Thursday, December 27, 2012
မေတ္တာ၏အကျိုးကျေးဇူးများ
မေတ္တာ၏အကျိုးကျေးဇူးများ
စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
 (၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
 (၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
 (၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
 (၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
 (၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
 (၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
 (၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
 (၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး  သမာဓိဖြစ်လွယ်တယ်။
 (၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ   ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။
        မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ ကြံတိုင်းအောင်ပြီး ဆောင်တိုင်း မြောက်တယ်။  ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းက ဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။
        မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့ မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုး ဆောင်ရွက်နေသူလည်းဖြစ်တယ်။  သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်း အချင်းချင်း ချစ်ခင်ကြတယ် ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည် ကြိုးကြိုးစားစား အားထုတ်ကြပါ။
        နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာ ကုမ္ပဏီတွေမှာ ရာထူးရဖို့၊ အထက်လူကြီးရဲ့ ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီး အဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့ မေတ္တာဘာဝနာ စွမ်းအားကိုသာ တင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။  ရန်လည်းလုံ၊ လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။  ဒီ့ထက်ကောင်းမွန်တဲ့ ယတြာလက်ဖွဲ့မရှိပါဘူး။
မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း
 တစ်ဖက်သားကို ချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကို မေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။ အဲဒီလိုစိတ်တွေပွားအောင် များအောင် အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ ဆိုနိုင်ပါတယ်။
စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊ အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊ နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည် သေးပါဘူး။
ပါဠိ ဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..
“အဝေရာ ဟောန္တု
 အဗျာပဇ္ဇာ ဟောန္တု
 အနီဃာ ဟောန္တု
 သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်း ပွားများနေရပါမယ်။
        မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အား မေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။  မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်း အရေးပါတယ်။  ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်း ကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲ သုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။
အင်္ဂလိပ်လိုမေတ္တာဘာဝနာပွားချင်ရင်တော့အောက်ပါအတိုင်းဖြစ်ပါတယ်..
MAY YOU BE FREE FROM ENMITY AND DANGER
MAY YOU BE FREE FROM MENTAL SUFFERING
MAY YOU BE FREE FROM PHYSICAL SUFFERING
MAY YOU TAKE CARE OF YOURSELF HAPPILY
        ကြိုတင်သိထားရမယ့် အချက်တွေကတော့..
 ၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်
 ၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့ လူပုဂ္ဂိုလ်၊  ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို
     ဦးစွာရွေးချယ်ထားပြီး ဖြစ်ရပါမယ်။
 ၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာ မိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ  ရောက်နိုင်တယ်လို့လည်း
     ကြိုတင်သိထားရမယ်။ နောက်ပိုင်း မေတ္တာဘာဝနာပွားတာ အလေ့အကျင့်အား  ကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ
     မိမိခန္ဓာကိုယ်က ဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့  ကိုယ်တိုင် သဘောကျနိုင်ပါတယ်။
 ၄။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကို မပါသင့်ပါဘူး။ 
     မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။
 ၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့ မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ  မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကို
     စိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲ ပုံဖော်မြင်အောင်ကြည့်ပြီး  ရာထောင်မက မေတ္တာပွားရပါတယ်။
 ၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့
     ဆောင်ရွက်မြဲအတိုင်း ဆောင်ရွက်နိုင်ပါတယ်။ 
 ၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီး အကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။ 
     နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။  မေတ္တာပွားပြီးနေရတာ သက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊
    ဒီလိုအတွေ့အကြုံရှိလာတဲ့ ယောဂီပုဂ္ဂိုလ်ဟာ  မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။  အလိုလိုပဲ စိတ်က မေတ္တာကမ္မဋ္ဌာန်း
    ပွားပြီးသားဖြစ်နေတတ်ပါတယ်။
 ၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလို တစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။လေးလေးနက်နက်
     ဖြစ်ဖို့ရာ အတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။  (တိဌံစရံနိ သိန္နောဝ သယာနော-  မေတ္တာသုတ်)
 ၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။  သေပြီးသူဟာ မေတ္တာအာရုံယူဖို့ မဖြစ်နိုင်တော့တာမို့ သေပြီးသူကို
     အာရုံပြုပြီး မေတ္တာမပွားရပါဘူး။ (အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)
၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့
        (၁) မုန်းသူ
        (၂) အလွန်ချစ်သူ
        (၃) မချစ်မမုန်းသူနှင့်
        (၄) ရန်သူတို့ ဖြစ်တယ်။
        အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကို ချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင်
        မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။  ဒါ့ကြောင့် ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။
        အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်း တဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။
        အလယ်အလတ် မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်း ခက်ခဲပြန်ပါတယ်။
        ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာ မေတ္တာမပွားရပါဘူး။  မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကို မေတ္တာပွားရပါမယ်။
၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို)မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲ    
     ရာဂစိတ်ရိုင်း တွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။  သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှား
     ကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါ မူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့
     မေတ္တာပွားနိုင်ပါတယ်။
မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း)
        မိမိကိုယ်ကိုပဲ မေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ် ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။  မိမိကိုယ်ကို မေတ္တာပွားရတာ အားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။  ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်း မိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင် မိန့်တော်မူထားပါတယ်။  ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာ မေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။
        ပြီးမှ သက်တော်ထင်ရှားရှိပြီး မေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။  မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို မိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။
        မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကို ပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲ မေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။
        တခါတရံ အချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန် ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်း အချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။  အဲဒီအခါကျရင် လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။
        မေတ္တာစိတ် ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်း ပွားနိုင်ပါပြီ။
        မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။  မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင် မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊ အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊ အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုး စိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊ စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ် သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့ နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။  မေတ္တာအင်အား ကောင်းသထက်ကောင်းအောင် လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိ အသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။
        တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိ ကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေ အလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုး မဟုတ်တော့ဘူး။
        မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊ မေတ္တာစိတ်မျှပဲ ရှိတော့တယ်။
        မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့ တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက် စစ်ဆေးမိရက်သားဖြစ်နေတယ်။  ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ် ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။
        အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေ မဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။  အဲဒီအခါမှာတော့ မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကို ယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။
        လူပုဂ္ဂိုလ်များကို ကျေပွန်အောင် မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့ မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
 -         မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။  ဒါကို အထပ်ထပ်ပွားလို့ ကျေပွန်ရင်
-         အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
-         ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။
-         အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိ အရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။
-         ဆက်ပြီးတော့ ကမ္ဘာကနေ အနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့ အရပ်မျက်နှာအားလုံး
            ကို မေတ္တာပွားရမယ်။
-         အလေ့အကျင့်ရလာတဲ့အခါမှာတော့ အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများ
            ချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။
-         အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။  မိမိကိုယ်ကနေ မေတ္တာလှိုင်းများ
            ပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။
-         အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့် ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊
ငါ့မေတ္တာစူးရင် သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့် မေတ္တာပို့ရင်တော့
မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတ ရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။  ပို့တဲ့သူဆီကို
မေတ္တာရောက်မှာ မဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ် ကိလေသာစိတ်တွေဖြစ်ပြီး
ပင်ပန်းဖွယ်ပဲရှိပါတယ်။  မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။
နေ့စဉ်ဘ၀ထဲ၌ လုပ်ရင်းကိုင်ရင်း ပွားများခြင်း
        မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေ ပွားနေခြင်းဖြစ်ပါတယ်။  အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကို မေတ္တာရောက်ရှိနေပါပြီ။  ဒီလိုရောက်လာဖို့ အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက် ကို တွေ့ရင် မိမိက ဦးစွာမေတ္တာပို့ပါ။  တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။  အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။  မေတ္တာပို့ရင်းပဲ အိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့ လေ့ကျင့်ပေးပါ။  စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကို မေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက် ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။ 
        ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာ မေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာ သတိထားမိပါလိမ့်မယ်။  စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။  ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေ ရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။
မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။ 
မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကို ပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်း သောရဟန်း၊ ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီး အထူးချီးမွမ်းတော်မူပါတယ်။
        ထင်ရှားတဲ့သာဓကအနေနှင့်တော့ ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့် ဘုရားရှင်ရဲ့ မေတ္တာတော် ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။
“မြတ်စွာဘုရားရှင်သည် ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသော သတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့် သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ် ဓာတ်တော်ကို အကျဉ်းချုံး ရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာ ဖြန့်ပို့တော်မူ၏။  ဘုရားရှင်မေတ္တာဓာတ် ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင် (သိဒ္ဓတ္ထ လာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်း မရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦး ကြိုဆိုခြင်းစသော အမှုကိစ္စအားလုံးကို ပြုမိကြလေပြီ”  ဒါက မေတ္တာရဲ့သာဓကပါပဲ။
        နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကို နာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။  နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာ ဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
        မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့.. မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊ တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ် ဒေသဟူ၍ မရှိကောင်းပါဘူး။  အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။  ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲ အစွမ်းထက်လှပါတယ်။  ကျင့်ကြံ အားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာ မကွယ်ပျောက်ပါဘူး။  ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှ ထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။  နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်း ဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာ ရှင်းပြခဲ့ပြီးပါပြီနော်..။
အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ ကူးယူဖော်ပြပါသည်။
Wednesday, December 26, 2012
လူတော်လူမော်တွေအမြဲတစေလက်ကိုင်ထားတတ်တဲ့အမူအကျင့်(၁၀)မျိုး
လူတော်လူမော်တွေအမြဲတစေလက်ကိုင်ထားတတ်တဲ့အမူအကျင့်(၁၀)မျိုး
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။
၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်းရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင်
လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။
၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊
တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။
၎။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။
နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။
၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့
အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။
၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။
၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ
အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီကမြစ်ဖျားခံတာပဲ။
၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ စာရေးသူတို့ရဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာစာရေးသူတို့ ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။
၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဥာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။
၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။
အားလုံးသောစာချစ်သူတွေ ကောင်းမြတ်တဲ့ အမူအကျင့်တွေ ပိုဆိုင်နိုင်ကြပါစေ.......
Tuesday, December 25, 2012
ခရစ်စမတ်
ခရစ်စမတ် အဓိပ္ပါယ်
ခရစ်စမတ်-ဟူသော ဝေါဟာရသည် မြန်မာစကားလုံး စစ်စစ်မဟုတ်မူပဲ ရှေးဟောင်းအင်္ဂလိပ် “Christmas” ဝေါဟာရမှ တိုက်ရိုက်အသံ ဖလှယ်ထားသော စကားလုံး ဖြစ်သည်။ အင်္ဂလိပ်တို့ကလည်း ဂရိနှင့်လက်တင်ဘာသာတို့၏ စကားလုံးကို တစ်ဆင့် မွေးစားထားသည့် စကားလုံး ဖြစ်နေပြန်သည်။ ခရစ်စမတ်-စကားလုံးသည် “ခရစ် (စ်) နှင့် မတ်” ဟူ၍ နှစ်ပုဒ် ခွဲရသည်။
“ခရစ်(စ်)” ပုဒ်ကား ယေရှုဘုရားသခင်၏ အမည်နာမတော် ဖြစ်၍၊ “မတ်” သည် ပွဲတော်ဟု အဓိပ္ပါယ်ရသည်။ သို့ဖြင့် ခရစ်စမတ်ဟု ဆိုပါက ခရစ်ယာန် ဘာသာဝင်တို့က ယေရှုဘုရားသခင်ကို ပူဇော်ခြင်း၊ ယေရှုဘုရားသခင်အတွက် ပွဲတော်ကို ကျင်းပပေးခြင်းဟု ဖွင့်ဆိုရပေမည်။ အင်္ဂလိပ်ဘာသာဖြင့် “Christmas” ဟု ရေးနိုင်သကဲ့သို့ “Xmas” ဖြင့် အတိုကောက် ရေးသားနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် “X” သည် “Chi” (ခရ်) ဟူသော ဂရိ၏ အစအက္ခရာ တစ်လုံး ဖြစ်သောကြောင့်တည်း။ ခေတ်သစ်လူငယ်တို့ကမူ ယေရှုဘုရားသခင် အထိမ်းအမှတ်ဖြစ်သည့် လက်ဝါးကပ်တိုင်ကို မိုင်နပ် ၄၅-ဒီဂရီစောင်းပါက “X” အက္ခရာ ဖြစ်လာမည်ဟု ယူဆကြသည်။
ခရစ်စမတ် နေ့ရက်
ခရစ်စမတ် (သို့မဟုတ်) ခရစ်စမတ်နေ့ကား နှစ်စဉ် ဒီဇင်ဘာ ၂၅-ရက်နေ့တွင် ကျရောက်သည်။ ယေရှုခရစ်တော် မွေးဖွားခဲ့သည့် နေ့မြတ်ကို အထိမ်းအမှတ်ပြုကာ တစ်ကမ္ဘာလုံးရှိ ပြည်သူသန်းပေါင်း မြောက်များစွာတို့က ပွဲတော်ကို ကျင်းပကြသည်။ ဘာသာရေးနှင့် ယဉ်ကျေးမှု အားလပ်ရက် ပွဲတော်ဟုလည်း ဆိုနိုင်သည်။ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအတော်များများတွင် အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြသည်။ မျက်မှောက်ခေတ်တွင် ခရစ်ယာန် ဘာသာဝင်များအတွက်သာမကပဲ ခရစ်ယာန်မဟုတ်သော ဘာသာဝင်များတို့ကပါ ဤခရစ်စမတ်ပွဲတော်ကို ပါဝင်ဆင်နွှဲလာကြသည်။
ရှေးအခါက ယေရှုခရစ်တော်၏ မွေးနေ့ကို အတိအကျ မသတ်မှတ်နိုင်သေးပေ။ ဘီစီ ၇-ရာစုနှင့် ၂-ရာစုကြားတွင် ယေရှုခရစ်တော်ကို မွေးဖွားခဲ့မည်ဟု သမိုင်းပညာရှင်များက မှန်းဆကြသည်။ ဘီစီ ၄-ရာစု အလယ်လောက်တွင် အနောက်တိုင်း ခရစ်ယာန် ချာ(ခ်ျ) ကျောင်းတော်က ဒီဇင်ဘာ ၂၅ ရက်နေ့ကို ယေရှုခရစ်တော် မွေးနေ့အဖြစ် ရွေးချယ် သတ်မှတ်ခဲ့သည်။
သို့သော် အရှေ့တိုင်းသား ခရစ်ယာန်များကား အီပီဖနီ (ဘုရားအဖြစ် ရောက်ရှိသည့်နေ့) ဖြစ်သော ဇန်န၀ါရီလ ၆-ရက်နေ့ကို ခရစ်စမတ်နေ့အဖြစ် သတ်မှတ်ကြသည်။ နောက်ပိုင်းတွင် အရှေ့တိုင်းသားတို့ကလည်း အနောက်ဓလေ့ကို လိုက်ပြောင်းကြသည်။ သို့တိုင် အာမေးနီယားနိုင်ငံကား ယခုတိုင် ဇန်န၀ါရီ ၆-ရက်နေ့ကိုပဲ အများပြည်သူ ရုံးပိတ်ရက်အဖြစ် ကျင့်သုံးလျှက်ရှိသည်။
ခရစ်စမတ် ပွဲတော်
ခရစ်စမတ်ပွဲတော်ကို ခေတ်နှောင်း-ခရစ်ယာန်၊ ခေတ်သစ်-ခရစ်ယာန်နှင့် ဒေသရင်းပြည်သူများတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို လိုက်ကာ ပုံစံအမျိုးမျိုးဖြင့် ကျင်းပလေ့ရှိကြသည်။ ယခုခေတ်တွင်ကား လက်ဆောင်ပေးခြင်း၊ ခရစ်စမတ်သီချင်း လှည့်လည် သီဆိုခြင်း၊ ခရစ်စမတ်ကတ် လဲလှယ်ခြင်း၊ ချာ(ခ်ျ) ဘုရားကျောင်း သွားခြင်း၊ စပါယ်ရှယ်အစားစာကို ကျွေးမွေးခြင်း စသည်တို့ဖြင့် ခေတ်နှင့်အညီ အစားထိုး ပြောင်းလဲ ကျင်းပလာကြသည်။ ထို့ပြင် စန်တာကလော့ ဘိုးဘိုးကြီး၊ ခရစ်စမတ် ခမည်းတော်၊ သူတော်စင် နီကိုလပ်တို့၏ အသွင်သဏ္ဌာန်ကို ယူကာ ခလေးများတို့အား စားစရာ သောက်စရာ လိုက်ဝေပေးသော ဓလေ့လည်း ထွန်းကားလာသည်။
ကျမ်းကိုး- http://en.wikipedia.org/wiki/Christmas
Monday, October 29, 2012
သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၁၁)အဆက်
ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း
ဆိုခဲ့ပြီးသည့်အတိုင်း သမာဓိ၏ နိရုတ္တိအဓိပ္ပာယ်မှာ မိမိစိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်းဖြစ်ပါသည်။ သမာဓိကိုမည်သည့် တန်ခိုးရှင်ကမှ ဖန်တီးပေးနိုင်မည်မဟုတ်။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှသာ ရယူနိုင်သည်။ ထို့ကြောင့် သမာဓိကိုပင် “မိမိကိုယ်တိုင်စုစည်းထားသောစိတ်”(Self - collected mind)ဟု  ခေါ်နိုင်ပါလိမ့်မည်။ ဤသို့မိမိစိတ်ကို စုစည်းထားနိုင်သူအတွက် ပြင်ပအာရုံများ၏ နှောင့်ယှက်မှုကို မခံရတော့ပါ။ မိမိလိုလားသည့် အာရုံတစ်ခုတည်းပေါ်တွင်သာ စိတ်ကို တင်ထားနိုင်ပြီဖြစ်ရာ တည်ငြိမ်သော စိတ်အခံကို ရရှိပါသည်။
သို့နှင့်တိုင် သမာဓိ၏ အဓိပ္ပာယ်ကို ပြည့်ပြည့်စုံစုံ နားလည်ဖို့ဆိုလျှင် ဗုဒ္ဓကိုယ်တိုင် ညွှန်ပြခဲ့သော သမာဓိရနိုင်သည့်နည်းလမ်းများကို လေ့လာဖို့လိုပါသည်။ ယေဘုယျအားဖြင့် ဤနည်းကို ကမ္မဋ္ဌာန်း (meditation)ဟု ခေါ်သည်။ ဘာဝနာဟုလည်းသုံးနှုန်းကြသည်များရှိပါသည်။ယခုအခါ ဗုဒ္ဓဘာသာဝင်မဟုတ်သူများ (အထူးသဖြင့် အနောက်တိုင်းသုတေသီများ)ကိုယ်တိုင်က ကမ္မဋ္ဌာန်းအလုပ်ကို စိတ်ဝင်စားလာကြသည်။ ကိုယ်တိုင်စမ်းသပ် တရားထိုင်ကြသူများပင် တော်တော်များများရှိသည်။ သို့သော် အဆိုပါသုတေသီများပင်လျှင် ဗုဒ္ဓ၏ဓမ္မကို မှားမှားယွင်းယွင်း နားလည်နေကြသည်များရှိနိုင်ပါသည်။ သူတို့ထဲမှ အချို့ဆိုလျှင် ဗုဒ္ဓဘာသာကို ကမ္မဋ္ဌာန်းအလုပ်သက်သက်ဟု နားလည်နေကြသည်။ စင်စစ် ကမ္မဋ္ဌာန်းပုံသဏ္ဍာန်အမျိုးမျိုးမှာ ဗုဒ္ဓ မတိုင်မီကတည်းကပင် အိန္ဒိယ ဒဿနဂိုဏ်းများတွင် ရှိနေခဲ့ပြီဖြစ်ရာ ဗုဒ္ဓဘာသာကို ဆိုခဲ့ပါအတိုင်း အလွယ်ချုံ့ယူနားလည်ရုံမျှနှင့် မလုံလောက်ပါ။
ပြောရလျှင် ကမ္မဋ္ဌာန်းနှစ်မျိုးရှိပါသည်။ ပထမအမျိုးအစားမှာ “စိတ်ကို တည်ငြိမ်စေသည့် ကမ္မဋ္ဌာန်း” (Tranquility meditation)ဖြစ်သည်။ သမထဘာဝနာ ဟုခေါ်ပါသည်။ သမာဓိထူထောင်နိုင်သည့် အဆင့်ထိသာ စွမ်းပါသည်။ ပညာအဆင့်ထိ မကူးနိုင်ပါ။ ဗုဒ္ဓမတိုင်မီ အိန္ဒိယလူ့အဖွဲ့အစည်းတွင်ရှိခဲ့ပြီးသား ကမ္မဋ္ဌာန်း အမျိုးအစားဖြစ်သည်။ ဒုတိယအမျိုးအစားမှာ “ထိုးထွင်း သိမြင်နိုင်သော ကမ္မဋ္ဌာန်း”(Insight meditation) ဖြစ်သည်။ ဝိပဿနာဘာဝနာဟုခေါ်ပါသည်။ ပညာနှင့်ယှဉ်သော သမာဓိကို အမှန်ရစေသည်မှာ အဆိုပါဝိပဿနာဘာဝနာပင် ဖြစ်သည်။ အဆုံးစွန်လွတ်မြောက်ရေး (နိဗ္ဗာန်)ကို မျက်မှောင်ပြုနိုင်ရေးအတွက် ဗုဒ္ဓကိုယ်တိုင်ဖော်ထုတ် တီထွင်ခဲ့သော ကမ္မဋ္ဌာန်းအမျိုးအစားဖြစ်ပါသည်။
(၁) သမထဘာဝနာ
စိတ်၏ သဘာဝမှာ အလှုပ်အယမ်းများတတ်ပါသည်။ သို့နှင့်အမျှ လူသည်စိတ်ပျက်ခြင်း၊ သောကရောက်ခြင်း၊ ကြောက်ရွံ့ခြင်း စသော ဝေဒနာမျိုးစုံ၏ သားကောင်ဖြစ်ရတော့သည်။ ဤသို့သော စိတ်ဖိစီးမှုများကို မခံနိုင်တော့ရာမှ မိမိကိုယ်ကို သေကြောင်းကြံသူများပင်ရှိတတ်သည်။ ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးစသည်တို့မှာလည်း အဆိုပါစိတ်ဖိစီးမှုများကို လျော့ပါးသက်သာစေရန် မှီဝဲကြခြင်းဖြစ်နိုင်သည်။ သို့နှင့်တိုင် ဤသို့သောစိတ်ကို ပြောင်းလဲစေသည့်အရာများမှာ တဒင်္ဂ သက်သာမှုကိုသာ ရနိုင်ပါသည်။ ရေရှည်ခိုင်မာသော တည်ငြိမ်မှုကို ရရှိစေသည်မှာ ကမ္မဋ္ဌာန်းအလုပ်ပင်ဖြစ်သည်။
သမထဘာဝနာ၏ အဓိကတာဝန်မှာ ပျံ့လွင့်နေသောစိတ်ကို ဆွဲစုယူသည့်ကျင့်စဉ်ဖြစ်သည်။ ဖယောင်းတိုင် မီး၊ ရေ၊ အရောင် စက်ဝိုင်းစသော ရုပ်ဝတ္ထုတစ်ခုခု၊ သို့မဟုတ် ထွက်သက် ဝင်သက်၊ သို့မဟုတ် စိတ်ထဲမှ တီထွင်ထားသော သင်္ကေတတစ်ခုခုပေါ်သို့ စိတ်ကို တင်းထားနိုင်ရန် လေ့ကျင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် အလေ့အကျင့်များလာလျှင် စိတ်ဖိစီးမှုအားလုံးခွာသွားပြီး၊ မိမိအာရုံပြုရာ တစ်ခုခုပေါ်တွင်သာ စိတ်ကိုစုစည်းလာနိုင်၍ တည်ငြိမ်မှု သမာဓိရလာနိုင်ပါသည်။ ဤသဘောကို အောက်ပါပုံဖြင့်သရုပ်ဖော်နိုင်သည်။
(၂) ဝိပဿနာ ဘာဝနာ
ဝိပဿနာ ဆိုသည်မှာ ဘဝ(ရုပ်နှင့်နာမ်) တို့၏ အစစ်အမှန်တရားကို မြင်အောင်ကြည့်ရခြင်းဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ရုပ်၊ နာမ်၊ တို့၌ရှိသော အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ရှု သိသောဉာဏ်ကို ဝိပဿနာဟုဆိုခြင်းဖြစ်သည်။ အဆိုပါ ဝိပဿနာ ဉာဏ်ရရှိစေရေးအတွက် အားထုတ်ကျင့်ကြံခြင်းသည်ပင် ဝိပဿနာ ဘာဝနာဖြစ်ပါသည်။ လက်တွေ့ကျင့်ကြံအားထုတ်ရာတွင် ဝိပဿနာနှစ်မျိုးရှိနိုင်သည်။ သမထနှင့် သမာဓိထူထောင်ပြီးမှ ဝိပဿနာသို့ ကူးလျှင် သမထရှေ့သွားရှိသော ဝိပဿနာ(သမထပုဗ္ဗင်္ဂမဝိပဿနာ)ဟုခေါ်သည်။ စတင်အားထုတ်စဉ် ကတည်းက ဝိပဿနာဆိုလျှင် (သုဒ္ဓဝိပဿနာ) ဟုခေါ်သည်။
ဝိပဿနာကို ရှုသည်ဆိုသည်မှာ မိမိ၏ခန္ဓာ(ရုပ်နှင့်နာမ်)ကို အရှိအတိုင်းမြင်အောင် သတိကပ်၍ ရှုမှတ်ခြင်းပင်ဖြစ်သည်။ ထိုင်လျက်သော်လည်းကောင်း၊ လမ်းလျှောက်ရင်းသော်လည်းကောင်း၊ လျောင်းစက်၍သော်လည်းကောင်း မည်သည့်ပုံသဏ္ဍာန်နှင့်မဆို ရှုမှတ်နိုင်ပါသည်။ဗုဒ္ဓဘာသာဝင်များအသုံးများသည့် ရှုမှတ်နည်းမှာ ထွက်သက်ဝင်သက်ကိုရှုမှတ်ခြင်းပင်ဖြစ်သည်။ စိတ်ကိုနှာသီးဖျား၊ သို့မဟုတ် ဝမ်းဗိုက်အရေပြားပေါ်တွင်တင်ပြီး ထွက်လေဝင်လေမှတ်လေ့ရှိကြသည်။ ဤသို့အကြိမ်ကြိမ်ရှုမှတ်ရင်းနှင့်ပင် စိတ်မှာစင်ကြယ်လာပြီး (စိတ္တဝိသုဒ္ဓိ)၊တဖြည်းဖြည်းတည်ငြိမ်မှု သမာဓိရလာသည်။ ထို့နောက်တွင်ကား ရုပ်နှင့်နာမ်ကို ခွဲခြားသိသည့်ဉာဏ် (နာမရူပပရိစ္ဆေဒဉာဏ်)၊ အကြောင်းနှင့်အကျိုးကို ဆက်စပ်နိုင်သည့်ဉာဏ် (ပစ္စယပရိဂ္ဂဟဉာဏ်)၊ လက္ခဏာရေးသုံးပါးကို ဆင်ခြင်နိုင်သည့်ဉာဏ် (သမ္မသနဉာဏ်)စသည်ဖြင့် ဉာဏ်စဉ်အဆင့်ဆင့်တက်လာပါသည်။ နောက်ဆုံး သစ္စာလေးပါးကို အမှန်အတိုင်း ထိုးထွင်းသိမြင်နိုင်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုလာနိုင်သည်ဟု အဆိုရှိသည်။
စင်စစ် ကမ္မဋ္ဌာန်းထိုင်နည်းမှာ တစ်ခုမက အမျိုးမျိုးရှိသည်သာ ဖြစ်သည်။ အဆိုပါကမ္မဋ္ဌာန်းအမျိုးမျိုးနှင့် အဓိကအကျိုးသက်ရောက်ပုံများကို ဗုဒ္ဓ၏ သူ၏သားတော် ရာဟုလာသို့ ဟောကြားသောတရားတွင် ဤသို့တွေ့ရသည်။
- ရာဟုလာ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အမုန်းတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ကရုဏာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ရက်စက်ကြမ်းကြုတ်သောစိတ်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ မုဒိတာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ မနာလိုဝန်တိုစိတ်ကို ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ ဥပေက္ခာ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ ပူပင်သောကတို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အသုဘ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ တဏှာရမ္မက်တို့ ကွယ်ပျောက်လိမ့်မည်။
- ရာဟုလာ အနိစ္စ ကမ္မဋ္ဌာန်းစီးဖြန်းပါ။ အတ္တသဘော ကွယ်ပျောက်လိမ့်မည်။
ဤသည်ကို ကြည့ှ်လျှင်ပင် ဗုဒ္ဓ၏ ဓမ္မမှာ သံသရာမှ လွတ်မြောက်ရေးအတွက်သာမက၊ ဘဝရှင်သန်ရေးအတွက်ပါ အကျိုးများစေကြောင်းထင်ရှားပါသည်။
တရားအနှစ်
ယခုထိဖော်ပြခဲ့ပြီးသည်တို့မှာ ဗုဒ္ဓဓမ္မ၏ အခြေခံတရားကိုယ်ဟု ဆိုနိုင်သော အမှန်မွန်လေးပါးကို အကျဉ်းမျှ မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။ နိဂုံးချုပ်အနေနှင့် ဤသည်တို့ကို ပြန်၍အနှစ်ချုပ်ဖော်ပြပါမည်။
ပထမအမှန်မွန် -    မည်သည့်သတ္တဝါမှ ရှောင်လွဲ၍ မရသော ဒုက္ခသစ္စာဖြစ်ပါသည်။ သိမှတ်လက်ခံ၍ မြင်သာအောင် ကြည့်ဖို့လိုပါသည်။
ဒုတိယအမှန်မွန် -    ဒုက္ခ၏ ဖြစ်ရာဖြစ်ကြောင်း၊ အဝိဇ္ဖာနှင့်တဏှာ(သမုဒယသစ္စာ)ဖြစ်ပါသည်။ တတ်နိုင်မျှပယ်သတ်ရမည် ဖြစ်ပါသည်။
တတိယအမှန်မွန် -   ဒုက္ခ၏ ကင်းရာကုန်ရာ နိဗ္ဗာန် (နိရောဓသစ္စာ)ဖြစ်ပါသည်။ အဆုံးစွန် ရည်မှန်းချက် ပန်းတိုင်ဖြစ်ပါသည်။
စတုတ္ထအမှန်မွန် -    နိရောဓသို့သွားရာလမ်း (မဂ္ဂသစ္စာ)ဖြစ်ပါသည်။ သီလကို လုံခြုံစေ၍၊ သမာဓိတို့ကို ထူထောင်ကာ ပညာကို ပွားစီးစေရေးဖြစ်ပါသည်။
ဗုဒ္ဓ၏အလိုအရ အမြင့်ဆုံးပညာဆိုသည်မှာ  သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်စွမ်းဖြစ်ပါသတည်း။    ။
  ကျော်ဝင်း
သမထ ဘာဝနာမှာ သမာဓိကိုဖြစ်စေ၍၊ ဉာဏ်အလင်းရရေးအတွက် အထောက်အကူဖြစ်စေသည်မှာ မှန်သည်။ သို့သော် သမထမှရသော သမာဓိကို အခြေခံ၍ ဝိပဿနာအဆင့်သို့ ကူးနိုင်မှသာလျှင် အမှန်တကယ်လွတ်မြောက်ရာလမ်းသို့ ဦးတည်နိုင်မည်ဖြစ်ပါသည်။
Saturday, October 27, 2012
သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၁)
အခန်း(၁၁)
သမာဓိလမ်း
“သူက တို့ကိုချစ်သလို
သခင့်ကို ချစ်တဲ့ငါ ... ရေးတာ
ဒီမှာပဲ ဆုံးပြီ ...။
နည်းနည်းပဲ သိသမို့၊ နည်းနည်းပဲပြောခဲ့ရဲ့ ....။
ဆရာမြတ်ရဲ့ ငြိမ်းမှုလမ်းအကြောင်း ...”။
စတုတ္တအမှန်မွန်(လွတ်မြောက်ရာလမ်း)၏ တတိယလမ်းမကြီးမှာ သမာဓိလမ်းဖြစ်သည်။ နိရုတ္တိသဘောအရပြောရလျှင် သမာဓိဆိုသည်မှာ “မိမိ၏စိတ်အတွေးကို မှန်ကန်သည့်နေရာတွင် ထိန်းသိမ်းထားခြင်း” (keeping one's thought in the right place)ဖြစ်ပါသည်။ အဆိုပါသမာဓိလမ်းမကြီးကိုပင် နောက်ထပ်လမ်းသွယ်သုံးခု ထပ်မံခွဲခြားထားသည်။ ဤသည်တို့မှာကောင်းစွာ အားထုတ်ကြိုးပမ်းခြင်း (သမ္မာဝါယာမ)ကောင်းစွာ သတိကပ်ရှုမှတ်ခြင်း (သမ္မာသတိ)နှင့် ကောင်းစွာတည်ငြိမ်ရင့်ကျက်ခြင်း (သမ္မာသမာဓိ)တို့ဖြစ်သည်။
ကောင်းစွာအားထုတ်ကြိုးပမ်းခြင်း
လူ့သမိုင်းရှိ ကြီးကျယ်မြင့်မြတ်မှုအားလုံးမှာ ကြိုးပမ်းအားထုတ်မှု၊ ပိုင်းဖြတ်မှုနှင့် ဇွဲလုံ့လဝီရိယတို့၏ အကျိုးဆက်ဖြစ်ပါသည်။ ဤသဘောကိုခေတ်ပြိုင်ကမ္ဘာ(အထူးသဖြင့် အနောက်တိုင်း လူ့အဖွဲ့အစည်းများ)အနေနှင့် လက်ခံယုံကြည်ပြီးဖြစ်ရာ အသစ်အဆန်းဟုမဆိုနိုင်ပါ။ သို့နှင့်တိုင် ဗုဒ္ဓဓမ္မက ညွှန်းသော ကောင်းစွာကြိုးပမ်းအားထုတ်မှုမှာ သံသရာမှလွတ်မြောက်ရေးဖြစ်ရာ၊ ဗုဒ္ဓလိုလားသော အမြင့်ဆုံးကြိုးပမ်းအားထုတ်မှုမှာလည်း ဤရည်မှန်းချက်ကို ဦးတည်ထားခြင်းဖြစ်သည်။
ဤသို့ဆိုသည်နှင့် “ကောင်းစွာကြိုးပမ်းအားထုတ်မှု” ဆိုသော လမ်းသွယ်မှာ လောကီနှင့်မဆိုင်၊ လောကုတ္တရာလမ်းသက်သက်ဟု ယူဆနိုင်သည်တော့ မဟုတ်ပြန်ပေ။ လူတို့၏  ပါရမီအနုအရင့်အလိုက် အားထုတ်ကြိုးပမ်းဖွယ်ရာများကို အဆင့်သုံးဆင့်ခွဲခြားသတ်မှတ်ပါသည်။ ပထမဆုံး အခြေခံလမ်းမှာ “လူကောင်း”ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု (to be good person)ဖြစ်သည်။ ဤအတွက် သီလကို ထိန်းသိမ်းရမည်ဖြစ်ပါသည်။ ဒုတိယအဆင့်မှာ “လူမှန်ဖြစ်ရေး ကြိုးပမ်းအားထုတ်မှု”(to be right person)ဖြစ်သည်။ ဤအတွက် စိတ်ကို တည်ကြည်အောင်လေ့ကျင့်ယူရန်ဖြစ်ပါသည်။ “သမထကမ္ပဋ္ဌာန်း” (Tranquality meditation)ဖြစ်သည်။ တတိယနှင့် အမြင့်ဆုံးမှာ အမှန်မွန်လေးပါးကို အရှိအတိုင်း အဖြစ်အတိုင်းထိုးထွင်းသိမြင်ရန် ဖြစ်ပါသည်။ “လွတ်မြောက်သူ သို့မဟုတ် မြင့်မြတ်သူ ဖြစ်ရေးလမ်းကြောင်း (to be nobel person) ဖြစ်ပါသည်။ ဤအတွက် “ဝိပဿနာကမ္မဋ္ဌာန်း ” (Insight meditation) နည်းဖြင့် ကျင့်ကြံအားထုတ်ရမည်ဖြစ်သည်။
အနှစ်ချုပ်ဖော်ပြရမည်ဆိုလျှင် ဗုဒ္ဓညွှန်ပြသော ကောင်းစွာကြိုးပမ်းအားထုတ်မှုဆိုသည်မှာ “မိမိစိတ်ကို အောင်နိုင်ရေး”( to conquer one's mind)ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအတွက် လက်တွေ့ကျင့်ကြံနိုင်သည့် နည်းလမ်းကို “အင်္ဂုတ္တရ နိကာယ” တွင် အချက်လေးချက်ခွဲ၍ ဖော်ပြထားသည်။
ကောင်းစွာသတိကပ်ရှုမှတ်ခြင်း
ဗုဒ္ဓဓမ္မတွင် အတွေ့ရများသော “သတိ”ဆိုသည့် ဝေါဟာရကို mindfulness သို့မဟုတ် attentiveness ဆိုသော အင်္ဂလိပ်စကားလုံးများနှင့် ဘာသာပြန်လေ့ရှိပါသည်။ အနီးစပ်ဆုံးမြန်မာမှုပြုရလျှင် မိမိ၏ လှုပ်ရှားမှု၊ ခံစားမှုအစုစုကို သတိကပ်ရှုမှတ်ခြင်းဟု ဆိုနိုင်ပါလိမ့်မည်။ ဗုဒ္ဓညွှန်းသော “ကောင်းစွာသတိကပ် ရှုမှတ်ခြင်း” (သမ္မာသတိ)မှာ ပထမဆုံးလမ်းသွယ် “ကောင်းစွာသိမြင်နားလည်ခြင်း” (သမ္မာဒိဋ္ဌိ)နှင့် ဆက်စပ်နေသည်။ မိမိကောင်းစွာသိမြင်နားလည်ထားသည်တို့ကို မမေ့မလျော့စေရန် အမြဲသတိကပ်ရှုမှတ်နေဖို့ဖြစ်သည်။ ပြောရလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးဖြင့် မိမိကိုယ်ကို မပြတ် သတိပေးနေဖို့ဖြစ်ပါသည်။
ဤသို့ သတိကပ်ရှုမှတ်နိုင်ရန် ဗုဒ္ဓက ကမ္မဋ္ဌာန်းအလုပ်ကို ညွှန်းပါသည်။ ကမ္မဋ္ဌာန်းနှင့် သတိတို့၏ အဆက်အစပ်ကို လှေနှင့်ဆိပ်ကမ်းဖြင့် ဥပမာပြသည်။ ကမ္မဌာန်းမှာ လှေနှင့်တူသည်။ နည်းလမ်းဖြစ်ည်။ သတိမှာဆိပ်ကမ်းဖြစ်သည်။ ရည်ရွယ်ချက်ဖြစ်ပါသည်။ ဤသဘောကို ပြဆိုသည့် ဗုဒ္ဓ၏နာမည်ကျော် ကျမ်းတစ်စောင်မှာ “မဟာသတိပဋ္ဌာန်သုတ်တော်” (Satipatthana Sutta)ဖြစ်သည်။ ဤသည်ပင်ကျင့်ကြံအားထုတ်မှုအပိုင်းအတွက် လက်စွဲကျမ်းလည်းဖြစ်ပါသည်။
အဆိုပါကျမ်း၏ အဖွင့်စာမျက်နှာမှာပင် ဗုဒ္ဓက ဤသို့ဟောကြားခဲ့သည်။ “ရဟန်းတို့ သတ္တဝါတို့၏ စိတ်ကို စင်ကြယ်စေရန်၊ ဒုက္ခနှင့် ပရိဝေဒများမှ လွတ်မြောက်ရန်၊ ကိုယ်စိတ်ဆင်းရဲခြင်းကို ချုပ်ငြိမ်းရန်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ၊ သတိပဋ္ဌာန်လေးပါးပင်ဖြစ်သည်။ “သတိပဋ္ဌာန်လေးပါးဆိုသည်မှာ ရုပ်ကိုရှုမှတ်ခြင်း (ကာယာနုပဿနာ)၊ ဝေဒနာကိုရှုမှတ်ခြင်း(ဝေဒနာနုပဿနာ) စိတ်ကိုရှုမှတ်ခြင်း (စိတ္တာနုပဿနာ)၊ ဓမ္မကိုရှုမှတ်ဆင်ခြင်ခြင်း (ဓမ္မာနုပဿနာ) တို့ဖြစ်သည်။
ဤကျမ်းမှာပင် ဗုဒ္ဓက သတိကပ်ရှုမှတ်နည်းများကို အဆင့်သုံးဆင့်ခွဲခြား၍ဖော်ပြခဲ့သည်။ ဤသည်တို့မှာ -
(၁) မည်သည့်အချိန်တွင်မဆို မိမိပြုသမျှကို သတိကပ်ရှုမှတ်ရန်။
(၂) ဘဝ၏ အစစ်အမှန်တရား (အထူးသဖြင့် ဖြစ်တည်မှု၏ ယာယီသဘော၊ ခဏပန်းသဘော)ကို သတိကပ်ရှုမှတ်ရန်။
(၃) အဇ္ဈတ္တစေ့ဆော်မှု (inner impulses)များကို ရှုမှတ်ရန် တို့ဖြစ်သည်။
(၁) မိမိပြုသမျှ သတိကပ်ရှုမှတ်
“ငါသာလျှင် ငါ့ဘဝ၏ အရှင်သခင်စိတ်ဓာတ်”ကို မွေးမြူပွားစီးပြီးသူသည် မိမိလုပ်သမျှ အပြုအမူတိုင်းကို မပြတ်သတိကပ်ရှုမှတ်နိုင်စွမ်းရှိသည်။ လူတော်တော်များများအတွက်မူ ဤသို့သတိကပ်ရှုမှတ်နိုင်ရန် လွယ်ချင်မှလွယ်ပါလိမ့်မည်။ ဤသို့ဖြစ်ရသည်မှာ သူတို့အနေနှင့်မိမိတို့၏ အာရုံနှင့်စိတ်ကို လိုအပ်သလောက်ညှိနှိုင်းမဆောင်ရွက်နိုင်သောကြောင့် ဖြစ်ပါသည်။ဥပမာ-ကျောင်းသားတစ်ယောက်စာဖတ်နေသည်ဆိုပါစို့။ သူ့မျက်စိ(အမြင်အာရုံ)က စာရွက်ပေါ်တွင် ရှိနေသော်လည်း သူ့စိတ်က ဘောလုံးပွဲရောက်ချင် ရောက်နေတတ်သလိုမျိုး ဖြစ်သည်။
စင်စစ်ဤသို့ သတိကပ်ရှုမှတ်နိုင်သည့်အကျင့်မှာ များသောအားဖြင့် မွေးရာပါမဟုတ်သည်က များပါသည်။ စနစ်တကျမွေးမြူလေ့ကျင့်ရသော အကျင့်ကောင်းဖြစ်သည်။ ဤအတွက် ဗုဒ္ဓညွှန်ပြသောနည်းမှာ ထိရောက်လွယ်ကူ၍ အကျိုးလည်းများစေပါသည်။  လူတစ်ယောက်အနေနှင့် တစ်နေ့တွင် အချိန်အနည်းငယ်ပေးပြီး မိမိအပြုအမူများကို သတိကပ် ရှုမှတ်စေခြင်းဖြစ်ပါသည်။ လေ့ကျင့်ခါစတွင် သတိပြတ်မသွားစေရန် အပြုအမူကိုလိုက်ပြီး စိတ်ထဲမှရွတ်ဆိုပေးနိုင်သည်။
ဥပမာ-လမ်းလျှောက်နေလျှင် “ငါအခု လမ်းလျှောက်နေတယ်”၊ ထိုင်နေလျှင် “ငါအခု ထိုင်နေတယ်”၊ စာဖတ်နေလျှင် “ငါအခုစာဖတ်နေတယ်”စသဖြင့် စိတ်ထဲမှရွတ်ဆိုကြည့်စေခြင်းဖြစ်သည်။  ဤစိတ်လေ့ကျင့်ခန်းကိုသာ တဖြည်းဖြည်းအချိန်တိုး၍ လုပ်သွားလျှင် ၂၄ နာရီပတ်လုံး သတိမြဲသူ ဖြစ်နိုင်စရာရှိပါသည်။
ဗုဒ္ဓညွှန်းသော အခြားနည်းလမ်းတစ်ခုမှာ ပို၍ပင် ထိရောက်သေးသည်။ “ထွက်သက်ဝင်သက်ကို သတိကပ်ရှုမှတ်ခြင်းနည်း” (Exercise of in-and-out breathing)ဖြစ်သည်။ (ဤသည်ကို နောက်ပိုင်းမှဆက်၍ရှင်းပါမည်)
(၂) ဘဝ၏အစစ်အမှန်တရားကို သတိကပ်ရှုမှတ်
ဤနေရာတွင် ဘဝ၏အစစ်အမှန်တရားဆိုသည်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုသော လက္ခဏာရေးသုံးပါးကို ဆိုလိုရင်းဖြစ်သည်။ သာမန်ပုထုဇဉ်များအနေနှင့် ဘဝ၏အစစ်အမှန်တရားကို မြင်နိုင်ကြသည် မဟုတ်ပါ။ ပိုင်ဆိုင်မှု၊ အဆင့်နေရာ စသည်တို့နှင့် ၄င်းတို့အပေါ် အခြေပြုဖြစ်ပေါ်လာသော ပျော်ရွှင်မှုတို့ကိုသာ ဘဝဟုနားလည်ကြသည်ကများသည်။
စင်စစ် ဤအရာအားလုံးသည် ဘဝ၏ အပေါ်ယံ အခြင်းအရာများသာဖြစ်ပါသည်။ လက္ခဏာရေးသုံးပါးပေါ်တင်ကြည့်လိုက်သည်နှင့် မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့နှင့် မကင်းသည်ကို တွေ့ရပါလိမ့်မည်။ ဤသည်ပင် ကောင်းစွာသိမြင်နားလည်ခြင်းဖြစ်ပါသည်။ ဤသို့ကောင်းစွာသိမြင်နားလည်ပြီးသောအရာကို သတိကပ်ရှုမှတ်ခြင်းဖြင့် မပြတ်နှလုံးသွင်းကြရမည်ဖြစ်သည်။
ဤအတွက် ဗုဒ္ဓညွှန်ပြသော ထိရောက်သော နည်းလမ်းတစ်ခုမှာ “အသုဘကမ္မဋ္ဌာန်း”(Cemetery meditation)ဖြစ်သည်။ နှစ်သက်ဖွယ်၊ တပ်မက်ဖွယ်၊ စွဲလမ်းဖွယ်ဟု ထင်မှတ်မှားနေကြသော ရုပ်ခန္ဓာကြီး၏ သေလွန်ပြီးနောက်ပိုင်း စက်ဆုပ်ရွံ့ရှာဖွယ် အနှစ်မရှိသည့်သဘောကို ကိုယ်တွေ့ဆင်ခြင်နိုင်ရန်ဖြစ်သည်။ ဤသို့တစ်စစ ပုတ်သိုးယိုယွင်းလာသော ခန္ဓာကိုကြည့်ပြီး မိမိခန္ဓာကို လက္ခဏာရေးသုံးပါးပေါ်တွင် တင်ကြည့်နိုင်ရန်ဖြစ်ပါသည်။ ပထမအဆင့် (သတိကပ်ရှုမှတ်သည့်အဆင့်)တွင် အရှိကို အရှိအတိုင်းမှတ်ရန်သာဖြစ်ပြီး၊ ယခုအဆင့်တွင် ဘဝ၏အစစ်အမှန်တရားကို ထိုးထွင်းသိမြင်ဖို့ လိုလာသည်။ သမထသဘောကို ကျော်၍ ဝိပဿနာသဘော ထိရောက်လာသည်ဟု ဆိုနိုင်ပါလိမ့်မည်။
(၃) အဇ္ဈတ္တစေ့ဆော်မှုကို သတိကပ်ရှုမှတ်
ပို၍ အဆင့်မြင့်လာသော ရှုမှတ်နည်းဖြစ်ပါသည်။ ထိုးထွင်း သိမြင်ရုံမျှမက၊ စိစစ်ဝေဖန်သည့်သဘောများပါလာသည်။ ဤအတွက်နည်းလမ်းမှာ အထူးအထွေမဟုတ်။ “မိမိစိတ်ကို အသိနှင့်ယှဉ်၍ပြန်ဖတ်ခြင်း” (Contemplation of the mind)ပင်ဖြစ်သည်။ ဤသဘောကို “မဟာသတိပဋ္ဌာနသုတ်”တွင် စိတ္တာနုပဿန” အဖြစ် ဤသို့ရှင်းပြသည်။
“ရဟန်းတို့စိတ်ကို မည်သို့အကြိမ်ကြိမ်ရှုမှတ်ကြမည်နည်း၊ ရာဂနှင့်ယှဉ်သောစိတ်ကို ရာဂနှင့်ယှဉ်သောစိတ်၊ ရာဂကင်းသောစိတ်ကို ရာဂကင်းသောစိတ်၊ ဒေါသနှင့်ယှဉ်သောစိတ်ကိုဒေါသနှင့် ယှဉ်သောစိတ်၊ ဒေါသကင်းသောစိတ်ကို ဒေါသကင်းသောစိတ်၊ မောဟနှင့်ယှဉ်သောစိတ်ကို မောဟနှင့်ယှဉ်သောစိတ်၊ မောဟကင်းသောစိတ်ကို မောဟကင်းသောစိတ် စသဖြင့် စိတ်ကို အရှိအတိုင်း ဆင်ခြင်ကြည့်ကြရမည်ဖြစ်သည် ....
စင်စစ် ဤသို့ စိစစ်ဝေဖန်နိုင်ရန်မှာ သာမန်ပုထုဇဉ်များအတွက် လွယ်လှသည်တော့မဟုတ်ပါ။ ဤသည်မှာ စိတ်၏ လှည့်စားတတ်သော သဘာဝကြောင့်ဖြစ်နိုင်ပါသည်။ သဘာဝအရဆိုလျှင် စိတ်လှုပ်ရှားမှုသည် အစစ်အမှန်အရှိတရားကို ဖုံးကွယ်ထားလေ့ရှိပါသည်။ ဤသို့သော ဖုံးကွယ်ထားမှုများကို ဖယ်ခွာကြည့်နိုင်မှသာ ဆင်ခြင်တုံတရားတို့ နေရယူနိုင်မည် ဖြစ်ပါသည်။
ဤသည်တို့မှာ ကောင်းစွာသတိကပ် ရှုမှတ်နိုင်ရန် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားခြင်းဖြစ်ပါသည်။ ကမ္မဋ္ဌာန်းနည်းဖြင့် အကြိမ်ကြိမ်လေ့ကျင့်ခြင်းအားဖြင့် အမှန်တကယ် ရနိုင်သည့်စိတ်အကျင့်များဟု ဆိုနိုင်ပါသည်။ ဤစိတ်လေ့ကျင့်ခန်းကိုပင် ဗုဒ္ဓက သူ၏လွတ်မြောက်ရေးလမ်းအတွက် အထူးအလေးထားခဲ့ဟန်ရှိသည်။ ဗုဒ္ဓပရိနိဗ္ဗာန်မစံမီ၊ နောင်ဆုံးပြောခဲ့သော “မမေ့မလျော့သော သတိဖြင့် မပြတ်နှလုံးသွင်းနိုင်စေ....” (အပ္ပမာဒေန  သမ္ပာဒေထ) ဆိုသည်မှာ ဤသဘောပင်ဖြစ်ပါသည်။
(၁)   မကောင်းမှုကို ဖြစ်ပွားစေသော စိတ်အတွေးဟူသမျှ မိမိစတ်ထဲသို့ ဝင်မလာစေရန် တားဆီးရမည်။
(၂)   အကယ်၍ ဤသို့ ဝင်မလာစေရန် မတားဆီးနိုင်လျှင် ဝင်ရောက်လာသော အဆိုပါစိတ်အတွေးများကို တတ်နိုင်သမျှ ဖယ်ရှားရမည်။
(၃)   တစ်ပြိုင်နက်တည်းမှာပင် ဖယ်ရှားပြီးသော မကောင်းသည့်စိတ်အတွေးများနေရာတွင် ကောင်းသည့်စိတ်အတွေးများဖြင့် အစားထိုးပွားစီးစေရမည်။
(၄)   အဆိုပါကောင်းသည့် စိတ်အတွေးများကို အတတ်နိုင်ဆုံးထာဝရ တည်တံ့နေစေရန် ထိန်းသိမ်းရင်း ဆက်လက်ဖွံ့ဖြိုးစေရမည်။
အလားတူပင် “မဇ္ဈိမနိကာယ”တွင်လည်း အချက်သုံးချက်ဖြင့် အနှစ်ချုပ်ဖော်ပြထားသည်ကို ဤသို့တွေ့ရသည်။
(၁) အကယ်၍ အာရုံရုပ်တစ်ခုသည် မကောင်းသောစိတ်အကြံကို ဖြစ်ပေါ်စေလျှင် ကောင်းသောစိတ်အကြံကိုဖြစ်ပေါ်စေသည့် အခြားအာရုံရုပ်တစ်ခုနှင့် အစားထိုးကြည့်ပါ။
(၂) မကောင်းသောစိတ်အကြံကိုပေးသည့် အာရုံရုပ်က စိတ်သန္တာန်မှ မထွက်ဘဲ တောင့်ခံနေလျှင် ၄င်းကပေးနိုင်သည့်မကောင်းသောအကျိုးဆက်များကို မြင်အောင်ကြည့်၍ ဖယ်ရှားပစ်ပါ။
(၃) ဤသို့မှ မအောင်မြင်လျှင် သင်၏ပတ်ဝန်းကျင်တစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ပါ။
ဤသည်တို့မှာ ဗုဒ္ဓညွှန်ပြခဲ့သော အလွန်လက်တွေ့ကျသည့် နည်းနာများထဲမှ အချို့ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူကျော်ဝင်း၏စာာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။
Thursday, October 25, 2012
သစ္စာရှာဖို့ မြင်းစီးသူ အပိုင်း(၁၀)အဆက်
သမ္မာအာဇီဝအခြေခံမူများ
သမ္မာနှင့် မိစ္တာ၊ အကောင်းနှင့်အဆိုးဆိုသော သတ်မှတ်ချက်ကို ဗုဒ္ဓက လူ့အဖွဲ့အစည်းအခြေခံပေါ်တင်၍ ဆုံးဖြတ်လေ့ရှိပါသည်။ အခြားသူများနှင့် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်နစ်နာစေလျှင်၊ အဆိုးဟု သတ်မှတ်ပြီး ထိခိုက်နစ်နာမှုမရှိလျှင် အကောင်းဟု ယေဘုယျယူဆသည်။ဤသည်မှာ ဗုဒ္ဓ၏အခြေခံသတ်မှတ်ချက်ဖြစ်သည်။ ဤအခြေခံအယူအဆကို ဗုဒ္ဓခေတ် လူ့အဖွဲ့အစည်းပေါ် တင်ကြည့်လိုက်ရာ၊ မလုပ်သင့် မလုပ်ထိုက်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းငါးမျိုးထွက်လာပါသည်။
ဤသည်တို့မှာ ...
(၁) လက်နက်အရောင်းအဝယ် (Weapon trading)
(၂) အဆိပ်အရောင်းအဝယ် (Poison trading)
(၃) မူးယစ်ဆေးအရောင်းအဝယ် (Intoxicating trading)
(၄) လူအရောင်းအဝယ် (Human trading) နှင့်
(၅) သားသတ်လုပ်ငန်း (Slaughter of aminals)တို့ဖြစ်သည်။
ဤငါးမျိုးကိုသာ မမှန်သော၊ မကောင်းသော အသက်မွေးဝမ်းကျောင်း (မိစ္ဆာအာဇီဝ)ဟု သတ်မှတ်ထားရာ၊ ကျန်လုပ်ငန်းအားလုံးမှာ သမ္မာအာဇီဝ ဟု ယူဆနိုင်စရာရှိပါသည်။ အဆိုပါ သတ်မှတ်ချက် ငါးမျိုးမှာလည်း ထိုခေတ်လူ့အဖွဲ့အစည်းနှင့်ယှဉ်၍ ရွေးထုတ်ထားခြင်းဖြစ်ရာ၊ ခေတ်အလိုက်အပြောင်းအလဲရှိနိုင်ပါသည်။ အခြေခံအရ မပြောင်းလဲသည်မှာ မည်သည့်ခေတ် မည်သည့်ကာလမဆို မိမိအလုပ်ကြောင့် အခြားသူများနှင့် လူ့အဖွဲ့အစည်းကို မထိခိုက်စေရေးဖြစ်ပါသည်။ ဤသည်ပင် ဗုဒ္ဓဓမ္မကပြဋ္ဌာန်းထားသော စီးပွားရေးဆိုင်ရာ ကျင့်ဝတ်ဟု ယူဆနိုင်ပါလိမ့်မည်။
ခေတ်သစ်စီးပွားရေးဘဝတွင် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အများစု၏ အဓိကရည်မှန်းချက်မှာ ဝင်ငွေရဖို့ဖြစ်သည်။ စားသုံးသူဆန္ဒကို ဖြည့်ဆည်းနိုင်ရေးဆိုသည်မှာ အဆိုပါ မဟာဗျူဟာရည်မှန်းချက်မျှသာဖြစ်သည်။ သို့ဖြင့် လူ့အဖွဲ့အစည်းအတွက်၊ သူတစ်ပါးအတွက် အကျိုးပြုရေးဆိုသည်မှာ အဓိကနေရာတွင်မရှိနိုင်သော ကျွဲကူးရေပါသဘောသာ ရှိနေတော့သည်။  ဗုဒ္ဓ၏ သမ္မာအာဇီဝကမူ ဤသည်နှင့်ပြောင်းပြန်ဟုဆိုနိုင်သည်။ သူတစ်ပါးအတွက် အဖွဲ့အစည်းအတွက်ဆိုသော စေတနာနှင့်အစပြုသည်။ စေတနာကို အရင်းခံသည်။ ဝင်ငွေမှာ ရင်းနှီးလိုက်သော စေတနာ၏ တုံ့ပြန်မှုသာ ဖြစ်သည်။
မိစ္ဆာအာဖီဝနှင့် သမ္မာအာဇီဝတို့၏ သဘောကို ဗုဒ္ဓက ဥပမာနှစ်ရပ်နှင့်ပြသည်။ မိစ္ဆာအာဇီဝက “ခြင်”နှင့်တူသည်။ ခြင်က သွေးစုပ်သည်။ သွေးစုပ်ခံရသော လူအတွက် ဘာအကျိုးမှမပေး။ နာကျင်မှုနှင့်ရောဂါဘယသာ ယူဆောင်လာသည်။ သမ္မာအာဇီဝက “ပျား”နှင့်တူသည်။ ပျားကဝတ်ရည်စုပ်သည်။ (ပျားရည်စုဆောင်းပေးသည်)။ ဝတ်ရည်စုပ်ခံရသော ပန်းတို့အတွက်လည်း ဝတ်မှုန်ကူးပေးသည်။ (ပန်းတို့မျိုးပွားစေရန် ဖူးစာဖက်ပေးသည်) ယခုခေတ် ဂိမ်းသီအိုရီအရပြောရလျှင် မိစ္ဆာအာဇီဝမှာ အရှုံးအနိုင်ကိုဦးတည်သော “အကြွင်း သုညဂိမ်း”(Zero-Sum Game) ဖြစ်သည်။ သမ္မာအာဇီဝမှာ အပြန်အလှန်အကျိုးရှိရေးကို ရှေးရှုသော “သုည မဟုတ်ဂိမ်း”(Non-Zero-Sum-Game)ဖြစ်သည်။
ယေဘုယျသဘောဆိုရလျှင် သမ္မာအာဇီဝ၏ နောက်ကွယ်မှ အခြေခံကျင့်ဝတ်တန်ဖိုးမှာ “မည်သူ့ကိုမှ မထိခိုက်မနစ်နာစေသော အသက်မွေးဝမ်းကျောင်းမှု” (earning without disserving) ဟု ဆိုနိုင်ပါလိမ့်မည်။
ဗုဒ္ဓအလိုကျ ဘောဂဗေဒ
သမားရိုးကျအမြင်နှင့်ပြောရလျှင် ဘာသာရေးနှင့် ဘောဂဗေဒမှာ ဘာမှမပတ်သက်ဟု ဆိုချင်စရာ ဖြစ်ပါသည်။ ကျမ်းစာနှင့်ပိုက်ဆံအိတ် အတူယှဉ်တွဲမတည်ရှိနိုင်ဟူ၍ ယူဆထားကြသူများ ရှိသည်။ ဘောဂဗေဒသမိုင်းကြောင်းကို ပြန်ကြည့်လိုက်လျှင်လည်း စိန့်သောမတ်အက်ကွီနပ်(စ)လောက်အထိ ပညာရှင်အားလုံးလိုလိုက “ကုန်သွယ်ရေး”ကို တူးတူးခါးခါးဆန့်ကျင်ခဲ့ကြသည်က များသည်။ သို့နှင့်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝဝ ကျော်က ဗုဒ္ဓ၏ အမြင်တွင်မူ ကုန်သွယ်မှုကို သမ္မာအာဇီဝအဖြစ်အလေးထား ဖော်ပြခဲ့သည်။ ထိုခေတ် အိန္ဒိယလူ့အဖွဲ့အစည်းတွင် လူဦးရေအများဆုံးဖြစ်သော၊ လယ်သမားများ၊ ကုန်သည်များကို ဗုဒ္ဓကျမ်းစာများတွင် “ကုန်သည် လယ်လုပ်”(ဝဿ)ဟု အလေးပေးဖော်ပြခဲ့သည်များရှိသည်။ သူတို့၏ သမ္မာအာဇီဝလုပ်ငန်းများကိုလည်း လွတ်မြောက်ရေးလမ်းသွယ်တစ်ခု အဖြစ်နေရာပေးဖော်ပြခဲ့သည်။ ဤအခြင်းအရာများမှာ ဗုဒ္ဓဓမ္မ၏ ထူးခြားမှုဖြစ်ရုံမျှမက အံ့သြဖွယ်ရာ ရှေ့တန်းရောက်မှုဟုလည်း ဆိုရပါလိမ့်မည်။
ဤအချက်ကို  စတင်အသိအမှတ်ပြုဖော်ထုတ်ခဲ့သော ခေတ်သစ်ဘောဂဗေဒ ပညာရှင်မှာ အီးအက်(ဖ)ရွှန်းအာချာ ဖြစ်ပါသည်။ သူ၏ “ငယ်သော်လှ၏” (Small is Beautiful)စာအုပ်တွင် ရွှန်းအာချာက သမ္မာအာဇီဝလမ်းသွယ်ကို အခြေခံပြီး “ဗုဒ္ဓအလိုကျ ဘောဂဗေဒ”(Buddhist Ecomomics)အခြေခံကို ဖော်ထုတ်ခဲ့သည်။ နောက်ပိုင်းပညာရှင် အဆက်ဆက်က ရွှန်းအာချာ၏ အခြေခံပေါ်တွင် ဆက်လျှောက်ရင်း၊ ခေတ်သစ်ဘောဂဗေဒပညာအတွက် ဗုဒ္ဓ၏အကျိုးပြုချက်များကို ဖော်ထုတ်ခဲ့ကြသည်။ အထူးသဖြင့် ဈေးကွက်စီးပွားရေးစနစ်(အရင်းရှင်စနစ်)၏မွေးရာပါ ချို့ယွင်းချက်ဟုဆိုနိုင်သော “ကျင့်ဝတ်ပိုင်း”အားနည်းချက်ကို ဗုဒ္ဓအလိုကျဘောဂဗေဒနည်းဖြင့် ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းလာကြသည်။
ခေတ်ပြိုင်၊ သက်ရှိထင်ရှားဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ မက်ဆာချူဆက်နည်းပညာတက္ကသိုလ်(MIT)မှ ပါမောက္ခ လက်စတာသာရိုးမှာ အဆိုပါပညာရှင်များထဲမှ ထင်ရှားသူတစ်ဦး ဖြစ်သည်။ သူ၏ “ဥစ္စာဓနတည်ဆောက်ရေး”(Building Wealth)ကျမ်းတွင် ပါမောက္ခသာရိုးက ဗုဒ္ဓ၏ “ဒီဃဇာဏုသုတ်”လာ၊ “ဖွံ့ဖြိုးရေးပိရမစ်” (wealth pyramid)တစ်ခုကို ဖော်ထုတ်ခဲ့သည်။ စင်စစ် ဗုဒ္ဓဟောကြားခဲ့သော “ကြီးပွားချမ်းသာကြောင်းတရားလေးပါး”မှာ သမ္မာအာဇီဝကို လက်တွေ့စီမံခန့်ခွဲပုံဖြစ်သည်။ ဤသည်ကို ပါမောက္ခသာရိုးက ခေတ်သစ်အဓိပ္ပာယ်များဖြင့်
ပြန်ဖွင့်ပြသည်။
(၁)   ဥဋ္ဌာနသမ္ပဒါဒ- (ကျွမ်းကျင်သော၊ ပညာဉာဏ်၊ စူးစမ်းမြော်မြင်မှုနှင့် တက်ကြွလုံ့လဖြင့် ဆောင်ရွက်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက “စွန့်ဦးတီထွင်လုပ်ဟန်” (enterperneur-ship)ဟု အဓိပ္ပာယ်ဖွင့်သည်။ ပညာနှင့်စွန့်စားလုပ်ကိုင်သော ခေတ်သစ်စီးပွားရေးလုပ်ဟန်ဖြစ်ပါသည်။
(၂)   အာရက္ခသမ္ပဒါ (မိမိပိုင် စည်းစိမ်ဥစ္စာကို ရန်သူမျိုးငါးပါးမဖျက်ဆီးရအောင် လုံခြုံစွာစောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်း) ဤသည်ကို “ပုဂ္ဂလိကပိုင်ပစ္စည်းပိုင်ဆိုင်ခွင့်” (property right)အဖြစ် အဓိပ္ပာယ် ဖွင့်သည်။
(၃)   ကလျာဏမိတ္တာ (သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ ပြည့်စုံသော မိတ်ဆွေကောင်းများရှိခြင်း။) ဤအချက်ကို “ယုံကြည်စိတ်ချနိုင်သော လူမှုပတ်ဝန်းကျင်” (trustworthy social institution) ဟု အဓိပ္ပာယ်ဖွင့်သည်။
(၄)   သမဇီဝိတာ (ဝင်ငွေထွက်ငွေကို မျှတစွာ စီမံနိုင်ခြင်း)ဤသည်ကို ပါမောက္ခသာရိုးက ဘတ်ဂျက်ဆိုင်ရာ စီမံခန့်ခွဲမှု (budget management)ဟု အဓိပ္ပာယ်ဖွင့်သည်။
ွှဤလေးချက်ကို ဆင့်ထပ်နိုင်သော လူ့အဖွဲ့အစည်းတွင်သာ ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်ရနိုင်လိမ့်မည်ဟုဆိုသည်။ ဤသည်ပင် ပါမောက္ခသာရိုး သရုပ်ဖော်လိုက်သော ဖွံ့ဖြိုးရေးပိရမစ် ဖြစ်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ ကျော်ဝင်း၏ စာအုပ်ဆက်လက်ရေးသားဖော်ပြပါမည် ။
Tuesday, October 23, 2012
“ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး” နှင့်ခရီးမှတ်တမ်း
                                      “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး”
အဌမမြောက် ကမ္ဘာ့အံ့ချီးဖွယ် တခုဖြစ်လာမယ့် ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို အိန္ဒိယနိုင်ငံ အနောက်ဖက် စီးပွားရေးမြို့တော် ဖြစ်တဲ့ မွန်ဘိုင်းမြို့ (ယခင် ဘုံဘေမြို့) မှာ ၂၀၀၉ ခု ဖေဖေါ်ဝါရီလ (၇) ရက်နေ့ နဲ့ (၈) ရက်နေ့များမှာ စတင်ဖွင့်လှစ်ပြီးဖြစ်ပါတယ်။
ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ကို စတင် တည်ထားဖို့  ဦးဆောင်ခဲ့တာကတော့ မြန်မာနိုင်ငံသား ၀ိပဿနာ တရားပြဆရာ မဟာသဒ္ဓမ္မဇောတိကဓဇ “ဂုရုကြီးဦးဂိုအင်ကာ” ပဲ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့ မြောက်ဖက်မှာ တည်ရှိတဲ့ ဂိုရိုင်းချောင်းဘေးက “ဂိုရိုင်းကျွန်း (Gorai Island)” ပေါ်မှာစီးပွားရေးလုပ်ငန်းရှင် တဦးလှူဒါန်းထားတဲ့ အမေရိကန် ဒေါ်လာ( ၅) သန်းတန် မြေ (၁၁) ဧက ပေါ်မှာ ၁၉၉၇ ခုနှစ်မှာ စတင်ပြီး တည်ထားခဲ့တာပါ။
                             “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး” ဖောင်းဒေးရှင်းပုံစံ
စေတီတော်ကြီး ကို မြန်မာနိုင်ငံမှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီး ပုံအတိုင်း တည်ထားတာဖြစ်ပြီး၊ ရွှေတိဂုံ စေတီတော်ကြီးကို ပူဇော်သောအားဖြင့် မူလ ရွှေတိဂုံ စေတီတော်ကြီးထက် အမြင့်ပေ (၁) ပေ နှိမ့်ချပြီး (၃၂၅) ပေ အမြင့်သာ တည်ထားတာ ဖြစ်ပါတယ်။
အမြင့်ပေ (၃၂၅) ပေ။ အကျယ်အ၀န်း အချင်း ပေ (၂၈၀) နဲ့ မြေ (၁၁) ဧကပေါ်မှာ တည်ထားတဲ့ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး ရဲ့  အထူးခြားဆုံး အချက်ကတော့အတွင်း အောက်ဖက်မှာ လှိုဏ်ဂူ ပုံစံ တည်ဆောက်ထားပြီး ဒေါက်တိုင် တခုမှ မပါဘဲ၊ သံကူကွန်ကရစ်လည်း လုံးဝမသုံးဘဲ ကျောက်တုံး၊ ကျောက်သား ချည်း သက်သက် ဖြင့်ကျောက်တုံး အချင်းချင်း ချိတ်ဆက်ကျားကန်ကာ တိုင်မဲ့ တည်ထားတာ ဖြစ်ပါတယ်။ ရှေးခေတ် နည်းပညာနဲ့ ခေတ်ပေါ် အင်ဂျင်နီယာ ပညာများပေါင်းစပ် တည်ထားတာ ဖြစ်ပြီး၊ ဂုရုကြီးက နောင် နှစ်ပေါင်း ၂၀၀၀ လောက်ထိအောင် မပျက်မယွင်း တည်တံ့အောင် ရည်ရွယ်
ဆောက်လုပ်ထားတာ ဖြစ်တယ်လို့  ဆိုပါတယ်။
အဲ့ဒီ လိုဏ်ဂူပုံစံ ဒေါက်တိုင်မပါတဲ့ စေတီအောက်ဖက်က ခန်းမ ဆောင်ကြီးထဲမှာ ၀ိပဿနာ တရားအားထုတ်တဲ့ ယောဂီ ၈၀၀၀ (ရှစ်ထောင်) တပြိုက်နက် တရားအားထုတ်နိုင်မှာ ဖြစ်ပြီး လိုဏ်ဂူရဲ့ အကျယ်အ၀န်းက စတုရန်းမီတာ ၆၀၀၀ (စတုရန်းပေ ၆၄၅၈၃) ကျယ်ဝန်းပါတယ်။ လိုဏ်ဂူပေါ်က စေတီတော်မှာ ဂေါတမဗုဒ္ဓ ရဲ့  ဓါတ်တော်များကို ဌာပနာထားတာဖြစ်ပါတယ်။ စေတီတော်ကြီးမှာ အရံစေတီငယ် (၂) ဆူပါဝင်ပါတယ်။
ဒါကြောင့်လည်း ကျောက်သားချည်း သက်သက် တည်ဆောက်ထားသော အကြီးဆုံး ဒေါက်တိုင်မဲ့ လိုဏ်ဂူကြီး အဖြစ် အဌမမြောက်ကမ္ဘာ့အံ့ချီးဖွယ် ဖြစ်လာနိုင်တယ်လို့  ဆိုကြတာဖြစ်ပါတယ်။
     “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး”  အတွင်းမှာ တရားဘာဝနာအားထုပ်နေကြပုံ
စေတီတော်ကြီးကို ဂုရုကြီး ဦးဂိုအင်ကာ ရဲ့  ဆရာရင်း၊ တရားပြဆရာကြီး ဦးဘခင် ရဲ့  ကျေးဇူးတရားတွေကို အမှတ်ရ အောက်မေ့သော အားဖြင့် ဆရာကြီး ဦးဘခင် စိတ်ဆန္ဒ အပြင်းပြဆုံး ဖြစ်တဲ့ သာသနာ စတင်ခဲ့ရာ အိန္ဒိယနိုင်ငံ မှာ သာသနာ တခေတ်ပြန်လည်ထွန်းတောက် စေရမည် ဆိုတဲ့အတိုင်းပြန်လည် ဖြန့်ဝေခြင်းဖြစ်ပြီး ဆရာကြီး ဦးဘခင်ရဲ့  ကျေးဇူးတရားတွေကို ပူဇော်တာလည်းဖြစ်ပါတယ်။
ရန်ကုန်မြို့  အပြည်ပြည်ဆိုင်ရာ ပဋိပတိလုပ်ငန်းဌာန(အိုင်အမ်စီ)မှာဆရာကြီးဦးဘခင်တည်ထားကိုးကွယ်ထားတဲ့ ဓမ္မရောင်ခြည်စေတီတော် ကို ပူဇော်သောအားဖြင့် စေတီတော်ကြီး ရဲ့  အတွင်း အောက်ဖက်မှာ လိုဏ်ဂူပုံ တည်ထားခဲ့တာဖြစ်ပါတယ်။
ဆရာကြီးဦးဘခင်(1899-1971)
စေတီတော်ကြီးကို (၁၁) နှစ်အတွင်း ကြိုးစား တည်ထားခဲ့တာဖြစ်ပြီး ကုန်ကျစားရိတ်ကတော့ အိန္ဒိယနိုင်ငံ သုံး ရူပီးငွေ သန်း (၈၀၀) (၈၀ ကုဋေ) (အမေရိကန်ဒေါ်လာ ၁၆.၄၃ သန်း နီးပါး) သုံးစွဲထားတာ ဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံ ဆံချည် အရပ်ကနေ သီရိလင်္ကာ ၀န်ကြီးချုပ်ကိုယ်တိုင် ပင့်ဆောင်လှူဒါန်းတဲ့ ဗုဒ္ဓ ရဲ့  အရိုး ဓါတ်တော်များ နဲ့ ဌာပနာပြု တည်ထားကိုးကွယ်ထားတဲ့ ဒီ ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီးကို ခရစ်နှစ် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့ မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ပထမဆုံး
ဝိပဿနာ တရားစခန်း အဖြစ် (၁) ရက် တရားစခန်းကို ၂၀၀၈ ခု ဒီဇင်ဘာလ (၂၁) ရက်နေ့ မှာဂုရုကြီး ဦးဂိုအင်ကာ ဦးစီးကာ ကမ္ဘာ အရပ်ရပ်က တရားရောဂီ (၈၀၀၀) နဲ့စတင်ဖွင့်လှစ်လိုက်ပါတယ်။
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှာ အိန္ဒိယနိုင်ငံ သမ္မတ “ပရာတီ ဘာတေး” ကတရားဝင်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပြီး ထီးတင်ပွဲကို လည်း တစ်ရက်ထဲမှာ မြန်မာရိုးရာဓလေ့ထုံးစံများအတိုင်း တင်လှူ ပူဇော်ခဲ့တာဖြစ်ပါတယ်။ စေတီတော်ကြီး အတွက် မြန်မာမှု ပန်းချီ နဲ့ အနုလက်ရာများကို မြန်မာနိုင်ငံမှ ပညာရှင်များက ပြုလုပ်ပေးတာဖြစ်ပြီး ငှက်မြတ်နားတော် ကိုလည်း မြန်မာနိုင်ငံမှပဲ ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။
ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်အား လေယာဉ်ပျံဖြင့် ၂ဝဝ၉ ခု ဇန်နဝါရီလ(၂၆) ရက်ခန့်တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့သို့ပို့ဆောင်ပြီးထီးတော်မြတ်အားသင်္ဘောဖြင့် ပို့ဆောင်ခဲ့တယ် ဆိုပါတယ်။
                                            ဆရာကြီးဦးဂိုအင်ဂါနှင့်မိသားစု
၂၀၀၉ခု၊ ဖေဖေါ်ဝါရီ (၇) ရက်နေ့ မှာ ထီးတင်ပါတယ်။ (၈) ရက်နေ့ မှာ အများပြည်သူ အတွက် ဖွင့်လှစ်ပါတယ်။
စေတီတော်ကြီးကို နှစ်စဉ် ဘုရားဖူး ၁ သိန်းခန့်  လာရောက်ဖူးမြော် ကြည်ညိုကြမယ်လို့ လည်း ခန့်မှန်းထားကြပါတယ်။ ကမ္ဘာလှည့် ခရီးသွားများ အထူး စိတ်ဝင်စားကြမယ်လို့ လည်း သက်ဆိုင်ရာ ကမှန်းထားကြပါတယ်။
စေတီတော်ကြီး တည်ထားမှုကို ဦးစီးတဲ့ တရားပြဆရာ “ဂုရုကြီး ဦးဂိုအင်ကာ” သည် မြန်မာနိုင်ငံသား အိန္ဒိယနွယ်ဖွား ထင်ရှားကျော်ကြားတဲ့စီးပွားရေးသမားကြီး တစ်ဦးဖြစ်ခဲ့ပြီး ယခု “ဗန္တုလ အင်တာနေရှင်နယ် လီမိတက် ပိုင်ရှင်”တွေရဲ့ ဖခင်ကြီးပါ။ “ဂုရုကြီး”ကို (၁၉၂၄) ခုနှစ်မှာ အထက်မြန်မာပြည်မြိုတော်
“မန္တလေး”မှာ ဖွားမြင်ခဲ့တာပါ။ ဂုရုကြီးတို့  သာသနာပြု ဇနီးမောင်နှံမှာ သား (၆) ဦး ထွန်းကားပါတယ်။
                   “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး” ၏တရားပြဆရာကြီးဦးဂိုအင်ဂါ
Monument set to become one of country’s major tourist attractions
Mumbai, October 12: The work for the World Vipassana Foundation’s pagoda, a replica of Myanmar’s Shwedagon pagoda, is in full swing. It will be completed by December next year. The pagoda, a dream project of S N Goyanka, who has taught vipassana to thousands of people in India and other countries, is situated near Gorai’s Essel World area.
The ceremony of placing sacred relics of Gautam Buddha in pagoda will be done by Prime Minister Manmohan Singh on October 29. This unique pagoda will be about 325 feet high.
The Maha Bodhi Association of India has donated sacred relics of Gautam Buddha to be enshrined in the pagoda. Buddhists in Myanmar have also donated materials for the pagoda. It includes 850 marble rocks with the size of one cubic meter each for flooring the pagoda compound; 150,000 square feet of parquet for laying the floor of the cave; timber for crafting Myanmar decorations and 90 door frames; the sacred gold umbrella; stone Buddha statues including 28 2.5 feet high vipassana-practising Buddha statues in various mudras (postures); 18-feet high Buddha statue in sitting position; eight 5.5-feet high standing Buddha statues and donations totaling to $23 million will be spent in building this pagoda. The pagoda will contain a 280-feet diameter cave with no supporting columns. It will be the largest rock cave in the world. Unlike other pagodas, it will not be a solid brick structure, but with a spacious cave in which thousands of yogis can practice vipassana at the same time.
According to the World Vipassana Foundation, the pagoda will be a vehicle for the spread of Buddha’s teachings that emphatically opposes any sectarian, casteism and religious dogmas. His teachings have already proved to be an ideal bridge for peace, tolerance and harmony across all the communal and regional divides splintering India today.
The strongly secular nature of vipassana is further proved by its acceptance amongst people of all religions, nations, sects and socio-cultural backgrounds. Vipassana courses are taking root in even some of the staunchly sectarian countries. This monument will be an added focus of attraction to visitors and tourists worldwide, who visit our ancient country for its rich cultural traditions and its magnificent knowledge in the spiritual field. The sheer size, grandeur and architectural style of the pagoda itself will be sufficient to gain its entry into tourist maps. Even the tourists, who visit the pagoda, as merely another monument for sight seeing, will get great opportunity to receive the true teachings of the enlightened one, understand their benefits and may be inspired to follow the practical path of vipassana.
                  GLOBALVIPASSANကမ္ဘာ့ဝိပဿနာစေတီတော်မြတ်ကြီးအတွင်းမှာ                                                          သူငယ်ချင်း နောင်တော်များနှင့်အမှတ်တရ
                          “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး” ရှေ့အမှတ်တရ
 သိရီဓမ္မာသောကမင်းတရားကြီး၏ ကျောက်တိုင်နှင့်နည်းတူ အထိမ်းမှတ်ကျောက်တိုင်ကြီးနှင့် ဘုရားကြီး
               “ကမ္ဘာ့ ၀ိပဿနာ စေတီတော်မြတ်ကြီး” ၏အဝင်မုဒ်ဦးရှေ့မှာ အမှတ်တရ
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ  ရွှေဖြူးလေး
Monday, October 22, 2012
သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၁၀)
အခန်း (၁ဝ)
သီလလမ်း
“ ...... ပြုသမျှ အမှုတိုင်းဟာ
အမှားကိုတိုက်၊ ကောင်းမှုကိုတိုးပွားနိုင်စေ
ပယင်းပုတီးလုံးတို့ကြား၊ ငွေခြည်မြင်ရသလို
ကောင်းမှုကြား မေတ္တာပြစေ ....။”
စတုတ္ထအမှန်မွန် (လွတ်မြောက်ရာလမ်း) ၏ ဒုတိယလမ်းမကြီးမှာ “သီလလမ်း”ဖြစ်သည်။ သီလဆိုသည်မှာ ကောင်းမှုကို ထိန်းသိမ်းခြင်း (တစ်နည်း)မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ဗုဒ္ဓဓမ္မလာ အဘိဓမ္မာ သဘောအရ ဝိရတီ စေတသိက်ဟု ဆိုနိုင်သည်။ မည်သည့်အရာများကိုရှောင်ရမည်နည်းဆိုလျှင် “ကိုယ်ဖြင့် ကျူးလွန်သော လုပ်မှားကိုင်မှား” (ကာယဒုစရိုက်)နှင့် “နှုတ်ဖြင့်ကျူးလွန်သော ပြောမှားဆိုမှား (ဝစီဒုစရိုက်)တို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။
ဤသို့သဘာဝရှိသည့် သီလလမ်းတွင် လမ်းသွယ်သုံးခုပါဝင်သည်။ “ကောင်းစွာပြောဆိုခြင်း”(သမ္မာဝါစာ)၊ “ကောင်းစွာပြုမူ ဆောင်ရွက်ခြင်း” (သမ္မာကမ္မန္တ)နှင့် “ကောင်းစွာအသက်မွေးဝမ်းကျောင်းပြုခြင်း” (သမ္မာအာဇီဝ) တို့ဖြစ်သည်။ တစ်နည်းဆိုသော် ဝစီဒုစရိုက်တစ်ပါးနှင့် ကာယဒုစရိုက်နှစ်ပါးတို့ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ပြောရလျှင် ဗုဒ္ဓဓမ္မ၏ “ကျင့်စိတ်ပိုင်းဆိုင်ရာ တန်ဖိုးများ” (ethical value)ဖြစ်ပါသည်။
ဤနေရာတွင် ဗုဒ္ဓဓမ္မ၏ ထူးခြားချက်မှာ ကျင့်ဝတ်တို့၏ လာရာနှင့် လားရာဟုဆိုနိုင်ပါလိမ့်မည်။ ဖန်ဆင်းရှင် အယူအဆကို လက်ခံသော ဘာသာရေးများတွင် ကျင့်ဝတ်သီလမှာ လူ့အဖွဲ့အစည်းပြင်ပမှ တန်ခိုးတော်ရှင်တစ်ဦးဦး (ဥပမာ-ဂေါ့ဒ်)၏ သတ်မှတ်ပြဋ္ဌာန်းချက်ဖြစ်သည်။
အဆိုပါ တန်ခိုးရှင်၏ ကောင်းချီးမင်္ဂလာ ရရေးသည်သာ အဓိကရည်မှန်းချက်ဖြစ်၍ တန်ဖိုးနှင့် ယှဉ်သည်ဟု ပြောဖို့ခက်သည်။ ဗုဒ္ဓဓမ္မလာ ကျင့်ဝတ်သီလမှာ ဤသို့မဟုတ်။ ဘဝထဲမှာ အခြေခံသည်။ သံသရာခရီးမှလာသည်။ လွတ်မြောက်ရေးလမ်းသို့ ဦးတည်နိုင်စေရန် လိုအပ်ချက်များဖြစ်သည်။ တန်ဖိုးတစ်ခုသို့ ရည်ရွယ်ချက်ထားသော သတ်မှတ်ချက်များဟုဆိုနိုင်သည်။
ဤသဘောကို သီလ၏ကြောင်းကျိုးဆက်တရားတွင် ခြေရာခံနိုင်ပါသည်။
- သီလလုံလျှင် လိပ်ပြာသန့်သည်။ စိတ်ကြည်လင်သည်။ (အဝိပ္ပဋိသာရ)
- စိတ်ကြည်လင်လျှင် ဝမ်းမြောက်သည်။ (ပါမောဇ္ဖ)
- ဝမ်းမြောက်လျှင် နှစ်သက်အားရသည်။ (ပီတိ)
- နှစ်သက်အားရလျှင် ကိုယ်စိတ်ငြိမ်းအေးသည်။ (ပဿဒ္ဓိ)
- ကိုယ်စိတ်ငြိမ်းအေးလျှင် ကိုယ်စိတ်ချမ်းသာသည်။ (သုခ)
- ကိုယ်စိတ်ချမ်းသာလျှင် စိတ်တည်ငြိမ်သည်။ (သမာဓိ)
- စိတ်တည်ငြိမ်လျှင် လွတ်မြောက်ရာလမ်းသို့ ဦးတည်သော ဉာဏ်ပညာကိုရသည်။ (ယထာဘူတ ဉာဏဒဿန)
ပြောရလျှင် သီလ၏အကျိုးဆက်မှာ နိဗ္ဗာန်မျက်မှောက်ပြုရေးအထိဟု ဆိုနိုင်ပါသည်။ သို့အတွက် သီလကို “ကျင့်ဝတ်တန်ဖိုး”ဟု ဆိုနိုင်သလို “ကိုယ်ကျင့် အဘိဓမ္မာ” ဟူ၍လည်း မှတ်ယူနိုင်ခြင်း ဖြစ်ပါသည်။
ကောင်းစွာပြောဆိုခြင်း
များသောအားဖြင့် လူသည် မိမိစိတ်ထဲတွင် တွေးထင်ယူဆထားသည့်အတိုင်း ပြောဆိုကြသည်က များသည်။ သို့အတွက် ကောင်းစွာကြံစည်တွေးခေါ်ခြင်း၏ နောက်တွင် ကောင်းစွာပြောဆိုခြင်းက ကပ်လိုက်တက်ပါသည်။ ဗုဒ္ဓ၏ အလိုအရ ကောင်းစွာပြောဆိုခြင်း (သမ္မာဝါစာ)ဆိုသည်မှာ “မကောင်းသော အပြောအဆို” (ဝစီဒုစရိုက်) လေးမျိုးကိုရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။ ဤသည်တို့မှာ
   (၁) မမှန်သောစကားကို ပြောဆိုခြင်း (မုသာဝါဒ) (falsehood)
   (၂) ကုန်းချော ရန်တိုက်စကားကို ပြောဆိုခြင်း (ဝိသုဏဝါစာ) (slander)
   (၃) ကြမ်းတမ်းရိုင်းစိုင်းသော စကားကိုပြောဆိုခြင်း (ဖရုသဝါစာ) (harsh words)
   (၄) အကျိုးမရှိ အနှစ်မပါသော စကားကိုပြောဆိုခြင်း (သမ္ဖပ္ပလာပ) (gossip) တို့ဖြစ်သည်။
နံပါတ် (၁) ဝစီဒုစရိုက် (မမှန်သောစကားကိုပြောဆိုခြင်း)မှာ အရေးအကြီးနှင့် အခြေခံအကျဆုံးဖြစ်သည်။ ဤသဘောကို ဗုဒ္ဓက သူ၏သားတော် ရာဟုလာ ကိုရင်အား ဆုံးမရာတွင် ဤသို့ပြောခဲ့သည်။ “ ရာဟုလာ.....၊ မုသားပြောဖို့ မရှက်သောသူသည် ရေအိုးထဲမှ ရေကိုတစ်စက်မကျန် သွန်ပစ်လိုက်သလို၊ မည်သည့်ကိုယ်ကျင့်သီလမှ မရှိတော့ချေ။ မည်သို့သောမကောင်းမှုကိုမျှ ပြုလုပ်ရန် ဝန်မလေးတော့ပေ ...” သို့အတွက် မမှန်သောစကားကို မပြောဆိုမိစေရန် “ရိုးသားမှု” (honesty)ဆိုသော ကျင့်ဝတ်နှင့် ထိန်းရမည်ဟု ဆိုပါသည်။
နံပါတ်(၂) ဝစီဒုစရိုက် (ပိသုဏဝါစာ) ကို အကျယ်အဓိပ္ပာယ် ဖွင့်လျှင် “ညီညွတ်ချစ်ခင်မှုကို ပြိုကွဲစေခြင်း” (breaking fellowship) ဟု ဆိုနိုင်ပါသည်။ ဤသဘောကို ဗုဒ္ဓကျမ်းဂန်များတွင် ဓားသွားနှင့် ဥပမာပြုကြသည်။ စည်းရုံးညီညွတ်မှု၊ ချစ်ခင်ကြင်နာမှုတို့ကို ထိရှစေသော အကျင့်ဆိုးဖြစ်ပါသည်။ ဤအကျင့်ဆိုးကို ရှောင်ကြဉ်နိုင်ရန် “ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုရမည်”(must be harmonious)ဟုဆိုပါသည်။
နံပါတ်(၃) ဝစီဒုစရိုက်မှာ အကျိုးသက်ရောက်မှုနှင့်ယှဉ်၍ မကောင်းမှုဟု သတ်မှတ်ခြင်းဖြစ်သည်။ မှန်သောစကားပင်ဖြစ်စေ၊ ကြမ်းတမ်းရိုင်းစိုင်းလျှင်၊ နားထောင်ရသူဘက်မှ နှစ်လိုဖွယ်ရာ မရှိတတ်ပေ။ သို့နှင့်အမျှ ပြောသူရော နားထောင်သူအတွက်ပါ အကျိုးများနိုင်စရာ မရှိ ဖြစ်တတ်သည်။ ဤသဘောကို “ခါးလျှင် နားမဝင်၊ ချိုမှ နားဝင်လွယ်သည်” ဟု လောကနီတိတွင် ဆုံးမထားသည်။ သို့အတွက် ဖရုသဝါစာကို ရှောင်နိုင်ရန် “ယဉ်ကျေးသိမ်မွေ့မှု” (politeness)ကို ဆောင်ရမည်ဟု ဆိုပါသည်။
နံပါတ်(၄) ဝစီဒုစရိုက် (သမ္ဖပ္ပလာပ)ကို အင်္ဂလိပ်ဝေါဟာရ gossip နှင့် ဖလှယ်ထားသော်လည်း မပြည့်စုံပါ။ အတင်းအဖျင်း အပါအဝင် အကျိုးမဲ့အနှစ်မဲ့ စကားအားလု့း အကျုံးဝင်ပါသည်။  ဤသို့ ပြိန်ဖျင်းသော စကားမှာ ပြောသူရော နာသူအတွက်ပါ အကျိုးမဲ့စေ၍ မကောင်းမှုဟုသတ်မှတ် ထားခြင်းဖြစ်ပါသည်။ ဤသဘောကို “အနှစ်မဲ့၊ အကျိုးမဲ့ စကားအခွန်းတစ်ထောင်ဘက် အနှစ်ရှိ၊ အကျိုးရှိသော စကားတစ်ခွန်းက ပိုမြတ်၏”ဟု ဓမ္မပဒတွင် ဖွင့်ဆိုထားပါသည်။ သို့အတွက် မိမိပြောစကားတစ်ခွန်းမှာ မိမိအတွက်ရော၊ နားထောင်သူအတွက်ပါ အကျိုးများစေရမည်။ (must be beneficial)ဟု ကျင့်ဝတ်သတ်မှတ်ချက်ထားခြင်းဖြစ်ပါသည်။
အနှစ်ချုပ်ဖော်ပြရလျှင် ကောင်းစွာ ပြောဆိုခြင်းဆိုသည်မှာ...
(၁) ရိုးဖြောင့်ရမည် (မှန်တာပြောရမည်)
(၂) ချစ်ခင်ညီညွတ်မှုကို အထောက်အကူပြုစေရမည်
(၃) ယဉ်ကျေးသိမ်မွေ့ရမည်
(၄) အကျိုးရှိစေရမည် -
ဆိုသော ဂုဏ်အင်လေးရပ်နှင့် ပြည့်စုံသည့် စကားဖြစ်ပါသည်။
ဤနေရာတွင် ဗုဒ္ဓ၏ “သမ္မာဝါစာ”မှာ “မိတ္တဗလဋီကာ”သက်သက် မဟုတ်သည်ကို သတိချပ်ဖို့လိုပါလိမ့်မည်။ စင်စစ် ဗုဒ္ဓအနေနှင့် “မှန်-မမှန်”၊ “နှစ်လိုဖွယ် ဖြစ်-မဖြစ်”၊ “အကျိုးရှိ-မရှိ”ဆိုသော နှုန်းစံသုံးရပ်နှင့် ချင့်တွက်ပြီးမှ ပြောသင့်ပြောထိုက်သော စကားကို ရွေးချယ်ခြင်းဖြစ်သည်။
ဤစံသုံးခုနှင့် ဖြန့်တွက်လိုက်လျှင် စကားခြောက်ခွန်းမျှ အပြန့်ကျယ်လာနိုင်ပါသည်။
(၁)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးရှိသည်။
(၂)   မှန်သည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၃)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးရှိသည်။
(၄)   မှန်သည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။
(၅)   မှားသည်၊ နှစ်လိုဖွယ်ဖြစ်သည်၊ အကျိုးမရှိ။
(၆)   မှားသည်၊ နှစ်လိုဖွယ်မဖြစ်၊ အကျိုးမရှိ။
ဗုဒ္ဓက နံပါတ်(၁) နှင့် နံပါတ်(၃) ကိုသာ ပြောသင့်ပြောထိုက်သောစကားဟု ယူဆသည်။ မှန်လည်းမှန်သည်။ အကျိုးလည်းရှိမည်ဆိုလျှင် နှစ်လိုဖွယ်မဖြစ်လည်း၊ ပြောသင့်ပြောထိုက်သည်ဟု ယူဆခြင်းမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း တို့ကို မတုန်လှုပ်သော ရိုးဖြောင့်ခိုင်မာသည့် စိတ်အခံကို ဖော်ပြရာ ရောက်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်)၏စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။
Saturday, October 20, 2012
သစ္စာရှာဖို့ မြင်းစီးသူအပိုင်း(၉)အဆက်
အတ္တ၏ နောက်အဓိပ္ပာယ်တစ်မျိုးမှာ ပုဂ္ဂလိကဝါဒသဘော(individuality)ဖြစ်ပါသည်။ အနတ္တ၏ အဓိပ္ပာယ်တွင် ဤအချက်ကိုမူ ဆန့်ကျင်ဘက်မယူပါ။ ဗုဒ္ဓကိုယ်တိုင်က ပုဂ္ဂလိကအခန်းကဏ္ဍကို သမုတိသဘောနှင့်လက်ခံထားပါသည်။ ကမ္မဥပဒေသလာ “မိမိပြုသည့်ကံ(အလုပ်)ကိုမိမိကိုယ်တိုင်တာဝန်ယူရမည်” ဆိုသည်မှာ ဤသဘောပင်ဖြစ်သည်။ ဓမ္မပဒတွင်ပါသော“အတ္တာဟိ အတ္တနော နာထော” (မိမိကိုယ်သာကိုးကွယ်ရာ) ဆိုသည်မှာလည်း ဤသဘောဖြစ်ပါသည်။ ဗုဒ္ဓက “အတ္တ”ကို ငြင်းပယ်သည်ဆိုရာတွင် အတ္တ၏ self အဓိပ္ပာယ်နှင့် permanent အဓိပ္ပာယ်တို့ကိုသာဖြစ်သည်။ individual သဘောမဟုတ်ဟု နားလည်ရပါသည်။
အတ္တတွင် နောက်ထပ်အဓိပ္ပာယ်တစ်မျိုးရှိပါသေးသည်။ ရှေးဟောင်းအိန္ဒိယဒဿနက် ဤအဓိပ္ပာယ်ကို အခြေခံသည်။ “ထာဝရတည်မြဲသည့် ဝိညာဉ်”(eternal spirit)ဟူ၍ ဖြစ်ပါသည်။ ဤအဓိပ္ပာယ်ကိုမူ ဗုဒ္ဓကပြတ်ပြတ်သားသားငြင်းပယ်ပါသည်။ သို့အတွက် ဤသည်ကို ဆန့်ကျင်ဘက်ပြုလိုက်လျှင်မူ အနတ္တ၏ နောက်ထပ် အဓိပ္ပာယ်တစ်ခု ရနိုင်ပါသည်။ အနတ္တအမြင်က “ထာဝရတည်မြဲသည့် ဝိညာဉ်” ဆိုသည်ကို လက်မခံပါ။
္ကဤနေရာတွင် ရှေးဟောင်း အိန္ဒိယ ဒဿနတစ်ခုဖြစ်သော သဿတဒိဠိ အယူအဆကို ပြညွှန်းဖို့လိုပါလိမ့်မည်။  ဤအယူက “မည်သည့်အခါမှ ပျောက်ပြယ် သေဆုံးခြင်းမရှိသော ဝိညာဉ်” (immortal soul)ကိုဟောသည်။ သေတတ်သည့် ခန္ဓာတွင် မသေသည့်ဝိညာဉ်ကိန်းနေသည်ဟုယူသည်။ ဤဝိညာဉ်ကိုပင် အတ္တဟုခေါ်ပါသည်။ အနတ္တမှာ ဤသို့သော အတ္တနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူသေသည်နှင့် ရုပ်ရောနာမ်ရောချုပ်သွားသည်ဖြစ်ရာ အမြုတေအတ္တ မကျန်ရစ်ဟုဟောပါသည်။ ဤသည်မှာ အနတ္တ၏ ဒုတိယအဓိပ္ပာယ်ဖြစ်သည်။ မမြဲသည့်သဘော၊အနှစ်မရှိသည့်သဘောဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် “Not permanent” သို့မဟုတ် “ No sole”ဟု အနီးစပ်ဆုံး ဘာသာပြန်နိုင်ပါလိမ့်မည်။
စင်စစ် ဗုဒ္ဓ၏ ဘဝနှင့်ပတ်သက်သော ဖွင့်ဆိုချက်ဖြစ်သည့် လက္ခဏာရေးသုံးပါးမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်သာ ဖြစ်ပါသည်။ ဘဝသည် မမြဲ (အနိစ္စ)၊ ဤသို့မမြဲသည့်အတွက် လိုအင်မပြည့် (ဒုက္ခ)၊ သို့အတွက် အစိုးမရနိုင်(အနတ္တ)ဟု ချုပ်ယူနိုင်ပါလိမ့်မည်။
အနတ္တလက္ခဏသုတ်
အနတ္တလက္ခဏသုတ်မှာ ဓမ္မစကြာတရားအပြီး ဟောကြားသော ဗုဒ္ဓ၏ ဒုတိယတရားတော်ဖြစ်သည်။ တရားနာပရိသတ်မှာမူ ဓမ္မစကြာဟောစဉ်ကအတိုင်း အရှင်ကောဏ္ဍည အမှူးပြုသော တပသီဟောင်းငါးဦးပင်ဖြစ်သည်။ ယခင်နှင့်မတူတော့သည်မှာ အနတ္တလက္ခသုတ်ကို နာယူစဉ်တပသီဟောင်းများမှာ ပထမအဆင့် ဉာဏ်အလင်း (သောတာပန်)ရပြီးသူများဖြစ်နေခြင်းပင်။ တစ်နည်းပြောရလျှင် ရင့်ကျက်သော ပညာအခံရှိနှင့်ပြီဟု ဆိုနိုင်ပါလိမ့်မည်။ အနတ္တ လက္ခဏသုတ် ဟောကြားပြီးသော အခါမှ တပသီဟောင်းငါးဦးလုံး အမြင့်ဆုံးဉာဏ်အလင်း(အရဟတ္တ) ရသွားကြသည်ဟု အမှတ်အသားရှိသည်။
အနတ္တလက္ခဏသုတ်မှာ ဓမ္မစကြာနှင့်အပြိုင်၊ အထူးအရေးကြီးသော တရားတော်ဖြစ်ရာ၊ ဗုဒ္ဓ၏မူလဟောကြားချက်များကို အရင်အတိုင်းလေ့လာဖို့လိုပါလိမ့်မည်။ ယခုစာစုတွင်မူ အဆိုပါသုတ်မှ အရေးအကြီးဆုံးဟု ယူဆရသည့် အပိုဒ် ၄ ပိုဒ် ကို ထုတ်နုတ်ဖော်ပြသွားပါမည်။
   (၁)   ရဟန်းတို့-ရုပ်ခန္ဓာသည် မိမိကိုယ်ပိုင်မဟုတ်ပေ။ အကယ်၍ ရုပ်ခန္ဓာမှာမိမိကိုယ်ပိုင် ဖြစ်ရိုးမှန်လျှင် ဒုက္ခဝေဒနာတို့၏ ရေခံမြေခံ မဖြစ်သင့်ပါ။ “ဒီလိုဖြစ်စမ်း၊ ဒီလိုမဖြစ်နဲ့” စသဖြင့်လည်း အမိန့်ပေးစေခိုင်း၍ ရဖို့ကောင်းပါသည်။ သို့သော် ရုပ်ခန္ဓာမှာမိမိအလိုသို့မလိုက်၊ ဒုက္ခဝေဒနာတို့၏ ကိန်းရာတည်ရာသာဖြစ်သည်။ မိမိဆန္ဒနှင့်အစိုးမရ။ သူ့သဘော သူဆောင်သည်သာ ဖြစ်သည်။ သို့အတွက် ရုပ်ခန္ဓာသည် အတ္တမဟုတ်၊ အနတ္တဟု ဆိုခြင်းဖြစ်သည်။
      (ရုပ်ခန္ဓာကဲ့သို့ပင် ဝေဒနာ၊ ပညာ၊ သင်္ခါရ၊ ဝိညာဏ တို့ကို လည်းဤအတိုင်းပင် ဆက်ရှင်းသည်)
   (၂)   ရဟန်းတို့-ရုပ်ခန္ဓာသည် မြဲသလော၊ မမြဲသလော ...။ မမြဲပါဘုရား (အနိစ္စ)၊ ဤသို့မမြဲသည့်အတွက် နှစ်သက်ဖွယ်ဟုဆိုမည်လော၊ မနှစ်သက်ဖွယ်ဟု ယူမည်လော ..။မနှစ်သက်ဖွယ်ပါဘုရား(ဒုက္ခ)၊ အစိုးလည်းမရ။ မြဲလည်းမမြဲ။ နှစ်သက်ဖွယ်ရာလည်း မဟုတ်ပါဘဲနှင့် ဤရုပ်ခန္ဓာကိုပင် ငါ့ဟာ၊ သူ့ဟာ၊ ငါပဲ၊ သူပဲ .. စသဖြင့် ထင်မှတ်မှားနေကြသည်မှာ ဖြစ်သင့်ပါသလော ..။ မဖြစ်သင့်ပါ ဘုရား။
      (ရုပ်ခန္ဓာကဲ့သို့ပင် နာမ်ခန္ဓာလေးပါးကိုလည်း ဤအတိုင်း ဆက်ရှင်းသည်။)
`   (၃)   ရဟန်းတို့-အတိတ်ကဖြစ်ခဲ့သည် ရှိစေ၊ ပစ္စုပ္ပန်တွင် ရှိနေဆဲဖြစ်စေ၊ အနာဂတ်တွင်ရှိလိမ့်မည်ဖြစ်စေ၊ လူဖြစ်စေ၊ သတ္တဝါဖြစ်စေ၊ ကြမ်းသည်ဖြစ်စေ၊ နုသည်ဖြစ်စေ၊ အဆင့်နိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ အနီးမှာရှိသည်ဖြစ်စေ၊ အဝေးမှာရှိသည်ဖြစ်စေ၊ ရုပ်ခန္ဓာမှန်လျှင် လက္ခဏာရေးသုံးပါး (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)နှင့် မကင်း၊ ဤသဘောအမှန်ကို ထိုးထွင်းသိမြင်လျှင် ငါ၊ သူ၊ ငါ့ဟာ၊ သူ့ဟာ စသဖြင့် အစွဲရှိတော့ မည်မဟုတ်။
      (နာမ် ခန္ဓာလေးပါးကိုလည်း ဤအတိုင်းပင် ဆက်ရှင်းသည်)။
   (၄)   ဤသို့ အမှန်အတိုင်း ထိုးထွင်းသိမြင်ပြီးဖြစ်သော ရဟန်းသည် ရုပ်ခန္ဓာကို မစွဲတော့။ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ စသော ရုပ်ခန္ဓာများကိုလည်း မစွဲလမ်းတော့။       
ဤသို့မစွဲလမ်းတော့သည်နှင့် ရုပ်နာမ်တို့၏ အစုဝေးခန္ဓာငါးပါးအပေါ်တပ်မက်သော တဏှာမှ ဖယ်ခွာနိုင်ခဲ့ပြီဖြစ်သည်။ ဤသို့ဖယ်ခွာနိုင်သည်နှင့် ထိုရဟန်းအတွက် လွတ်မြောက်ရေးလမ်းစ ပွင့်ပေပြီ။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တော့မည် ဖြစ်ပေသည်။
“တရားရှာ ခန္ဓာမှာတွေ့” ဆိုသည့် စကားအတိုင်း ဗုဒ္ဓ၏ ဝိပဿနာလမ်းကြောင်းမှာ ခန္ဓာငါးပါးကို ဉာဏ်နှင့် ဆင်ခြင်ရှုမှတ်ခြင်း ဖြစ်လေသည်။ အထက်ပါ စာပိုဒ်ငါးပိုဒ်မှာ အဆိုပါဝိပဿနာ လမ်းကြောင်းကို အနှစ်ချုပ်ပြထားသည်ဟု ဆိုနိုင်ပါသည်။
ပထမစာပိုဒ်မှာ အနတ္တလက္ခဏာသုတ်တွင် ပါရှိသော “ရူပ” ဘိက္ခဝေ အနတ္တာ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ကိုအနီးစပ်ဆုံး ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ခန္ဓာငါးပါးလုံး အနတ္တဖြစ်သည် ဆိုခြင်းကို ရှင်းပြပါသည်။
ဒုတိယစာပိုဒ်မှာ “တံကိံမညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ  ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ဖြစ်ပါသည်။ ခန္ဓာငါးပါးပေါ်တွင် လက္ခဏာရေးသုံးပါးကို တင်ကြည့်ခြင်းဖြစ်သည်။
တတိယစာပိုဒ်မှာ “တသ္မာတိဟဘိက္ခဝေ ယံ ကိဥ္စိ ရူပံ အတီတာနာဂတ ပစ္စုပ္ပန္နံ ...” အစချီသော စုဏိပါဠိ(ပါဠိစကားပြေ)ဖြစ်ပါသည်။ ခန္ဓာငါးပါးအပေါ် တဏှာနှင့်မကြည့်ဘဲ ပညာနှင့်ကြည့်မြင်ရန် အသိပေးခြင်းဖြစ်သည်။
စတုတ္ထစာပိုဒ်မှာ “နိဗ္ဗိန္ဒံ ဝိရဇ္ဖတိ” အစချီသော စုဏိယပါဠိ (ပါဠိစကားပြေ)ဖြစ်ပါသည်။ ဝိပဿနာ ဉာဏ်စဉ်များကို အနှစ်ချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။ ပြောရလျှင် ဤစာပုဒ်လေးပုဒ်မှာ အနတ္တလက္ခဏသုတ်၏ အနှစ်ချုပ်ဖြစ်သလို၊ ပထမလမ်းသွယ်“ကောင်းစွာသိမြင်နားလည်ခြင်း”(သမ္မာဒိဋ္ဌိ)ကိုဖော်ပြရာလည်းရောက်ပါသည်။ ဗုဒ္ဓ ဓမ္မအလိုအရ အရာရာကို လက္ခဏာရေးသုံးပါးဖြင့် ပိုင်းခြား သိမြင်ခြင်းသည်ပင် ကောင်းမွန်မှန်ကန်စွာ သိမြင်နားလည်ခြင်းဖြစ်ပါသည်။ ပြောရလျှင် ဘဝနှင့်သံသရာကို ပညာဖြင့်ဆင်ခြင်သိနားလည်ခြင်းဟု ဆိုနိုင်ကောင်းမည် ထင်ပါသည်။
(၂) ကောင်းစွာ ကြံစည်တွေးခေါ်ခြင်း
ပညာလမ်း၏ ဒုတိယလမ်းသွယ်မှာ “ကောင်းစွာကြံစည်တွေးခေါ်ခြင်း” (သမ္မာသင်္ကပ္ပ)ဖြစ်ပါသည်။ ပထမလမ်းသွယ် (သမ္မာ ဒိဋ္ဌိ)နှင့် သမ္မာသင်္ကပ္ပမှာ မတူပါ။ သမ္မာဒိဋ္ဌိက မရှိကိုအရှိအတိုင်း သိမြင်နားလည်ခြင်းဖြစ်သည်။ သမ္မာသင်္ကပ္ပမှာ အတွင်းစိတ်၏ မျှော်မှန်းတမ်းတခြင်းသဘောဖြစ်ပါသည်။ သို့သော်ဤနှစ်ခုမှာ ဆက်စပ်နေရပါလိမ့်မည်။ စိတ်သည် လွတ်ထွက်တတ်သည့် သဘာဝရှိရာ ဤသို့လွတ်မသွားစေရန် သမ္မာဒိဋ္ဌိကို နှလုံးသွင်းစေနိုင်ဖို့လိုပါသည်။ တစ်နည်းဆိုလျှင် သမ္မာသင်္ကပ္ပကို သမ္မာဒိဋ္ဌိပေါ်တွင် တင်ထားဖို့ဖြစ်သည်။ ဤသဘောကို ရည်ရွယ်၍ ဗုဒ္ဓကျမ်းဂန်များတွင် သမ္မာသင်္ကပ္ပကို “အာရုံဆီသို့မှန်စွာ ရှေ့ရှုစေရန်တင်ပေးခြင်း”ဟု အဓိပ္ပာယ်ဖွင့်ပါသည်။
   ဗုဒ္ဓညွှန်ပြသော ကောင်းစွာကြံစည်တွေးခေါ်ခြင်းမှာ -
   (၁)   ကိုယ်ကျိုးစွန့်လွှတ်စိတ် ( အ- လောဘ)
   (၂)   သတ္တဝါအားလုံးအပေါ် ဖြန့်ကြက်ထားသော မေတ္တာစိတ် ( အ-ဒေါသ )နှင့်
   (၃)   သူတစ်ပါးအပေါ် ကြမ်းကြုတ်ရက်စက်သည့် သဘောမပါသောစိတ် (ဂရုဏာစိတ်)
ဤ စိတ်သုံးမျိုးကို အမြဲမပြတ် ကြံစည်နှလုံးသွင်းနိုင်ဖို့ ဖြစ်ပါသည်။
ပထမစိတ်၊ ကိုယ်ကျိုးစွန့်လွှတ်စိတ်ဆိုရာတွင် ရုပ်ဝတ္ထုဆိုင်ရာ အကျိုးစီးပွားများသာမက စိတ်ပိုင်းဆိုင်ရာ အစွဲအလမ်းများကိုပါ စွန့်လွှတ်ဖို့ရည်ရွယ်သည်။ ဗုဒ္ဓ၏ သံဃာ့အဖွဲ့အစည်းတွင် သတ်မှတ်ထားသော ဦးပြည်းခေါင်းထုံး၊ ဖန်ရည်ဆိုး၊ သင်္ကန်း၊ ဆွမ်းတစ်နပ် စသည်တို့မှာ ကိုယ်ကျိုးစွန့်လွှတ်စိတ်ကို လက်တွေ့ကျင့်သုံးစေခြင်းဖြစ်သည်။ သို့နှင့်တိုင် ဤစိတ်မှာရဟန်းသံဃာတော်များအတွက်သာ သတ်မှတ်ထားသည်မဟုတ်ပါ။ လူပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်ပါသည်။ ဤသဘောကို -ဓမ္မပဒတွင် ဤသို့ဖွင့်ဆိုထားသည်။
   မကောင်းမှုကို ရှောင်ကြဉ်သူသည် “ဗြဟ္မာ”(မြင့်မြတ်သူ)မည်၏။ နည်းသောအမှုကိစ္စဖြင့် အေးချမ်းစွာနေသူသည် “သာမဏ”(ဧကစာကျင့်သူ)မည်၏။
   ကိလေသာကို ပယ်ခွာထားသူသည် “ပဗ္ဗဇိတ”(သန့်စင်သူ)မည်၏။
ဒုတိယစိတ် -  မေတ္တာစိတ်မှာ လူမှုဆက်ဆံရေးတွင် ကြုံတွေ့နိုင်စရာရှိသော ပဋိပက္ခများကို ရှောင်ရှားနိုင်ရန် ရည်ရွယ်သည်။ ဒေါသနှင့်ဆူဝေနေလျှင် အမှန်ကိုနှလုံးသွင်းနိုင်စရာ မရှိသောကြောင့်ဖြစ်ပါသည်။ တတိယစိတ် ကရုဏာစိတ်မှာလည်း ဤသဘောပင် ဖြစ်ပါသည်။ ဤစိတ်အခံသုံးမျိုးဖြင့် ကြံစည်နေမှသာ ပထမလမ်းသွယ်လာ အမြင်မှန်ကို မျက်ခြည်မပြတ် နှလုံးသွင်းနိုင်ပါလိမ့်မည်။ ဤစိတ်အခံသုံးမျိုးကို အပြည့်အဝမဟုတ်လျှင်သော်မှ၊ မထိုက်အသင့် နှလုံးသွင်းနိုင်လျှင်ပင် အဆင်ပြေချောမွေ့သော လူမှုဆက်ဆံရေးဘဝ ရရှိနိုင်စရာရှိပါသည်။ သို့အတွက် ကောင်းစွာကြံစည်တွေးခေါ်ခြင်းကို “အပေါင်းလက္ခဏာ စဉ်းစားနည်း” (positive thinking)ဟု ဆိုနိုင်လိမ့်မည် ထင်ပါသည်။
သစ္စာရှာဖို့ မြင်းစီးသူ (ကျော်ဝင်း၏)စာအုပ် ဆက်လက်ရေးသားဖော်ပြပါမည် ။