံကြီးကို လုပ်သားငါးဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပါတယ်။
              စက်ရုံမှုးကြီးဖြစ်တဲ့ ဘုရားသခင်က ခေတ်ကာလအခြေနေနှင့်လျော်ကန်သင့်မြတ်တဲ့  ထွက်ကုန်ပစ္စည်းကို   သစ္စတံဆိပ်ခိပ်နှိပ်လျက် ဒုက္ခ,သမုဒယ,နိရောဓ,မဂ္ဂ..ဟူရ်ျလေးမျိုးလေးစား
ခွဲခြားကာစမ်းသပ်  ထုတ်လုပ်ခဲ့ပါတယ်။ 
            ပစ္စည်းလေးမျိုးကိုကိုင်တွယ် အသုံးပြုနည်းအညွန်းကိုလည်းအပေါ်မှာရေးကပ်ထားပါတယ်။
အဲဒီအညွှန်းကတော့  “မဇ္ဈိမပဋိပဒါ” ဆိုတဲ့အညွန်းဖြစ်ပါတယ်။ ဒီလိုညွှန်းကပ်ပေးရတာကတော့
ကာမချမ်းသာ အာရုံခံစားမှု့ လက်ယာအစွန်းနှင့်  အတ္တဘောပင်ပမ်းစေတဲ့ လက်ဝဲအစွန်းသို့မကျရောက်အောင် တိတိကျကျညွှန်ပြတဲ့အညွှန်းဖြစ်ပါတယ်။
              ဓမ္မလုပ်သားကြီးများဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးအနက်...
၁။ဝါဆိုလပြည့်နေ့မှာ အရှင်ကောဏ္ဍည၊
၂။ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ အရှင်ဝပ္ပ။
၃။ဝါဆိုလပြည့်ကျော်နှစ်ရက်နေ့မှာ အရှင်ဘဒ္ဒိယ၊
၎။ဝါဆိုလပြည့်ကျော် သုံးရက်နေ့မှာ အရှင်မဟာနာမ်၊
၅။ဝါဆိုလပြည့်ကျော်လေးရက်နေ့မှာ အရှင်အဿဇိ၊
ထိုနေ့ရက်အစဉ် ထေရ်အစဉ်အားဖြင့် သောတာပန်ဘွဲ့ထူး ဂုဏ်ထူးတွေ ရရှိကြပါတယ်။
           ဓမ္မမိတ်ဆွေတို့ ....
       စက်ရုံမှုးကြီးဖြစ်တဲ့ မြတ်စွာဘုရားက ၀ါဆိုလပြည့်ကျော်ငါးရက်နေ့မှာ ပစ္စည်းသစ်တစ်မျိုးကိုပြောင်းလဲ ထုတ်ဝေခဲ့ပါတယ်။ အဲဒီပစ္စည်းကတော့ “အနတ္တလက္ခဏ”ဖြစ်ပါတယ်။အနတ္တလက္ခဏနနှင့်အတူ ပဋိစ္စသမုပ္ပါဒ်
ခေါ်တဲ့ စက်ရုံထွက်ပစ္စည်းများကို ထုတ်ဝေပေးချိန်မှစပြီး ၀ါဆိုလပြည့်ကျော်ငါးရက်နေ့မှာ ပဉ္စ၀ဂ္ဂီငါးဦးလုံးရဟန္တာဖြစ်ကုန်ကြပါတယ်။
               ဗုဒ္ဓတီထွင်ထားတဲ့ ဓမ္မစက်ရုံထွက် ပစ္စည်းများမှာ အမျိုးအစားအားဖြင့် (၈၄၀၀၀)အရေတွက်ရှိပါတယ်။ ကာလကြာညောင်းပေမယ့် အစဉ်အမြဲ သစ်လွင်လတ်ဆတ်လျက် ရှိနေပါသေးတယ်။ ယနေ့ဆိုလျင်ဗုဒ္ဓ တည်ဆောက်ခဲ့တဲ့ဓမ္မစက်ရုံကြီးမှ လည်ပတ်နေတဲ့ တရားစက်သံများမှာ အရပ်ထပ်ဝန်းကျင် ပဲ့တင်ထပ်လျက် အရှိန်မပျက်လည်နေပါကြောင်း တင်ပြရင်းနိဂုံးချုပ်လိုက်ပါတယ်။
                   လောကစွမ်းအင်နှင့်ဓမ္မစွမ်းအင်..
            တရားချစ်ခင်သူတော်စဉ်အပေါင်းတို့.........
           ဓမ္မစင်္ကြာအခါတော်နေ့သို့ကုသိုလ်ပြုကြသူအားလုံး
(က)အစွန်းနှစ်ပါးမှလွတ်ကင်းကြပါစေ၊
(ခ)မဂ္ဂင်ရှစ်ပါးပွားများပြီး သစ္စာတရားကို သိမြင်နိုင်ကြပါစေ၊
(ဂ)ဒုက္ခခပ်သိမ်းမှငြိမ်းအေးကြပါစေ..
လို့ဆုမွန်တောင်းရင်းနိဂုံးကမ်ပတ်အဆုံးသတ်လိုက်ပါတယ်။