Sunday, August 28, 2011

ဘဝနှင့် ဘဝနိရောဓ

ခန္ဓာတို့၏ ဖြစ်ပေါ်မှုကို ဘဝ-ဟု ခေါ်၏။ အချို့ဘဝမှာ ခန္ဓာငါးရပ် ပေါင်းစပ်၍ ဖြစ်၏။ သို့သော် အချို့ဘဝမှာ ခန္ဓာလေးရပ်သာ ပေါင်းစပ်၍ ဖြစ်၏။ ထိုဘဝမှာ ရုပ်ခန္ဓာ မရှိ။ အချို့ဘဝမှာ ခန္ဓာတစ်မျိုး သာ ဖြစ်၏။ ထိုဘဝမျိုးမှာ နာမ်ခန္ဓာလေးမျိုး မရှိ။ လူ့ဘဝကား ခန္ဓာငါးရပ် ပေါင်းစပ်ထားသော ဘဝဖြစ်သည်။
ယေဘုယျအားဖြင့် လူ့ဘဝသည် မိခင်ဝမ်းတွင် သန္ဓေတည်ခြင်းမှ စတင်ခဲ့သည်။ လက်ရှိဘဝ၏ အစ-အလယ်-အဆုံးကို လူတိုင်းလိုလို သိရှိနိုင်ကြ၏။ သို့ရာတွင် လက်ရှိဘဝမတိုင်မီက ဘာဖြစ်ခဲ့သည်ကို လူတိုင်းမသိနိုင်ကြ။ အချို့ပုဂ္ဂိုလ်များသာ (ဥပမာ- ဇာတိဿရ နှင့် ပုဗ္ဗေနိဝါသဉာဏ်ရသူများသာ) သိနိုင်ကြ၏။ အတိတ်ဘဝဆိုသည်ကို အမျိုးမျိုးကြံတွေးကြည့်ကြ၏။ အချို့က အတိတ်ဘဝဆိုသည်ကို ငြင်းပယ်ထားကြပြီး အချို့က အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည် ကြ၏။

အတိတ်ဘဝ ငြင်းပယ်ထားသူတို့က အဘယ့်ကြောင့် လက်ရှိဘဝ ရလာသည်ကို အဖြေရှာကြ၏။ အချို့က “လက်ရှိဘဝကို မမျှော်လင့်ဘဲ ရလာခြင်း၊ အကြောင်းမဲ့ရလာခြင်း”ဟု ဆိုကြ၏။ ထိုသူတို့ကို “အဟေတုကဝါဒီ” ဟု ခေါ်၏။ အချို့ကမူ လက်ရှိဘဝသည် တန်ခိုးရှင်၏ ဖန်ဆင်းမှုကြောင့် ဖြစ်လာရသည်ဟု ဆိုကြ၏။ ထိုသူများကို “ဣဿရနိမ္မာနဝါဒီ” ဟု ခေါ်၏။
အတိတ်ဘဝရှိသည်ဟု လက်ခံယုံကြည်သူတို့ကမူ အကြောင်းကံ နှင့် သံသရာကို ရှင်းပြကြ၏။ ယခုဘဝဖြစ်လာသမျှ သုခ ဒုက္ခတို့သည် ရှေးဘဝကပြုလုပ်ခဲ့သည် ကံ၌သာ လုံးဝ အခြေခံသည်ဟု ဆိုကြ၏။ ထိုသူများကို “ပုဗ္ဗေကတဟေတုဝါဒီ” ဟု ခေါ်၏။ လူတိုင်းမှာ အစဉ်ထာဝရ ခိုင်မြဲသော အတ္တ သို့မဟုတ် ဇီဝ-ရှိ၏။ ထိုအတ္တဇီဝသည် ကောင်းဆိုးနှစ်တန် ကံစီမံသည့်အတိုင်း ကံ၏ အကျိုးကို ခံ-စံရင်း သံသရာလည်နေသည်ဟု “သဿတဝါဒီ”တို့က ဆိုကြ၏။

ဗုဒ္ဓဝါဒအရမူ အတိတ်ဘဝရှိသည် သို့သော် အတ္တဇီဝ မရှိ။ အတ္တ ဇီဝ-ဆိုသည်မှာ တွေးယူကြံဆချက်မျှသာ ဖြစ်၏။ အတိတ်ဘဝ- ဟူသည် ချုပ်ငြိမ်းနှင့်ပြီးသော ရုပ်နာမ်နှစ်မျိုးသာ ဖြစ်သည်။ ရုပ်နာမ်နှစ်မျိုးသည် သတ္တဇီဝမဟုတ်သော ကြောင်းကျိုးဆက်နွယ်ကာ စဉ်ဆက်မပြတ်ဖြစ်နေသော ဓမ္မသက်သက်သာ ဖြစ်၏။ ရုပ်နာမ်ခန္ဓာ တို့၏ စဉ်ဆက်မပြတ် လည်ပတ်ဖြစ်ပေါ်နေခြင်းကို သံသာရ- သံသရာ ဟုခေါ်၏။
ရုပ်နာမ်ခန္ဓာတို့သည် အကြောင်းမဲ့ မတော်တဆ ဖြစ်လာကြသည် မဟုတ်။ တန်ခိုးရှင် ဣဿရ၏ လက်ရာလည်း မဟုတ်။ စင်စစ်မှာမူ အဇ္ဈတ္တ ဗဟိဒ္ဓ ရုပ်နာမ်နှစ်ရပ် အပြန်အလှန် ဆက်စပ်ကာ အကြောင်းအကျိုးအဖြစ် လည်ပတ်ဖြစ်ပေါ်နေခြင်းသာ ဖြစ်၏။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ သတိ ဣဒံ ဟောတိ၊ ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ” ဟု ဟောတော်မူ၏။
“ဤအရာ (အကြောင်းတရား) ရှိနေလျှင် ဤအရာ အကျိုးတရား ရှိ၏။ ဤအရာ (အကြောင်းတရား) ဖြစ်လာခြင်းကြောင့် ဤအရာ (အကျိုးတရား) ဖြစ်လာရ၏။”
သံသရာလည်ခြင်းဆိုသည်မှာ ကြောင်းကျိုးနွယ်ဆက် စဉ်ဆက် မပြတ် လည်ပတ်နေခြင်းပင်တည်း။ ထိုသို့ အစဉ်မပြတ် လည်ပတ် နေခြင်းကိုပင် “ဝဋ္ဋ”ဟုလည်းခေါ်၏။ ဝဋ္ဋ-သည် ကိလေသဝဋ် ကမ္မဝဋ် ဝိပါကဝဋ်- ဟု သုံးမျိုးရှိ၏။ အမှန်မသိခြင်း၊ လိုချင်တပ်မက်ခြင်း၊ တပ်မက်စွဲ အယူစွဲတို့ဖြင့် စွဲလန်းခြင်းတို့ကို ကိလေသာဟု ခေါ်၏။ အကောင်းအဆိုး အမှုမျိုးကို ဖြစ်စေတတ်သည့် လှုံ့ဆော်မှုစေတနာကို ကမ္မ-ဟု ခေါ်၏။ ထိုကမ္မကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို ဝိပါက-ဟု ခေါ်၏။

ဤ၌ ကိလေသ-ရှိသောကြောင့် ကမ္မရှိသည်။ ကမ္မ-ရှိသောကြောင့် ဝိပါက-ရှိရလေသည်။ အရပ်သုံးစကားဖြင့် ဆိုရသော် “လိုချင်သည်၊ လုပ်သည်၊ ရသည်” ဟု ဆိုရမည် ဖြစ်၏။ ဤ၌ လိုချင်သည်-ဆိုသည်မှာ ကိလေသ၊ လုပ်သည်ဆိုသည်မှာ ကမ္မ၊ ရသည်ဆိုသည်မှာ ဝိပါက-ဖြစ်၏။ ထိုတရားသုံးပါးသည် ကြောင်းကျိုး အဖြစ် ဆက်နွယ်နေ၏။ “ရလျှင် လိုချင်ပြန်သည်၊ လိုချင်၍ လုပ်ပြန်သည်၊ လုပ်လျှင် ရလာပြန်သည်” ဟု စဉ်ဆက်မပြတ် လည်ပတ်နေမှုသည် မည်သည့်အချိန်မှ စတင်ခဲ့သည်ဆိုသည်ကို မသိနိုင်၊ “အနမတဂ္ဂေါ ယံ သံသာရော” = “ဤသံသရာ၏ အစကို မသိနိုင်” ဟု ဗုဒ္ဓမြတ်စွာက ဟောတော်မူသည်။

အလွန့်အလွန်ကြာလှပြီဖြစ်သည့်အတွက် သံသရာ၏အစကို မသိနိုင်သော်လည်း ၊ သံသရာ၏အဆုံးကိုမူ သိနိုင်၏။ အကြောင်း အကျိုးတို့၏ လုံးဝချုပ်ငြိမ်းမှုသည် သံသရာ၏ အဆုံးပင်ဖြစ်၏။
အလွန်ရှည်ကြာလှပြီဖြစ်သော သံသရာကို ရပ်တန့်စေလိုလျှင် အကြောင်းကိုရှာ၍ ဖျက်ဆီးရမည်။ အကြောင်းပြတ်လျှင် အကျိုးရပ်မည်။ သိသာအောင်ဆိုရသော် “လိုချင်မှုသည် အကြောင်း၊ လုပ်မှုသည်အကျိုး၊ တဖန် လုပ်မှုသည် အကြောင်း၊ ရမှုသည် အကျိုး၊” ဤသို့ အစဉ်အဆက်မပြတ် အကြောင်းအကျိုး လည်ပတ်လျက်ရှိရာ “လိုချင်မှု” ဟူသော အကြောင်းကို ဖယ်ရှားရမည်။ မလိုချင်လျှင် မလုပ်၊ မလုပ်လျှင် မရ၊ မရလျှင် လိုချင်မှုဆိုသည်မှာ ထပ်၍ မလာတော့သဖြင့် ကြောင်းကျိုးဆက်ပြတ်သည်။

ဗုဒ္ဓမြတ်စွာက - “ဣမသ္မိံ အသတိ ဣဒံ န ဟောတိ၊ ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဈတိ” ဟု ဟောတော်မူ၏။ အဓိပ္ပါယ်မှာ “ဤအရာ (အကြောင်းတရား) မရှိလျှင် ဤအရာ (အကျိုးတရား) မရှိ။ ဤအရာ၏ (အကြောင်းတရား) ချုပ်ငြိမ်းမှုကြောင့် ဤအရာ (အကျိုးတရား) ချုပ်ငြိမ်း၏။” ဟု ဆိုလို၏။ ဗုဒ္ဓဝါဒအရ အကျိုးမှန်သမျှ အကြောင်းတရားကြောင့် ဖြစ်၏။ မည်သည့်အရာမျှ အကြောင်းကင်း၍ မဖြစ်။ အကြောင်းမဲ့ဖြစ်သည်ဟူသော အဟေတုကဝါဒ-ကို ဗုဒ္ဓက ငြင်းပယ်တော်မူ၏။ အကျိုးကိုဖြစ်စေသည့် အကြောင်းဆိုရာ၌လည်း မဆီဆိုင်သော အကြောင်း (ဝိသမဟေတု) များကို ဗုဒ္ဓက လက်ခံတော်မမူ။ ဖန်ဆင်းရှင် ဖန်ဆင်းမှုကြောင့် (ဣဿရနိမ္မာန) စသော အကြောင်းများကို လက်ခံတော်မမူ။ အကြောင်းစစ် အကြောင်းမှန်များကိုသာ လက်ခံတော်မူသည်။ အကြောင်းစစ် အကြောင်းမှန်များကို သစ္စာလေးပါးဖြင့်လည်းကောင်း၊ ပဋိစ္စသမုပ္ပါဒ် ဖြင့်လည်ကောင်း၊ ပဋ္ဌာန်း ၂၄-ပစ္စည်းဖြင့်လည်းကောင်း ရှင်းပြ တော်မူ၏။

အကြောင်းအကျိုးဖြစ်စဉ်သည် စာပေါင်းသိုက်ပမာ အလွန်ပင် ရှုပ်ထွေးလှ၏။ သာမန်အသိမျိုးဖြင့် နားလည်ရန် ခက်ခဲ၏။ အကြောင်း အကျိုးဖြစ်စဉ်ကို ထက်မြစူးရှသော ဉာဏ်ဖြင့်သာ ထိုးထွင်းသိနိုင်၏။ ထိုဉာဏ်မျိုးကို ရရှိရန် ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာကို လေ့လာသင်ယူ ရမည်ဖြစ်၏။ အဘိဓမ္မာကို သင်ယူခြင်းဖြင့် ဘဝ၏ အဓိပ္ပါယ်ကို တိတိကျကျ ပြည့်ပြည့်ဝဝ နားလည်နိုင်၏။ အဇ္ဈတ္တ ဗဟိဒ္ဓ သန္တာန်ရှိ ရုပ်နာမ်ဓမ္မသင်္ခါရတို့၏ သဘာဝကို သိနိုင်၏။ ရုပ်နာမ်စဉ်ဆက် ကြောင်းကျိုးနွယ်လျက် ဖြစ်နေပုံကို သဘောပေါက်၏။

အကြောင်းအကျိုး နှစ်မျိုးအနက် အကြောင်းကို ဖယ်ရှားခြင်းဖြင့် အကျိုးဇာတ်သိမ်းနိုင်ပုံကို နားလည်၏။ အကောင်းအဆိုး သဘာဝနှစ်မျိုးကို ခွဲခြားမြင်၏။ ထိုနှစ်မျိုးအနက် အကောင်းကို တိုးပွားစေခြင်းဖြင့် အဆိုးများ ဖယ်ရှားနိုင်ပုံကို လက်တွေ့ကျကျ သိရှိလာ၏။ အဆိုးကုန်လျှင် အကောင်းတို့၏ အဆုံးသို့ ရောက်၏။ အကောင်းကုန်လျှင် အကြောင်းကုန်၏။ အကြောင်းပြတ်လျှင် ဖြစ်ပေါ်လာမှု အကျိုးရပ်၏။ သင်္ခါရတရားတို့၏ ဖြစ်မှုငြိမ်းခြင်းသည် ဘဝချုပ်ငြိမ်းခြင်းပင် ။

ဗုဒ္ဓမြတ်စွာက “ဘဝနိရောဓော နိဗ္ဗာနံ” ဟု ဟောတော်မူ၏။ ရဟန္တာအရှင်တို့က ဘဝချုပ်ငြိမ်းမှုကို နိဗ္ဗာန်-ဟု ရှုမြင်ကြ၏။ နိဗ္ဗာန်၌ ရုပ်နာမ်ခပ်သိမ်း ချုပ်ပြတ်ငြိမ်း၏။ ခံစားမှုမှန်သမျှ ချုပ်ပြတ်သွား၏။ ခံစားမှု မဖြစ်ပေါ်ခြင်းသည်ပင် နိဗ္ဗာန်ချမ်းသာ သန္တိသုခ ဖြစ်ပါသတည်း။
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
(၂၀၀၅-ခု ဓမ္မအသံ နှစ်ပတ်လည် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။)

Monday, August 22, 2011

လှေကားသုံးထစ်မှ လှေကားလေးထစ်သို့ 

                            အရှင်ဒေဝဒတ်က ပစ္စေကအဗုဒ္ဓါအလောင်း အလျာလို့  ဘုရားရှင်က ဗျာဒိတ်ပေးခဲ့ သည်ကိုမှတ်ဖူးပါတယ်။ဒေဝဒတ်ကပစ္စေကဗုဒ္ဓါ အလောင်းတော်ဖြစ်ခြင်ဖြစ်မယ်။ဒါပေမယ့် သူရဲ့ ပါရမီက ကြက်ကန်းဆန်အိုးတိုး ပါရမီဖြစ်မယ်လို့  ဆရာကြီးတစ်ဦးရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ဒါပေမယ့်ဘယ်ဆရာလည်းဆိုတာတော့မမှတ်မိတော့ပါဘူး။

              ဒေဝဒတ်ဒီလောက်ဆိုးဘုရားအပေါ်မှာ အကောက်ကြံခဲ့တာလဲ ခဏခဏပဲ ဒါပေမယ့် ဆရာကြီးရဲ့  အဆိုကိုထောက်ခံရမလိုဖြစ်နေပါတယ်။အရှင်ဒေဝဒတ်၏ပါရမီကိုကြက်ကန်းဆန်အိုးတိုးပါရမီဟုပြောထိုက်ပါ၏လော့  အရှင်ဒေဝဒတ်ကမိုက်တယ် ဒါပေမယ့် တို့ တွေက ဒေဝဒတ်ထက် ပိုမိုက်တယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဒေဝဒတ်က အဝီစိကလွက်ရင် ပစ္စေက ဗုဒ္ဓါဖြစ်တော့မှာ။ တို့ တတွေက ဘာမှဖြစ်လောက်အောင်ပါရမီ
ဖြည့်ထားတာမရှိဘူး။ ဒါကြောင့် မိုက်တယ်ပြောတာ  ။ခုဘဝမှာ တို့ ကြိုးစားကြရမယ် ဟု ဆရာကြီးက ပြောဖူးတယ်။

ဘုရာရှင်လက်ထက်တော်ကပင် အရှင်သာရိပုတ္တရာနှင့်အရှင်မဟာမောဂ္ဂလာန်တို့ အားလက်ယာရံ လက်ဝဲရံ အဂ္ဂသာဝက အရာပေတော်မူခြင်းတို့ အပေါ်တွင် သံသယရှိခဲကြသည်။ အရှင်ကောဏ္ဍည စသည့် ရဟန္တာ ကြီးများရှိနေပါလျက် နောက်မှပေါက်သည့် ရွှေကြာပင်ကို ဘာကြောင့် ဦးစား
ပေးရသနည်းဟူ၍ မေးလာကြသည်။ အကြောင်းမှာ အရှင်သာရိပုတ္တရာနှင့်အရင်မဟာမောဂ္ဂလာန်တို့ သည် အနောမဒတ်သီ မြတ်စွာဘုရားထံတွင် အဂ္ဂသာဝကမျိုးစေ့ကို စိုက်ပျိုးခဲ့၍ ဖြစ်ပါသည်။ ထိုသို့ 
အရှင်ဒေဝဒတ်သည်လည်း ဘုရားရှင် တစ်ဆူဆူထံတွင် ပစ္စေကဗုဒ္ဓါ မျိုးစေ့ကို စိုက်ပျိုးခဲပြီးဖြစ်ပါသည်။

ပစ္စေကဗုဒ္ဓါဆုကို တောင်းယူမည့်ပုဂ္ဂိုလ်တွင် အင်္ဂါ(၅)ရပ်နှင့်ပြည့်စုံရမည် ဖြစ်သည်။ယင်းတို့ ကား လူသားစင်စစ်ဖြစ်ခြင်း 
ယောက်ျားစစ်စစ် ဖြစ်ခြင်း
အာသဝေါ ကင်းပြီးသော ဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့ မှ တစ်ဦးဦးနှင့်တွေ့ ဆုံဖူးမြော်ရခြင်း လွန်ကဲ့သော ကုသိုလ်ကောင်းမှု  တစ်ခုခု ပြုခြင်း     လွန်ကဲပြင်းထန်သော ဆန္ဒရှိခြင်းတို့ ဖြစ်ပါသည်။
တောင်ဆုပြီးပါကလည်း ဒါန သီလ စသည့်ပါရမီဆယ်ပါးကို စွမ်းစွမ်းတမံ ကြိုးစား ဖြည့်ကျင့်
ရပါသည်။ကြာမြင့်ချိန်ကာလကား ပညာဓိက ဝီရိယာဓိက သဒ္ဓါဓိကဟူ၍ အနည်းဆုံး နှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းမှ အများဆုံး သုံးသင်္ချေထိ ဖြစ်ပါသည်။

အရှင်ဒေဝဒတ်သည် တောင်းဆုလည်းပြု ခဲ့သူ ပါရမီလည်း ဖြည့်ခဲ့သူ ဖြစ်ပါသည်။ လူတို့ ၏သက်တမ်း ဆယ်နှစ်သက်တမ်းထိ ဆုတ်ပြီး တစ်ဖန်
အသင်္ချေယျတိုင်အောင်တက်၍ တစ်ဖန်တစ်ကျော့ ပြန်ဆုတ်လာသော် လူတို့ အသက် တစ်သိန်းကာလမှ တစ်ရာကာလအတွင်း ပစ္စေကဗုဒ္ဓါပွင့်မည်ဖြစ်သည်။ အရှင်ဒေဝဒတ်သည် လည်း အဝီစိမှလွတ်ပြီး ထိုကာလတွင် ပွင်ထွန်းမည် ဖြစ်သည်။

ပစ္စေကဗုဒ္ဓါဖြစ်ဖို့ သည် လွယ်ကူသည် မဟုတ်ပါ။ ဥပမာအားဖြင့် သုံးလသက်တမ်းရှိသော စပါးပင်ကို ရေသွင်းခြင်း ပေါင်းသင်ခြင်း မြေဩဇာကျွေးခြင်း စသည်အားဖြင့်မည့်သို့ ပင် ပြုစုစိုက်ပျိုးသော်လည်း တစ်လ နှစ်လ အတွင်း၌ ရိပ်သိမ်း၍  မရနိုင်ပါ။ ထိုအတူပင်  ပစ္စေကေုဒ္ဓါအလောင်းလျာများသည်လည်း အနည်းဆုံးနှစ်သင်္ချေနှင့်ကမ္ဘာတစ်သိန်း တိုင်အောင်  ပါရမမီဖြည့်ကျင့်ခြင်း မပြုဘဲ မည့်သည်နည်းနှင့် မျှပစ္စေကဗုဒ္ဓါအဖြစ်သို့ မရောက်နိုင်ပါချေ။
သို့ ပါ၍ အနည်းဆုံး  နှစ်သင်္ချေနှင့်ကမ္ဘဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခြင်းကို ကြက်ကန်းဆန်အိုးတိုးပါရမီဟု ပြောဆိုခြင်းသည် မသင့်မြတ်သော အဆိုသာ ဖြစ်ချေသည်တကား။ (ပိဋကတ် အနှသ်ချုပ် သုတ္တနိပါတ် ခဂ္ဂဝိသာဏသုတ်)
အရှင်ဒေဝဒတ်ဖြည့်ခဲသောပါရမီကို ရွှေတောင်ကိုပင် ရထိုက်သော ပါရမီဟု တင်စားဆိုချင်ပါသည်။ဤသို့ 
ဆိုလျှင် အတွန့် တက်စရာ ရှိနိုင်ပါသည်။
ပစ္စေကဗုဒ္ဓါအလောင်းလျာလည်းဖြစ်ပါရဲ့ ပါရမီဖြည်ပြီးသူလဲ ဖြစ်ရဲ့နဲ့  ဘုရားရှင်ကို စော်ကားမှုတွေ ဘာကြောင့် ပြုလုပ်ရတာလဲ။ ဘုရားရှင်ကလဲ ဘာဖြစ်လို့ ရဟန်းပြုပေးခဲ့တာလဲ စသည်ဖြင့်တွေးစရာ မေးစရာ ရှိနေပါသည်။အပြစ်ကြီး ကျူးလွန်ခြင်းမှာ  ငါ ဟူသောမာန်မာန အမျိုးဂုဏ်စသည်
တို့ ကြောင့် ကျူးလွန်ခဲ့ခြင်း ဖြစ်ပေလိမ်မည်။

အရှင်ဒေဝဒတ်သည် ရဟန်းပြုသော်၎င်း ရဟန်းမပြုသော်၎င်း ယခုဘဝသည် ပြကတေ့သူတော်ကောင်းမဟုတ်။      ရဟန်းမပြုလိုကက်ရဘဲ နေခဲ့သော်ကမ္ဘာကုဋေတစ်သိန်းတို့ ပတ်လုံး ငရဲလားအံ့သော အမှုကိုပြုလတ္တံ့  ရဟန်းပြုသည်ဖြစ်မူကား တစ်ကပ်ထိုက်သော အကုသိုလ်ကိုပြုလတ္တံ့  ဟု သဗ္ဗညုတညဏ်တော်ဖြင့်သိမြင်၍ ဘုရားရှင်သည် အရှင်ဒေဝဒတ်အား ရဟန်းပြုပေးခဲခြင်းဖြစ်ပေသည်။

အရှင်ဒေဝဒတ်သည် အဝီစိမှ လွတ်သော် အဋ္ဌိဿရ အမည်ဖြင့် ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့၏။(မိလိန္ဒပညှဝတ္ထု ဒေဝဒတ္တပဗ္ဗဇ္ဇပညှ)
 လူဖြစ်စေ ရဟန်းဖြစ်စေ မေ့လျော့၍ နေလေ့ရှိသော သူတို့ သည် ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့ ၌ ပူလောင်ရမည်ဖြစ်ပေသည်။       အရှင်ဒေဝဒတ်သည်ရွှေတောင်ထိုက်သောပါရမီကို  ဖြည့်ကျင့်သူ ဖြစ်ငြားသော်လည်းအပြစ်ကျူးလွန်ခဲ့သောကြောင့် ကြက်ကန်းဆန်အိုးတိုး ပါရမီဟု အပြောခံရပါသည်။ လိမ္မလာလိုက်တာဆိုတဲ့ စကားလေးတစ်ခွန်းလူတွေဆီကနေ ကြားရဖို့ အတွက် ကိုယ့်ဘက်ကလုပ်ချင်တာတွေ မလုပ်ရမလုပ်ချင်တာတွေလုပ်ရလို့ ရင်ထဲမှာတင်းတင်းကျပ်ကျပ် ခံစားနေရတာတွေ အနေအထိုင် ဆင်ခြင်နေရလို့ လွတ်လွတ်လပ်လပ် မနေရတာတွေ
သူတို့ မသိဘူး ဟု စာရးသူ အသိတစ်ယောက်ပြောဖူးပါသည်။

အရှင်ဒေဝဒတ်သည် ပစ္စေကဗုဒ္ဓါဖြစ်ရန် မိမိ၏ဆန္ဒရမ္မက်များကို ထိန်းကာ ဆယ်ပါးသော ပါရမီတို့ ကို အနည်းဆုံးနှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြည့်ခဲ့ပါသည်။ထိုအရှင်၏လိမ္မာခဲ့သော ဘဝများစွာကို ထောက်ရှုရမည်ဖြစ်ပါသည်။ တစ်ဘဝ တစ်ခဏလောက်မိုက်ခဲ့သည်ကိုကြည့်ပြီး လူမိုက်ကြီး
မို့ သူဖြည့်ခဲ့တဲ့ပါရမီ က ရည်ရွယ်ချက်နဲ့ ဖြည့်တာမဟုတ်ပါဘူးကွာ။ ကြက်ကန်းဆန်အိုးတိုး နဲ့တွေပြီးအစာဝသွားတာပါ။ သူရဲ့ပါရမီကလဲ ရမ်းဖြည့်လိုက်လို့ နေမှာပါဟု ပြောခြင်းမှာ ရွှေကို မမြင်ဘူး၍  ရွှေကို မသိသူက ရွှေကို အကဲခက်ပြောသောအပြောမျိုးဟုသာ ဆိုထိုက်ပါသတည်း။

ရွှေတောင်ထိုက်သော ပါရမီရှင်ကြီးသည် မိမိမှားမှန်းသိ၍ ဘုရားရှင်ကို တောင်းပန်ကန်တော့ရန် လာခဲ့ပါသည် ။သိုသော်...အပြစ်ကြီးလွန်း၍ ဘုရားရှင်ကိုဖူးမြင်ခွင့် မရတော့ဘဲ မြေမျိုခံရပါသည်။မြေမျို၍ မြှုပ်ခါနီးအချိန်တွင်  မြတ်စွာဘုရားအား အရိုး အသက်တို့ ဖြင့် ကိုးကွယ်ရာမှတ်ပါ၏
ဟု ယုံကြည်ကိုးကွယ် သွားခဲ့သည်။ စာရေးသူနှင့် တကွ အားလုံးသောသူတွေ  အရှင်ဒေဝဒတ်ကဲ့သို့   မသေခင်မှာ ဘုရားရှင်အား ကြည်ညိုကိုးကွယ်နိုင်ကြမည်လား။

ရွှေတောင်ထက်မက ထိုက်တန်သော ပါရမီမျိုးကို ကြက်ကန်းဆန်အိုးတို ပါရမီဟု ပြောလာ၍သာ ဤ ဆောင်းပါးကိုရေးဖြစ်ခဲခြင်းဖြစ်ပါသည်။အမှားအမှန်ကို ဝေဖန်ပိုင်ခြားနိုင်ကြရန်နှင့်ဘာပါရမီပါခဲ့မှန်းမသိသည့်  စာရးသူနှင့်တကွ အားလုံးသောသူတွေဟာ ပါရမီဖြည့်ပြီးသူကို စကားအရာဖြင့် စော်ကားခြင်း မပြုမိစေရန် အတွက် ရေးလိုက်ရခြင်းဖြစ်ပါသည်။

ယခုရရှိထားသည် ဘဝကလေးဖြင့် လောဘ ဒေါသ မောဟတည်းဟူသော လှေကားသုံးထစ်ရှိသော ဒုဂ္ဂတိဘုံသို့  ဆင်သက်သွားခြင်းမှ ရှောင်ကြဉ်ရပေမည်။ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာဟူသော လှေကားလေးထစ်တွင် အနည်ဆုံး တစ်ထစ်ရအောင် တက်နိုင်ဖို့ လိုအပ်နေပေသည်။
ရွှေတောင်ထိုက်သော ပါရမီ ရှင်သော်မှ မိုက်ပြစ်ကို ခံစားရသေးလျှင် စာရေးသူတို့ နှင့်တကွ အားလုံးတို့ က ဘာပါရမီရှင် မှန်းမသိ၍ မမိုက်ကြဘဲ  အထက်တက်မည့် လှေကားတစ်ထစ်လောက်ကိုတော့ ဖြင့် နင်းနိုင်အောင်ကြိုးစားကြပါစို့ ....ဟုဆန္ဒပြုရင်း။

Friday, August 19, 2011

နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်

                   မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တစ်ခုသောသန်းခေါင်ယံအချိန်၌ ရောဟိတအမည်ရှိသောနတ်သားတစ်ပါးသည်ဇေတဝန်ကျောင်းတော်သို ရောက်ရှိလာ၏။ ထိုအခါ ဇေတဝန်ကျောင်းတော်တစ်ခုလုံးသည်ထိုနတ်သား၏ ကိုယ်ရောင်ကိုယ်ဝါတို့ ဖြင့် ထွန်းလင်းတောက်ပသွားသည်။ နတ်သားသည်ဘုရားရှင်ထံ ချဉ်ကပ်ပြီး ဤ သို့ မေးလျှောက်
လေသည်။ အရှင်ဘုရား ပဋိသန္ဓေ မနေရာ မအိုရာ  မနာရာ မသေရာဖြစ်သောလောက၏အဆုံးဖြစ်သည့် နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ရောက်နိုင်ပါ၏လော့။ 
အသင်နတ်သား လောက၏အဆုံးဖြစ်သောနိဗ္ဗာန်သို့  ခြေဖြင့်သွား၍ မရောက်နိုင်ဟု ဘုရားရှင်က ဖြေကြားတော်မူ၏။

အရှင်ဘုရား အရှင်ဘုရား၏ အဖြေစကားသည် ကောင်းမြတ်မှန်ကန်လှပါသည်။ အကျွန်ုပ်သည် တစ်ခုသောဘဝတုန်းက တန်းးခိုးနှင့်ပြည့်စုံ၍ ကောင်းကင်သို့ ပျံတက်သွားလာနိုင်သော ရောဟိတ အမည်ရှိသည့် ရသေ့ဖြစ်ခဲ့ဖူးပါသည်။
အကျွန်ုပ်သည် လေးမှ ပစ်လွတ်လိုက်သောမြား၏အလျင်မြန်ဖြင့် သွားနိုင်သောတန်ခိုးရှိပါသည်။

အရှေ့ သမုဒ္ဒရာနှင့် အနောက်သမုဒ္ဒရာကို တစ်လှမ်းတည်းသောခြေလှမ်းဖြင့်ရောက်နိုင်ပါသည်။
အကျွန်ုပ်သည် ဤသို့ သော လျင်မြန်ခြင်းရှိသည့်ခြေလှမ်းတို့ဖြင့် လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  အရောက်သွားနိုင်ရန် စိတ်ဆန္ဒဖြစ်ပေါ်ခဲ့ပါသည်။  ထိုစိတ်ဆန္ဒကြောင့် အကျွန်ုပ်သည် အိပ်ချိန် စားချိန် ကျင်ကြီး ကျင်ငယ် စွန့် ချိန်မှတစ်ပါးအသက်တစ်ရာတမ်းပတ်လုံး နိဗ္ဗာန်သို့  ခြေကျင်သွာခဲ့ပါသည်။ သို့ သော် နိဗ္ဗာန်သို့ မရောက်ဘဲ စကြာဝဠာအကြား၌ သာလျှင်သေခဲ့ရပါသည်။ ထိုကြောင့် နိဗ္ဗာန်သို့ ခြေဖြင့်သွား၍ မရောက်နိုင်ဟူသော အရှင်ဘုရား၏ စကားသည် မှန်ကန်လှပေ သည်။

ထိုအခါ ဘုရားရှင်က အသင်နတ်သား လောက၏အဆုံးဖြစ်သော နိဗ္ဗာန်သို့  ခြေဖြင့်သွား၍ ဘယ်အခါမျှ မရောက်နိုင်။ နိဗ္ဗာန်သို့ မရောက်ဘဲ ဝဋ်ဆင်းရဲမှ လွတ်ခြင်းမည်သည်လည်း မရှိ။ထိုကြောင့် နိဗ္ဗာန်သို့    ရောက်နိုင်သည့် မြတ်သော အကျင့်ကို ကျင့် ပြီးသောပညာရှိသည် ပစ္စုပ္ပန်လောကကို၎င်း တမလွန်လောကကို၎င်း ဘယ်အခါမျှ မတောင်းတတော့ချေ။ စင်စစ်အားဖြင့်  တစ်လံမျှလောက်သော ဤခန္ဓာကိုယ်၌ သာလျှင် လောကကို၎င်း လောကဖြစ်ပေါ်ကြောင်းအကျင့်ကို၎င်း လောက၏ချုပ်ရာ နိဗ္ဗာန်ကို၎င်း လောက၏ချုပ်ရာနိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို၎င်း ရှာတွေ့ နိုင်ပေသည်  ဟု ဟောကြားတော်မူလေသည်။

                         ဘုရားရှင်၏ တရာစကားကို နာကြားရလျှင် ရောဟိတနတ်သားသည် များစွာ အားရဝမ်းမြောက်မိလေသည်။ထိုနောက်လှိုက်လှဲစွာ သာဓုခေါ်ဆိုပြီးနတ်ပြည်သို့  ပြန်သွားလေသတည်း။   

                                            အကိုး။  အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန်။

Tuesday, August 9, 2011

သိပ္ပံပညာ တိုးတက်ခြင်းသည် ကမ္ဘာငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်ပါသလား၊

လောကဓာတ်ဆိုတဲ့ သိပ္ပံပညာတွေက တစ်နေ့ တစ်ခြားကြိးပွားတိုးတက်လျှက်ရှိနေပါသည်။ရှေးက ရက်ပေါင်းများစွာသွားရတဲ့ခရီးကို ယခုမူကား ..ကား မီးရထား သင်္ဘောလေယာဉ်ပျံတို့ ဖြင့်
ရက်အနည်းငယ်အတွင်း နာရီပိုင်းအတွင်းမှာပင် သွားရောက်နိုင်ပါပြီ။ကြေးနန်း 
ဝိုင်ယာလက် ရုပ်မြင်သံကြားတို့ ဖြင့် အလွန်ဝေးလံသောကမ္ဘာ့တစ်ဘက်စွန်းမှ အခြားတစ်ဘက်စွန်းသို့  သတင်းစကားတွေ ရုပ်ပုံနှင့်တကွအသံတွေကိုပါ အချိန်အနည်းငယ်အတွင်း မှာပင် ပေးပို့နိုင်ပါပြီ။
အထပ်တစ်ရာကျော်တဲ့အဆောက်အအုံကြီးတွေကိုလည်းတည်ဆောက်နိုင်ပါပြီ။အဏုမြူဗုံး ဟိုက်ထရိုဂျင်ဗုံး ဒုံးပျံစတဲ့အသစ်ဆန်းလက်နက်တွေလည်း မရပ်မနားထွန်းကားနေလျှက်ရှိပါပြီ။
သို့ ရာတွင် ထိုလက်နက် တွေဟာကမ္ဘာကြီးကိုတစ်ခါတည်းပြာကျသွားအောင်လုပ်မယ်သေမင်းရောင်ခြည်
လို့ ခေါ်ထိုက်တဲ့လက်နက်ဆန်းတွေပင်မဟုတ်ပါလော့။     ပထမကမ္ဘာစစ်ကြီးပြီးစက
နိုင်ငံပေါင်းချုပ်အသင်းကြီး တည်ထောင်ပြီးကမ္ဘာ့ငြိမ်းချမ်းရေကို  ကြိုးစားခဲ့ကြပါတယ်။ 
သို့ ရာတွင် (၂၄)နှစ်ခန့် ကျော်တဲ့ဒုတိယကမ္ဘာစစ်ကြီး တစ်ဖန်ဖြစ်ပေါ်လာပြီးတော့ အဏုမြူဗုံးဖြင့်
နိဂုံးချုပ်လိုက်ပါတယ်။အဲဒီနောက် ကမ္ဘာကုလသမဂ္ဂ အသင်းကြီး တည်ထောင်ပြီးငြိမ်းချမ်းရေးဝါဒကို 
ဟစ်အော်ခဲ့ကြပြန်တယ်။သို့ ရာတွင် တကယ်တမ်းစိတ်မချရသေး။တတိယကမ္ဘာစစ်ကြီး ဖြစ်လိမ့်မယ်လို့  ဟိန်းဟောက်ခြိမ်းခြောက်လျက်ပင် ရှိနေပြန်ပါတယ်။ မဖြစ်ပါစေနှင့်လို့  ဆုတောင်းမေတ္တာပို့ သ
လျက်ပင်ရှိပါတယ်။
အကယ်၍ ဖြစ်ပေါ်ခဲ့လျှင် သေမင်းရောက်ခြည်လို့ ခေါ်ထိုက်တဲ့ဟိုက်ဒရိုဂျင်းဗုံးအဏုမြူဗုံး ဒုံးပျံ
စသည်တို့ ကို အသုံးပြုမယ်ဖြစ်လို့ မတွေးဝံ့အောင်ပင်ကြောက်ရွံ့ ထိပ်လန့် ဖွယ်ရာ ဖြစ်ပါတယ်။ဒါဖြင့် ကမ္ဘာကြီးမငြိမ်းချမ်းခြင်းသည် လူဆင်းရဲ တို့ အပေါ် ပညာမဲ့လူတန်းစားတို့ အပေါ် ၌
စုပုံချထားဖို့ မသင့်လျှော်ပါ။မလှလျှင် စုန်းရိုးမရှိလဆင် ခိုးနိုးနိုးဆိုတဲ့ စကားအတိုင်းမဖြစ်ထိုက်ပါ အကြောင်းရင်းကိုစိစစ်ရှာဖွေရန်လိုပါတယ်။ တစ်ကမ္ဘာလုံး(သို့ မဟုတ်)တစ်လောကလုံး မငြိမ်းခြင်း၏
အရင်းမြစ်ကတော့ကိလေသာ ထူထပ်ခြင်းကြောင့်ပင် ဖြစ်ပါတယ်။ထိုသို့ ကိလေသာထူထပ်သူတဲ့သူ
ကိုပင် ပုထုဇဉ်လို့ ခေါ်ရပါတယ်။ 
ကိလေသာဆိုတာဘာလဲ
စိတ္တံကိလိဿတိ၊ဥပတပ္ပတိ၊ဗာဓိယတိဝါ၊ဧတေဟီတိ ကိလေသာလို့  ဝိဂြိုဟ်ပြုကြပါတယ်။
မြန်မာပြန် အဓိပ္ပါယ်ကတော့ စိတ်ကို ညစ်ညူးအောင် ပူပန်အောင်ညှင်းပန်းနှိပ်စက်တက်တဲ့သဘော
တရားကို ကိလေသာဟု ခေါ်ပါတယ်လို့ ဆိုပါတယ်။ကိလေသာအမျိုးစား အကျယ်အားအားဖြင့်
ကိလေသာ(၁၅၀၀)ရှိပါတယ်။အကျဉ်းအားဖြင့်တော့(၁၀)ပါးရှိပါတယ်။
အဲ့ဒီဆယ်ပါးကတော့ 
၁။လောဘ-လိုချင်တပ်မက်ခြင်း၊
၂။ဒေါသ-အမျက်ထွက်ခြင်း 
၃။မောဟ-မိုက်မဲတွေဝေခြင်း မသိခြင်း
၎။မာန-ထောင်လွှားမော်ကြွားခြင်း တက်ကြွခြင်း
၅။ဒိဌိ-အယူလွဲမှားခြင်း
၆။ဝိစိကိစ္ဆာ-ယုံမှားခြင်းမဆုံးဖြတ်နိုင်ခြင်း 
၇ထိန-ငိုက်မျဉ်းခြင်း ပျင်းရိခြင်း 
၈။ဥဒ္ဓစ္စ- စိတ်ပျံလွင့် ခြင်း စိတ်မငြိမ်သက်ခြင်း
၉။အဟီရိက-အကုသိုလ်ပြုရန် မရှက်ခြင်း 
၁၀။အနောတ္တပ္ပ-အကုသိုလ်ပြုရန်မကြောက်ခြင်းတို့ ဖြစ်ကြပါတယ်။
ပုထုဇဉ်ဆိုလျှင် လူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ် ဗြဟ္မာပဲဖြစ်ဖြစ် မြေလျှိုးမိုးပျံ နိုင်တဲ့ အဘိညာဉ်ရ
ဈာနလာဘီပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် ယခုပြောခဲ့တဲ့ ကိလေသာ(၁၀)ပါးတွေ
အပြည့်အနှက်ရှိနေပါတယ်။အဲ့ဒါကြောင့် လူ့ ဘောင်မှာဥစ္စာပစ္စည်းရှာဖွေလျက်  သားတွေ မယားတွေနှင့်
စည်းစိမ်းခံနေကြတဲ့ပုဂ္ဂိုလ်တွေကိုသာကိလေသာထူထပ်တယ် လို့ မထင်မှတ်ကြပါနှင့်။
ကိလေသာ(၁၀)ပါးမျာ လည်းအခိုက်အတန့် အားဖြင့်သုံးပါးစီရှိပါတယ်။
ကိလေသာအခိုက်အတန့် (၃)ပါး
၁။ဝီတိက္ကမကိလေသာ -အကြမ်းစားကိလေသာ  ၂။ပရိယုဌာနကိလေသာ-အလတ်စားကိလေသာ
၃။အနုသယကိလေသာ-အနုစားကိလေသာ လို့ သုံးမျိုးခွဲခြားထားပါတယ်။
ဝစီဒွါရ မှအလွန်ကြမ်းတမ်းစွာ ထကြွသောင်းကြမ်းကျန်း လှုပ်ရှားကြတဲ့ဝစီဒုစရိုက်တွေကာယဒွါရ မှ 
အလွန်ကြမ်းတမ်းစွာ လှုပ်ရှားထကြွ သောင်းကျန်းကြတဲ့ ကာယဒုစရိုက် တွေကိုဝီတိက္ကမ ကိလေသာ
လို့ ခေါ်ပါတယ်။ထိုကိလေသာကိုတော့ မျက်မြင်အားဖြင့်လူတိုင်းပဲသိနိုင်ပါတယ်။ ကိုယ်အင်္ဂါ နှုတ်အင်္ဂါ 
လှုပ်ရှားထကြွခြင်းသောင်းကျန်းခြင်းမရိုသေးဘဲ စိတ်နှလုံးမှာသာ ပွတ်ပွတ်ဆူလျက်ထကြွနေတဲ့ဒေါသ
စတဲ့တရားတွေကို ပရိယုဌာနကိလေသာလို့ ခေါ်ပါတယ်။ 
ထိုကိလေသာမျိုးထကြွခြင်းကိုတော့  အဘိညာဉ်ရတဲ့ ပုဂ္ဂိုလ် တွေ
ကိုယ်စောင့်နတ်တွေသာလျှင်သိနိုင်ပါတယ်။ မနောဒွါရမှာပင်ထကြွခြင်းမရှိသေး။စိတ်သန္တာန်၌ အမြဲကိန်းလျက် ဝပ်လျက် ခိုအောင်းလျက်နေတဲ့လောဘ ဒေါသ စသောတရားတွေကို အနုသယကိလေသာလို့ ခေါ်ပါတယ်။ကိုကိလေသာမျိုးကိုတော့ မြတ်စွာဘုရားမျှတစ်ပါး
ဘယ်သူမှမသိနိုင်ပါ။
အကြမ်းစားဖြစ်တဲ့ ဝီတိက္ကမကိလေသာ ကို တဒင်္ဂပဟာန် တစ်ဘဝစာလောက်
ပတ်သတ်နိုင်တဲ့နနည်း။အလတ်စားဖြစ်တဲ့ပရိယုဌာနကိလေသာကိုဝိက္ခမ္ဘနပဟာန် ၊နှစ်ဘဝစာလောက် ပယ်သတ်နိုင်တဲ့နည်းတွေကတော့ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေမှာလည်းရှိပါတယ်။
ယခုအခြားဘာသာတွေမှာလည်းအထိုက်အလျောက် အသင့်အတင့်ရှိကြပါတယ်။အနုသယကိလေသာကို
သမုစ္ဆေဒပဟာန်ဆိုတဲ့ အကြွင်းမဲ့သတ်နည်းကတော့ ဗုဒ္ဓပွင့်တော်မူမှသာသိကြရပါတယ်။
ဗုဒ္ဓမရှိသည်နောက် မှာလည်း ဗုဒ္ဓ၏အဆုံးအမဖြစ်တဲ့ဗုဒ္ဓသာသနာတော်ဘောင်အတွင်းမှာသာ ကြားနာ သိရှိ လိုက်နာ ကျင့်သုံးနိုင်ကြပါတယ်။ဗုဒ္ဓ၏ သာသနာတော်နှင့်ကြုံပါသော်လည်း မကြိုက်တဲ့ပုဂ္ဂိုလ်
မလိုက်နာတဲ့ပုဂ္ဂိုလ် မထိုက်တဲ့ပုဂ္ဂိုလ်တွေက တော့သိရှိလိုက်နာကျင့်သုံးနိုင်ခြင်းမပြုနိုင်ကြပါ။
ပြဆိုပြီးတဲ့ကိလေသာ(၁၀)ပါးးတို့ တွင် ခေါင်းဆောင်ကဒိဋ္ဌိပဲဖြစ်ပါတယ်။ဒိဋ္ဌိဆိုတာလည်းအတ္တဒိဋ္ဌိ သက္ကာယဒိဋ္ဌိကိုဆိုလိုပါတယ်။သူ၏ဘက်တော်သားနောက်လိုက်တွေကတော့
တဏှာနှင့်မာနတို့ ဖြစ်ကြပါတယ်။ထိုသုံးခု အပေါင်း အဖွဲကြီးကိုပပဉ္စတရားသုံးပါးလို့ ခေါ်ပါတယ်။ 
အဓိပါယ်ကတော့သံသရာနယ်ချဲ့သမားအဖွဲ့ ကြီးလို့ ဆိုပါတယ်။သတ္တဝါတို့ အား ဖမ်းယူကိုက်ဝါးတက်တဲ့အတွက် ထိုအဖွဲ့ကြီးကိုဂါဟတရား(၃)ပါးလို့ လည်းခေါ်ပါတယ်။
အထင်မှားအမြင်မှာအယူမှားတို့ကိုဖြစ်စေတက်တဲ့အတွက်မညနာတရားလို့ လည်းခေါ်ပြန်ပါတယ်။
ယခုပစ္စုပ္ပန်လောကမှာလည်း အတ္တဒိဋ္ဌိ(ဝါ)သက္ကာယဒိဋ္ဌိ ခေါင်းဆောင်ကြီးကို မနှိမ်းနင်း မသုတ်သင်နိုင်လို့ သူ၏တွဲဖက်ရဲဘော်ဖြစ်ကြတဲ့ တဏှာမာနတို့ ၏ထကြွသောင်းကျန်းခြင်းကိုခံနေကြရပါတယ်။
တစ်ကမ္ဘာလုံး ငြမ်းချမ်းရေးမရခြင်း၏ အရင်းမြစ်ဟာထိုဒိဋ္ဌိကြိးပင်ဖြစ်ပါကြောင်း
ကောင်စွာသိထား  ဖို့ လိုပါတယ်။
သံသရာတစ်လျှေက်လုံးမှာလည်း ထိုအတ္တဒိဌိခေါင်းဆောင်းတဲ့ပပဉ္စအဖွဲ့ကြီးကအောက်သို့ အဝီစိထိအောင် နယ်ချဲ့ တက်ပါတယ်။အထက်သို့လည်းဘဝဂ်တိုင်အောင်နယ်ချဲ့ နိုင်တဲ့သတ္တိရှိပါတယ်။အဲ့ဒါကြောင့်
အပါယ်ဘေးကြီးဝိနိပါတဘေးကြီး အို ၊နာ ၊သေ ၊မွဲ ၊ကွဲ၊ဘေးကြီးတွေ့နှင့်ပြေးမလွတ်နိုင်အေအာင်ရင်ဆိုင်တွေ့ နေကြရပါသောကြောင့်ဗုဒ္ဓ၏တရားတော်ကိုလက်ရှိမရသမျှ ကာလပါတ်လုံး ဘုံ(သုံး)ပါး၌ ဘယ်သူမျှငြိမ်းချမ်းရေးမရနိုင်ကြ။ဘယ်ပုထုဇဉ်မျှ လွတ်လပ်ရေး မရနိုင်ကြပါ။
အို ၊နာ ၊သေ ၊မွဲ ၊ကွဲ ၊ဆိုတဲ့စကားကို မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ
မိန့် ဆိုတော်မူတက်ပါတယ်။အို ၊နာ ၊သေ ကတော့ထင်ရှားပါပြီး။ မွဲ ၊ကွဲ၊ဆိုတဲ့ စကားအဓိပ္ပါယ်ကတော့
လောက၌ ဘယ်စည်းစိမ်းရှင်ဓနရှင်မဆို သေတဲ့အခါ နေ့ စဉ်ဝတ်ထားတဲ့စိန်လပ်စွပ်ကြီးကို ယူမသွားနိုင် ခါးမှာဝတ်လေ့ရှိတဲ့ပိုးလုံချည်ခပ်ကောင်းကောင်း ကလေးကိုပင်
ဝတ်ပြီးတော့မသွားနိုင်ရှာကြဘူး။ချွတ်ယူထားလိုက်ကြလို့  လုံချည်အဟောင်းအနွမ်းကလေးနှင့် ပင်သွားရရှာပါတော့တယ်။အခြားရွှေ ၊ငွေ ၊စိန်ကျောက် ၊ဥယျာဉ် ခြံ မြေ တိုက်တာ၊မော်တော်ကား စသည်တို့ကိုတော့ ပြောဖွယ်ရာမရှိ။မိမိနှင့် ဘာမျှမဆိုင် ဘိသကဲ့သို့  ဖြစ်သွားကြောင်းကို
ထင်ရှားသိမြင်နိုင်ကြပါပြီ။သူတက်မွဲတဲ့ပုဂ္ဂိုလ်မရှိတော့ပြီ။ မိမိချစ်မြတ်နိုးတဲ့ သား၊မယား၊ဆွေမျိုး၊ညတိ၊မိတ်သင်္ဂဟတွေနှင့်လည်း မလွဲသာဘဲ ခွဲခွာသွားကြတဲ့ အတွက် အကွဲကြီး ကွဲလေပြီလို့ ဆိုလိုပါတယ်။
နာဘေးကြီး၊သေဘေးကြီးနှင့်  ရင်မဆိုခင် ကြိုတင်ပြီးတော့ အရေးကြီးလှတဲ့
သာသနာ  ဓမ္မကိုမရှာဖွေ မလေ့လာ မကျင့် သုံးခဲ့တဲ့အတွက် သာသနာတော်နှင့်အလွဲကြီး လွဲရလေပြီ လို ဆက်လက်ဖြည့်စွက်ပြီးတော့ထည့်သွင်းလိုက်ချင်ပါတယ်။
အောက်ထစ်ဆုံးဒိဋ္ဌိကိလေသာ ဝိစိကိစ္ဆာကိလေသာ နှစ်ပါးကို ခုတ်ထွင်း သုတ်သင်
ရှင်လင်းပယ်သတ်ခြင်း မပြုနိုင်သမျှကာလပါတ်လုံး ဘယ်တော့မျှကမ္ဘာကြီးမငြိမ်းချမ်းနိုင်ပါ။
ဒါကြောင့်သာသနာတော်အတွင်းမှာမှ သိမြင် ရရှိနိုင်တဲ့ ဒိဋ္ဌိသတ်ပုံသတ်နည်းအမျိုးမျိုးတို့ တို့ ကို
ယုံယုံကြည်ကြည် လေးလေးစားစားဖြင့် ဆင်ခြင်တွေ ဆင်လတ်တွေနှင့် တောရှောင်
မြောက်ကွေ့ မလုပ်ကြဘဲ လာကြစမ်းပါ စမ်းကြည့်ကြစမ်းပါဆိုတဲ့ ဧဟိပဿိက
ဂုဏ်နှင့် ပြည့်စုံသော ပဋိပတ်လမ်းစဉ်ကိုအချိန်မှီ ရှာဖွေ ဆည်းပူးလိုက်နာ ကျင့်သုံးကြရန်ကောင်းမြတ်တဲ့ဆန္ဒဖြင့် သတိပေးလိုက်ခြင်းဖြစ်ပါတယ်။
ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့ ။အားလုံး ချမ်းသာကြပါစေ...