Friday, December 30, 2011

လူ့ ဘဝသို့ 

ဦးဇင်းတို့လူဘ၀သို့ရောက်လာရသောလည်ရွယ်ချက်သည် ဘာလဲဟုမေးးလျှင် အမျိုးမျိုးဖြေကြမည်သာဖြစ်ပါသည်။ ဦးဇင်းအထင်ပြောရလျှင် လူ့ဘ၀သို့ရောက်လာခြင်းမှာ နိဗ္ဗာန်ရောက်ကြောင်းတရားများကိုအားထုတ်ရန်အတွက်ဖြစ်သည် ဟုသာဖြေသင့်ပါသည်။ ဗုဒ္ဓမြတ်စွာ ၏တရားတော်များအရ သတ္တ၀ါတို့၏နေအိမ်သည်အပါယ်
လေးဘုံသာဖြစ်၍ကံအကြောင်းတရားအလွန်ပင်ကောင်းသောကြောင့်လူဘ၀သို့ရောက်လာရခြင်းဖြစ်ပါသည်။ ဤသို့ တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစားဝတ်နေရေးများအတွက် လုပ်နေကြရသလို သံသရာဝဋ် ဆင်းရဲမှ လွန်မြောက်ကြောင်း တရားများကို အားထုတ်ကျင့်ကြံမှသာ လူဖြစ်ကျိုးနပ်ပေမည်။

Tuesday, December 20, 2011

သံဝေဇနိယ မြတ်ဗုဒ္ဓ

                                           ပွင့်တော်မူရာ မဟာဗောဓိစေတီတော်မြတ် အလောင်းတော်သည်နောက်ဆုံးသောဘ၀၌မိခင်ဝမ်းကြာတိုက်တွင်ပဋိသန္ဓေနေတော်မူသည်။ ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့ စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး၊ လူပျိုကြီး ၊တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ပြောတာပဲ....ဤကားစာကြွင်း)အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကိုရွံမုန်းနေရင်လည်းမဇ္စိမပဋိပဋာလမ်းစဉ်ကိုတွေ့ဖို့ခက်မယ်လို့ဆိုပါတယ်။

Monday, November 21, 2011

လောက၏ အကဲ့ရဲ့

လူလောက သဘောကိုကြည့်ရလျှင် လောကကြီးအတွင်းဖြစ်တည်ကျင်လည်နေကြမှု၊ ရုန်းကန်နေရမှု၊ ကြိုးစားဆောက်တည်နေရမှုစသောဘ၀နေထိုင်ရေးအတွက် ပြုလုပ်နေကြရသည်ကို တွေးကြည့်လျှင်ပင် တွေ့မြင်နိုင် ပေသည်။ ဘ၀တစ်ခုရလာရခြင်းသည် အကြောင်းတရားများရှိခဲ့သောကြောင့် အကျိုးတရားခန္ဓာကိုရလာခြင်း ဖြစ်ပါသည်။ အကြောင်းတရားမရှိလျှင် အကျိုးတရားခန္ဓာလည်း မဖြစ်ပေါ်လာနိုင်ပါ။ ထို့အတွက်  စာဖတ်သူတို့ ရရှိနေသောအကျိုးတရား ခန္ဓာမှလွတ်မြောက်ရာလမ်းကိုရှာ ရပါမည်။

Tuesday, November 15, 2011

ဓမ္မကပေးသောအရာ


လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။ ဒါ့အပြင် သာသနာအကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုး၊ မိသားစုအကျိုး စသဖြင့် လုပ်ဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့နဲ့ ဆိုင်ရာဝန်တွေကို ထမ်းရွက်နေရတာပါပဲ။ အဲလို ဆိုင်ရာ ၀န်တွေကို ထမ်းရွက်နေတဲ့ သူတွေကိုပဲ ၀န်ထမ်းလို့ ခေါ်ဆိုကြသလို မထမ်းရွက်နိုင်ရင်တော့ ၀န်ထမ်းအဖြစ် မခေါ်ဆိုနိုင်ပါဘူး။ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထုပ်လို့ ဆိုရမှာပါပဲ။ 

Friday, November 4, 2011

လောကရဲ့အလှတရား

ဗုဒ္ဓတရားတော်သည် လွန်စွာ နက်နဲသိမ်မွေ့မြင့်မားရကား နေ့စဉ်အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်စားသောက်နေထိုင်ကြရသည့် လောကလူသား မိန်းမ၊ ယောက်ျား များအတွက်မူ ဗုဒ္ဓကျင့်စဉ်ကို အလုံးစုံ လိုက်နာကျင့်သုံးနိုင်ကြမည်မဟုတ်ပါ။ ဗုဒ္ဓ၀ါဒီ အစစ် အမှန်တစ်ဦးဖြစ်လိုပါက လောကမှဖယ်ခွာ၍ ကျောင်းကန်ဘုရား ဆိတ်ငြိမ်ရာ အရပ်များသို့ ‘တောထွက်’ ကြရပေလိမ့်မည်ဟု အချို့ပုဂ္ဂိုလ်များက ထင်မှတ်နေကြပေသည်။ ဤကား ၀မ်းနည်းဖွယ်ရာ အထင်အမှတ် လွဲမှားနေခြင်းပင်ဖြစ်ပေသည်။


ဗုဒ္ဓဟောကြားတော်မူထားသည့် တရားတော်များကို ကောင်းစွာ နားမလည်သေး သောကြောင့် ထိုသို့ လွဲမှားမှတ်ယူနေကြကြောင်း ထင်မိပါသည်။ ဗုဒ္ဓတရားတော်သည် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်ဘဲ။ အိမ်ရာတည်ထောင် နေထိုင်ကြသည့် သာမန် လောကလူသား မိန်းမ၊ယောက်ျားများ အတွက်လည်းဖြစ်ပေသည်။ ဗုဒ္ဓ၀ါဒတို့ ကျင့်သုံးရာလမ်းစဉ်ဖြစ်သော မဂ္ဂင်(၈)ပါး တရားတော်မြတ်သည် ဂုဏ်ထူးဝိသေသ အဆင့်အတန်း လုံးဝခွဲခြားခြင်းမရှိဘဲ ခပ်သိမ်းသော ပုဂ္ဂိုလ်အပေါင်းတို့ အကျိုးစီးပွားအတွက် ဖြစ်ပါသည်။ ကမ္ဘာလောကကြီး တစ်ခုလုံး သာယာအေးချမ်းအောင်လည်း ဗုဒ္ဓဘုရားရှင်၏ တရားတော်များ အတိုင်းတည်ဆောက်နိုင်ပါသည်။ အထူးတလည် ကျင့်ကြံပွားများစရာ မလိုပါဘူး။ မိမိတို့သိတဲ့ အတိုင်းသာလိုက်ကျင့်ဖို့လိုတာပါ။ လူတိုင်းထို အသိရှိပြီး ကျင့်ကြမည်ဆိုပါက အားလုံးအမုန်းမရှိဘဲ သာယာဖွယ် ဖြစ်ပါလိမ့်မည်။



အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဒေသစာရီကြွချီတော်မူရာ ဝေဠုဒွါရ ပုဏ္ဏားတို့ရွာသို့ ရောက်တော်မူပါသည်။ ထိုအခါရွာသူရွာသားတို့က မြတ်စွာဘုရားရှိရာသို့ လှူဖွယ်၊ ပူဇော်ဖွယ် ၀တ္ထုတို့ဖြင့် လာရောက်ကြပါသည်။ ထိုသို့ လူအများလာရောက် ကြသောအခါ အလ္လာပ၊ သလ္လာပ စကားများပြောကြပြီး ထိုရွာမှအကြီးအကဲ ပုဏ္ဏားကြီးက မြတ်စွာဘုရားအား လျှောက်ထားပါသည်။ ဘယ်လို လျှောက်သလဲဆို တော့..
“မြတ်စွာဘုရား တပည့်တော်တို့ အိမ်ရာတည်ထောင်၍ နေကြသောသူတို့သည် အရှင်ဘုရားတို့လို ဆွမ်းခံစားတာ မဟုတ်တော့ ရွှေ၊ ငွေကိုလည်း မစွန့်နိုင်ပါ။ သားမယား တို့ကိုလည်း မစွန့်နိုင်ပါ။ အ၀တ်ကောင်းကိုလည်း ၀တ်ချင်ပါသည်၊ အစားကောင်းကိုလည်း စားချင်ပါသည်။ ပန်းကိုလည်း ပန်လိုပါသည်။ သနပ်ခါးကိုလည်း လိမ်းလိုပါသည်။ ပွဲကိုလည်းကြည့်လိုပါသည်။ တောတောင် ကိုလည်းမထွက်နိုင်ပါ။ သေတဲ့အခါ အပါယ်လေးပါးသို့လည်း မကျလိုပါ။ နတ်ပြည်သို့ ရောက်လိုပါသည်။ သို့အတွက် မြတ်စွာဘုရားသည် တပည့်တော်တို့အား တောလည်းမထွက်ရ၊ သားမယားကို သာယာလျှက်၊ ရွှေ၊ ငွေ ကိုလည်း သာယာလျက်၊ အစားကောင်းကိုလည်း စားကာ၊ အ၀တ်ကောင်းကိုဝတ်လျက်၊ ပန်းကိုလည်းပန်ကာ၊ သနပ်ခါးလိမ်းလျက်၊ ပွဲလည်းကြည့်ကာ၊ အပါယ်လေးပါးသို့ မကျဘဲ နတ်ပြည်သို့ ရောက်တဲ့တရားကို ဟောတော်မူပါဘုရားတဲ့”
ဒီတရားတောင်းဟာ အိမ်ယာတည်ထောင်နေသော လူတွေအားလုံးနှင့် အင်မတန်သင့်တော်သော တရားတောင်းပါ။ အဲဒီတရားတောင်းတော့ မြတ်စွာဘုရားက ဘယ်လိုမိန့်တော်မူသလဲဆိုတော့..
“ပုဏ္ဏားတောင်းတဲ့ အတိုင်းဖြစ်ပါစေမယ်၊ ရွှေ၊ ငွေကိုလည်း မစွန့်ရပါဘူး။ တော လည်းမထွက်ရပါဘူး။ အ၀တ်ကောင်းလည်း ၀တ်ရပါမယ်။ အစားကောင်းလည်း စားရပါမယ်။ သနပ်ခါးလည်း လိမ်းရပါတယ်။ ပန်းလည်းပန်ရပါတယ်။ ပွဲလည်းကြည့် ရပါတယ်။ သေတဲ့အခါ အပါယ်လေးပါးကိုလည်း မရောက်စေရပါဘူး၊ နတ်ပြည်ကို လည်း ရောက်ရပါစေမယ်။ သို့သော် ငါဘုရားပြောတဲ့ အတိုင်းလိုက်နာကျင့်ကြံရပါမယ်” လို့ မိန့်တော်မူပါသည်။
ပုဏ္ဏားက “ဒီလိုဆို ကျင့်ကြံပါမယ်ဘုရား အကျင့်လမ်းစဉ်ကိုသာ ဟောတော်မူပါတဲ့”
“ဒီတော့ မြတ်စွာဘုရားက အကျင့်လမ်းစဉ်ကို ဘယ်လိုဟောသလဲဆိုတော့..”


(၁) “ငါ့ကို သတ်လျှင် ငါမခံချင်သလို သူများကို ငါကသတ်လျှင် သူများက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက်ငါသည် သူတစ်ပါးအား သတ်ဖြတ်ခြင်းမှ ရှောင်ကျဉ်ပါအံ့ဟု ကျင့်ရမယ်”။


(၂) “ငါ့ဥစ္စာကိုခိုးလျှင် ငါမခံချင်သလို၊ သူတစ်ပါးဥစ္စာကို ငါကခိုးလျှင်လည်း သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါအံ့ဟု ကျင့်ရမယ်”။


(၃) “ငါ့သားမယားကို သူတစ်ပါးက မှားယွင်းလျှင် ငါမခံချင်သလို သူတစ်ပါးသား မယားကို ငါမှားယွင်းလျှင် သူတစ်ပါးက ဘယ်ခံချင်ပါ့မလဲ။ သို့အတွက် ငါသည် သူတစ်ပါးသားမယားကို မှားယွင်းခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။


(၄) “ငါ့ကို သူတစ်ပါးက လိမ်ပြောလျှင် မကြိုက်သလို သူတစ်ပါးကို လိမ်လျှင်လည်း သူတစ်ပါးက ဘယ်ကြိုက်ပါ့မလဲ။ သို့အတွက် ငါသည် မုသားပြောဆိုခြင်းမှ ရှောက်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။


(၅) “ငါသည် သူတစ်ပါးသောက်စားမူးယစ်တာကို မြင်လျှင် မကြည်ညိုသလို၊ ငါသောက်စားမူးယစ်လျှင်လည်း သူတစ်ပါးက ဘယ်ကြည်ညိုပါ့မလဲ၊ သို့အတွက် ငါသည်သောက်စားမူးယစ်ခြင်းမှ ရှောင်ကြဉ်ပါတော့အံ့ဟု ကျင့်ရမယ်”။



ငါးပါးသီလမြဲအောင် ကျင့်ရမည်ဟု ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ယနေ့ကမ္ဘာကြီးမှာ စစ်ပွဲတွေ၊ တိုက်ခိုက်မှုတွေဖြစ်နေခြင်းမှာ လူသတ်တာ အကုသိုလ်ဖြစ်ကြောင်းကို လူတိုင်းမသိ၍၊ သိသော်လည်း မကျင့်သောကြောင့်ဖြစ်ပါသည်။ ထို့နောက် သူတပါးပစ္စည်း၊ နယ်မြေလိုချင်တဲ့ လောဘတွေ၊ သူတပါးကို သေစေလိုတဲ့ ဒေါသတွေကြောင့် လောကကြီးမှာ ယနေ့ထိ ငြိမ်းချမ်းမှုတွေ နေရာတိုင်း မရနိုင်သေးတာပါ။



အဒိန္နာဒါနာကံမှာ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း၊ မတော်မတရားယူခြင်း၊ အလေးခိုးခြင်း၊ ဓားမြတိုက်ခြင်း အားလုံးကိုထည့်တွက်ရပါမည်။ ထိုအမှု့များ လုပ်ပါက အကုသိုလ်ကံ ဖြစ်သည်ဟုသိပြီး လိုက်ကျင့်ကြပါက လောကမှာ သူခိုးများရှိမည် မဟုတ်တော့ပါ။ မိမိတို့ ပစ္စည်းကိုသာ အသုံးပြု၍ သူတပါးထံမှ လိုချင်သော လောဘတရားလည်း အလိုလိုပယ်သတ်နိုင်ပါလိမ့်မည်။



မိမိနှင့် မောင်နှမသားချင်း စာနာကာ သူတပါး သားသမီးအပေါ် ကျူးလွန်ခြင်းအမှု ကာမသုမိစ္ဆာစာရကံကို လူတိုင်းစောင့်ထိန်းကြမည်ဆိုပါက မလိုလားအပ်သော အမှုခင်းများလည်း ဖြစ်မည်မဟုတ်ပေ။ “နှမချင်း စာနာထောက်ထားပါ” “သားသမီးချင်း ကိုယ်ချင်းစားပါ” ဟူသော မြန်မာတို့၏ ယဉ်ကျေးမှု စကားဖြင့်ပင် အသိအလိမ္မာရှိသူတို့အဖို့ ထိုကံကို ကျူးလွန်လိမ့်မည်မဟုတ်ပါ။ ထိုသို့စောင့်ထိန်း ခြင်းကြောင့် လူသားအားလုံး အိမ်ထောင်ရေးပြဿနာ၊ ကိုယ်ကျင့်တရားဖောက်ပြားမှုများ မဖြစ်တော့ဘဲ သာယာမှုရစေနိုင်ပါသည်။



မုသားစကားဆိုရာတွင် လိမ်ပြောခြင်း၊ ကြမ်းတမ်းစွာဆဲဆိုပြောခြင်း၊ ကုန်းချောစကားပြောခြင်း၊ အကျိုးမရှိသောအပိန်ဖျင်း စကားများပြောခြင်း တို့ကိုပါမှတ်ယူ စောင့်ထိန်းကြရပါမည်။ စီဘောက်မှာ ဆဲဆိုပြောနေခြင်းများ၊ သူတပါးတွေကို ကုန်းချောသောစာများကို တွေ့ရပါက မည်သို့ခံစားရသည်ကို စာဖတ်သူများသိကြမှာပါ။ တရားသိပြီးစောင့်ထိန်းကြပါက ထိုကဲ့သို့ သေးငယ်သော အမှုမှစ၍ ကျူးလွန် ကြမှာမဟုတ်ပါ။



သေရည်အရက်သောက်ပါက မူးယစ်ပြီး ဆုံးဖြစ်ချက်များ မှန်ကန်စွာမချနိုင်တော့ပါ။ မိမိသောက်လိုက်ခြင်းကြောင့် ပတ်ဝန်းကျင်လည်း ထိခိုက်ရပါသည်။ အရက်၊ ဆေးခြောက်၊ ဘီယာ၊ မူးယစ်ဆေး၊ ထန်းရည် အားလုံးကို ပါမှတ်ယူ ရှောင်ကြဉ်ရပါမည်။ မူးယစ်သောက်စားပြီးပါက နောက်ထပ် မကောင်းမှုမှားဆက်လုပ်ချင်တဲ့ စိတ်ကဖြစ်လာတက်ပါသည်။ အရက်မူးခြင်းကြောင့်ဖြစ်သော အမှုခင်းများ အားလုံးလည်းဖြစ်မည် မဟုတ်ပေ။


ထို့ကြောင့်ဘုရားရှင်ဟောကြားခဲ့သော တရားများသည် မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း စတဲ့ ဆင်းရဲအပေါင်းမှ လွတ်မြောက်စေခြင်း အပြင် လောကအတွင်း သတ္တ၀ါအားလုံး နေနည်းများ ကိုလည်း လမ်းညွှန်ပြထားခဲ့ပေသည်။ လောကရဲ့အလှတရားကို သီလပန်းဖြင့် ဆင်မြန်းမှသာ တင့်တယ်လှပနိုင်ပါမည်။

Wednesday, October 26, 2011

ဘုန်းကံကြီးသူနှင့် ဘုန်းကံရှိသူ

ဘုန်းကံဆိုရာ၌ ပြုခဲ့ဘူးသော ကုသိုလ်ကောင်းမှုရှိခြင်းကြောင့် ရရှိ သောအကျိုးတရားကို ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ကုသိုလ် ကောင်းမှုအားကြီးခဲ့လျှင် ဘုန်းကံကြီးမည်။ ကုသိုလ်ကောင်းမှုနည်း ခဲ့လျှင် ဘုန်းကံနည်းမည်ကို သိထားရ ပေမည်။ သတ္တ၀ါတို့၏စိတ် သည် တစ်ဦးနှင့်တစ်ဦး မတူကြခြင်းကြောင့် ပြုလုပ်ကြသော အလုပ်တို့လည်း တစ်ယောက်နှင့်တစ်ယောက် တူကြမည် မဟုတ် ပေ။ ထိုအကြောင်းတို့ကြောင့် ရရှိကြသော အကျိုးတရားတို့လည်း မတူညီကြခြင်းဖြစ်၏။

တချို့က ဥပဓိရုပ် အင်မတန်ဆိုးကြသော်လည်း တချို့က အင် မတန်ကောင်းကြ၏။ တချို့က စားဝတ်နေရေးအတွက် ပြင်းစွာရုန်း ကန်လှုပ်ရှားပြီးမှ ရကြသော်လည်း တချို့က လွယ်ကူစွာရကြပေ သည်။ ထိုသို့ ကွာခြားနေတာကတော့ မတူညီသော ကံတရားတို့ ကြောင့်ပင်ဖြစ်၏။

ထိုသို့ မတူညီကြသော အကျိုးတရားများသည် မတူညီသော ပြုခဲ့ဘူး သည့်ကံတရားတို့ မတူညီခြင်းကြောင့်ပင်ဖြစ်၏။ အကုသိုလ်တရား တို့ကို ပြုလုပ်နေတုန်းမှာပင် ရှေးကံ၏ အထောက် အပံ့ကောင်း ခြင်းကြောင့် ကောင်းကျိုးသုခတရားတို့ တွေ့နေရတတ်ပေသည်။ ယခု ကောင်းမှုတရားတို့ကို ပြုလုပ်နေသော်လည်း ရှေးကံ၏ အထောက်အပံ့ဆိုးခြင်းကြောင့် ဆိုးကျိုးတရား တို့လည်း တွေ့နေရ တတ်ပေသည်။ ထို့ကြောင့် ယခုဖြစ်ဆဲ၌ ကောင်းမှုတရားတို့ကိုသာ များများပြုလုပ်ကြပါလေ။ ကောင်းမှု ပြုခြင်းကြောင့် ကောင်းကျိုး တရားတို့ ချက်ချင်းရနေသလို မရ တာလည်း ရှိနေတတ်ပေသည်။ ဗုဒ္ဓ၀ါဒသည် အကျိုးကိုလိုက်သော ၀ါဒမဟုတ်၊ အကြောင်းကိုသာ ကောင်းအောင်ပြုသော ၀ါဒဖြစ်သည်ကို သတိပြုရပေမည်။

တခါတရံ၌လည်း ကောင်းမှုတို့ကို ပြုလုပ်နေခြင်း၊ ရှေးကံ၏ အထောက်အပံ့ ကောင်းခြင်းတို့ကြောင့် ကောင်ကျိုးတရားတို့ သည် တဟုန်ထိုးကျရောက်လာတတ်ပေရာ ထိုအခါ၌ ရရှိသော အကျိုးတရားတို့ကို အကြောင်းပြုပြီး တစ်ယောက်နှင့်တစ် ယောက် ဂုဏ်တုဂုဏ်ပြိုင်လုပ်ခြင်း(မာန)၊ မနာလိုခြင်း (ဣဿာ)၊ ၀န်တိုခြင်း (မစ္ဆရိယ) တရားတို့ဖြစ်နေလျှင်ကား မသင့်လျော်လှပေ။ ထို မာန၊ ဣဿာ၊ မစ္ဆရိယတို့ကို မွေးမြူတားကြလျှင် နောင်သံသရာဆင်းရဲ၊ ယခုဘ၀မျက်မှောက်ဆင်းရဲတို့သည် နောက်ကထပ်ကြပ်မကွာလိုက် နေဦးမည်ကို သတိပြုရပေမည်။

သူဘုန်းကံနှင့်သူရှိသောသဘောကို သာဓက၀တ္ထု ထုတ်ပြပါအံ့။ ဤ ၀တ္ထုမှာ ဗုဒ္ဓက သတ္တ၀ါတို့ ဣဿာတရားကင်းရှင်းစွာ နေထိုင်တတ် အောင်နှင့် သူ့ဘုန်းကံနှင့်သူ အကျိုးပေးတတ်ပုံကို ဆုံးမလိုခြင်းဖြစ် သည်ဟု သိမြင်နိုင်ပါသည်။

တစ်နေ့သောအခါ၌ ဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့် ရဟန်း သံဃာ တော်တို့ ဆွမ်းခံကြွလာကြရာ ဘုရားရှင်က ပျော်ပွဲစား ထွက်လာကြ သော ကလေးငယ်တို့ကိုမြင်လေသော် ဆွမ်းခံ ဆက်မကြွတော့ဘဲ ရဟန်းတို့ကို သစ်ပင်ရိပ်တွေမှာ အနားယူ စေတော်မူ၏။ ထိုအခါ ရဟန်းတော်တို့က ဘုရားရှင်အား ဤသို့ လျှောက်ထားမေးမြန်းကြ၍ ဘုရားရှင်ကဖြေကြားတော်မူလေ၏-

မေး - အရှင်ဘုရား၊ ဆွမ်းခံမကြွတော့ဘူးလားဘုရား။

ဖြေ - မကြွတော့ဘူး ချစ်သားတို့၊ တောထဲမှာဘဲဘုန်းပေးမယ်။

မေး - အရှင်ဘုရား၊ ဆွမ်းဘုန်းမပေးလျှင် ဘယ်အရာကို ဘုန်း
ပေးတော်မူပါမလဲဘုရား။

ဖြေ - ချစ်သားတို့…၊ မုန့်ခဲဖွယ်တို့ကို ဘုန်းပေးမယ်။

မေး - အလှူရှင်က ဘယ်သူတွေရှိလို့ပါလဲဘုရား။

ဖြေ - အလှူရှင်တွေကတော ရှေ့မှာမြင်နေရတဲ့ ပျော်ပွဲစားထွက်
လာတဲ့ ကလေးငယ်တို့ဘဲ။ အလှူခံက နောက်မှာလာလိမ့်
မယ် ချစ်သားတို့…။

ရဟန်းတော်တို့သည် အလှူခံပုဂ္ဂိုလ် မည်သူဖြစ်သည်ကို စောင့်မျှော် နေချိန် နောက်၌ အရှင်မဟာကဿပကိုယ်တော်ကြီး ကြွလာရာ ကလေးတို့သည် “တို့ အရှင်ဘုရားကြီးကြွလာပြီ” ဟူ၍ အရှင်မဟာ ကဿပကိုယ်တော်ကြီးထံသို့ ပြေးလာကြပြီး မုန့်ခဲဖွယ် တို့ကို ဆက် ကပ်ကြလေ၏။ ထို့နောက် အရှင်မဟာ ကဿပကိုယ် တော်ကြီးက ဘုရားရှင်နှင့် ရဟန်းတော်တို့ကို ပြန်လည်ဆက်ကပ်ခဲ့လေ၏။

ဤနေရာ၌ စာဖတ်သူတို့အနေဖြင့် အဘယ်ကဲ့သို့ သုံးသပ်ကြမည် နည်း။ ဘုရားရှင်နှင့် အရှင်မဟာကဿပကိုယ်တော်ကြီး တို့တွင် အဘယ်သူက ဘုန်းကံကြီးမားပါသလဲ။ ဘုန်းကံတရား တို့ကတော့ ဘုရားကိုယ်တော်မြတ်ကြီးအား အဘယ်သူမှ ယှဉ်ခြင်းငှါ မတတ် ကောင်းပါပေ။ သတ္တ၀ါအားလုံးတို့၏ ကုသိုလ်ကောင်းမှုနှင့် ယှဉ်လျှင် ပင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သာပါသည်။ ထိုသာဓက၌ သူ့ကုသိုလ်ကံနှင့်သူ ဘုန်းကံ အလျောက် အကျိုးပေးခြင်း သာဖြစ်ပါ သည်။
ယခုလက်ရှိဘ၀၌ ရရှိသောအကျိုးတရားတို့သည် အတိတ်က အကြောင်းတရားများကြောင့်ဖြစ်ပါသည်။ တချို့ဥာဏ်ကောင်းသည်၊ တချို့ဥာဏ်မကောင်းကြ။ တချို့ ချမ်းချမ်းသာသာနေနိုင်ကြသည်၊ တချို့ ဆင်းရဲမွဲတေကြသည်။ ကိုယ်ထက်သာလို့ မနာလို မဖြစ်ကြ နှင့်။ ပြုခဲ့သောကံတရားတို့ မတူညီကြတာ ဖြစ်ခြင်းကြောင့် ရရှိသောအကျိုးခြင်းလည်း မတူညီကြခြင်းဖြစ်ပေသည်။ အတိတ်က ပြုခဲ့သော ကံတရားတို့ကြောင့် ယခုရရှိခံ စားရပေသည်။ ယခုပြု သောကံတရားတို့သည် နောင်ခံစားရပေမည်။ နောင်ဆိုရာ၌ နောက် ဘ၀တစ်ခုတည်းကိုဘဲ မမှတ်ယူ သင့်ပေ။ ထိုသို့ တစ်ခုတည်းကိုသာ မှတ်ယူလိုက်လျှင် နောက် ဘ၀ကောင်းစားဘို့အရေး ယခုဘ၀ ကုသိုလ်လုပ် ဆိုသလို ဖြစ်နေပေမည်။ နောင်ဘ၀တွေတပ်မက်ပြီး ကုသိုလ်လုပ်နေပြန် လျှင်လည်း ကိုယ်ခန္ဓာကိုယ်ကို ရောင်းစားနေ သလို ဖြစ်နေပေမည်။ ထို့ကြောင့် ဗုဒ္ဓ၏အဆုံးအမအတိုင်း ဘ၀တွေကို မတပ်မက်ဘဲ ဘ၀ကုန်ရာ၊ ဒုက္ခတွေချုပ်ငြိမ်းရာ နိဗ္ဗာန် သို့သာ အလိုရှိသောဆန္ဒဖြင့် ကုသိုလ်တရားတို့ကို ပြုလုပ်ကြပါကုန်။ ကိုယ်ပြုသော ကံတရားတို့သည် အရိပ်ကဲ့သို့ ထပ်ချပ်မကွာ လိုက်ပါ နေမှာဖြစ်ခြင်းကြောင့် ဆုတောင်းတာ မတောင်းတာက အဓိကမကျ ဘဲ ပါရမီအလုပ်တို့ကို ပြုလုပ်နေဘို့ကသာ အဓိက ကျတာဖြစ်ခြင်း ကြောင့် ပါရမီအလုပ် နေ့စဉ်ပြုလုပ်ကြပါကုန်။



စာဖတ်သူတို့အားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေ။

Monday, October 17, 2011

အမ္ဗပါလီကဲ့သို့ အလား

သမိုင်းအစဉ်မှာ၊ နှိုင်းမယှဉ်အောင်၊ လှရက်ပါတ့၊ဲ ဝေသာလီရဲ့ အလှဧကရီ...အမ္ဗပါလီရေ....။ သင့်ရဲ့ဘ၀ ဖြစ်စဉ်ကို ကြားသိရတဲ့ အခိုက် ၀ိပဿနာ အသာထားပြီး၊ ရင်ထဲမှာ တကယ်ကို ခံစားလိုက် ရပါတယ်။ ခံစားမှုတွေကို သေချာဆန်းစစ်လိုက်တော့ အားကျမှုတွေ၊ သံဝေဂတွေ၊ ကိုယ်ချင်းစာ တရားတွေ အားလုံးပါဝင်နေပါတယ်။ ဒီခံစားမှုတွေကို သင့်ကိုပဲတိုင်တည်ပြီး  ပြောပါရစေ..။

ဘုရားရှင်လက်ထက်က ရှိခဲ့တဲ့ ဝေသာလီပြည်ကြီးဟာ ဒီမိုကရေစီ စံနစ်ကျင့်သုံးပါတယ်။ ပြည်သူ့လွှတ်တော် ကြီးကို နှစ်စဉ် ကျင်းပလို့ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေး အခြေအနေ အားလုံးကို (၇၇၇၇) ယောက်သော ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေး ညှိနိုင်း တိုင်ပင်ကာ ဆုံးဖြတ်ကြတာပါ။ ဒီလွှတ်တော်မှာ ဝေသာလီ ဂဏသန္တာ ရဲ့အကြီးအကဲ မဟာနာမ်မင်းကြီး၊ သားတော် ဖြစ်တဲ့ အာနန္ဒ မင်းသား၊ အဘယရာဇာ ဆိုတဲ့ စစ်သေနာပတိ ချုပ်ကြီး၊ သူရဲကောင်း စစ်သည်များနဲ့ ဝေဒပညာရှင်များ ပါဝင်ကြပါတယ်။ အမ္ဗပါလီရေ... သင်ကတော့ မဟာနာမ် မင်းကြီးရဲ့ ချစ်မ၀တဲ့ သမီးအလှတစ်ပါးပါ။ အာနန္ဒ မင်းသားရဲ့ညီမတော်ပေါ့။ တကယ်တော့ သင်ဟာ မဟာနာမ် မင်းကြီးရဲ့ သမီးရင်းတစ်ယောက် မဟုတ်ခဲ့ဘူးနော်။ မဟာနာမ်မင်းကြီးနဲ့ မိသားစုတို့ခရီးတစ်ခု သွားရာမှာ တစ်နေရာအရောက် သရက်ပင်အောက် ကလေးငိုသံကြားလို့ မြင်းထိန်းကို သွားကြည့် ခိုင်းပါတယ်။ ဇနီးသည် မီးဖွါးရင်း ဆုံးတာ မကြာသေးတဲ့ မင်းကြီးက အဲဒီ ကလေးကိုမွေးစားချင်စိတ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့မှာ အာနန္ဒ ဆိုတဲ့ သားတော်တစ်ပါး ရှိပြီး ဖြစ်လို့ ယောကျာင်္းလေး ဖြစ်နေရင် ထီးနန်းလုကြမှာ ကိုစိုးရိမ်ပါ တယ်။ ဒါကြောင့် ယောကျာင်္းလေး ဆိုရင်တော့ မယူဘူး၊ မိန်းကလေး ဖြစ်ရင်တော့ ယူခဲ့လို့ မြင်းထိန်းကိုမှာပါ တယ်။ ဒီလိုနဲ့ သင်ဟာ မဟာနာမ်မင်းကြီးရဲ့ သမီးအဖြစ်ကို ရောက်ခဲ့တာပါ။ မဟာနာမ် မင်းကြီး နဲ့ အာနန္ဒ မင်းသားဟာ သင့်ကို သမီးရင်းနဲ့ မခြား၊ ညီမရင်းနဲ့မခြား ချစ်ခဲ့ကြတာပါ။


ဝေသာလီဟာ ဘေးကအိမ်နီးချင်း နိုင်ငံတွေရဲ့ ကျုးကျော်ရန်စ မှုတွေကြောင့်စစ်အမြဲ တိုက်နေရတဲ့ နိုင်ငံပါ။ အထူးသဖြင့် အနောက်ဖက်က ရာဇဂြိုလ်နဲ့ဆို လူကျုးရင်လူသတ်၊ ခွေးကျုးရင် ခွေးသတ်၊ အမှိုက်လွှင့်သွား ရင်တောင် မီးရှို့ပစ်ပါတယ်။ ရန်ဖက် နှစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီမှာ လူတိုင်းစစ်မှုထမ်းရပါတယ်။ စစ်ရေး အမြဲလေ့ကျင့် နေရပါတယ်။ ဝေသာလီ ပြည်သူတွေဟာ အမြဲတမ်း စည်းလုံးညီညွတ်ပါတယ်။ အမိန့်ကို လည်း နာခံကျင့်သုံးကြပါတယ်။ ဒါကြောင့် ဝေသာလီကို ဘယ်သူမှ မထိရဲကြပါဘူး။ အဲ...ဒါပေမဲ့ တစ်ချိန်မှာ တော့ ဒီစည်းလုံးညီညွတ်မှုတွေ၊ အမိန့် ကိုနာခံတတ်မှုတွေကို ပျက်ပြားမည့် အကြောင်း ဖန်လာပါတယ်။ ဖန်တီးသူကတော့ သင်ပါပဲ.. အမ္ဗပါလီ ရေ။

သင့်ကို ငယ်စဉ်ကစပီး သင့်ဖခင် မင်းကြီးက အဝေးမှာထားပြီး ယောကျာင်္းတွေ တတ်အပ်တဲ့ ဆင်စီး၊ မြင်းစီး၊ ရထားမောင်း၊ မြှားပစ်၊ လှံပစ်၊ ဓါးခုတ်စတဲ့ ပညာရပ်တွေကို သင်ယူစေခဲ့တယ်။ ဒါကြောင့် သင့်ကို သိသူ၊ မြင်ဖူးသူ သိပ်မရှိခဲ့ဘူးနော်၊ အသက် ၁၃ နှစ်အရွယ်မှာ သင်ဟာ ဒီပညာရပ်တွေကို ကျွမ်းကျင်လို့ စံအိမ်ကိုပြန် ရောက်ခဲ့ပြီ၊ ပညာတွေနဲ့ အတူ အလှသွေးတွေလဲ ကြွေစ ပြုခြဲ့ပီ။ ဝေသာလီ မြို့ထဲကို သင်မြင်းရထား ၀င်မောင်းရင် မြန်လွန်းလို့ လူတွေက သင့်အရိပ်ကိုပဲ မြင်နိုင်ကြတယ်။ အဲဒီ အရိပ် ကလေးကပဲ လူအများ၊ အထူးသဖြင့် ပုရိသ ယောကျာင်္းတို့ရဲ့ စိတ်၊ အာရုံ ကို ဖမ်းစားနိုင်ခဲ့တယ်။ ဒီအလှပိုင်ရှင်ဟာ ဘယ်သူလဲ? သင် ဘယ်သူလဲ ဆိုတာကို လူတိုင်းသိချင်နေကြပြီ... အမ္ဗပါလီရေ။ နောက်ဆုံးမှာ လူတွေဟာ သင့်ကို သိလိုစိတ် တွေကို မထိန်းနိုင်ကြပဲ တစ်အိမ်ပြီးတစ်အိမ် သင်ဘယ်အိမ်ကို ၀င်မလဲ ဆိုပြီး အလှည့်ကျစောင့်တော့တာပဲ။ နောက်ဆုံးမှာတော့ သင်ဟာ မင်းကြီးရဲ့သမီးမှန်းသိလို့ အားလုံးနဲ့ မိတ်ဆက်ပေးခဲရပြီလေ။ အဲဒီမှာပြဿနာစ တော့တာပဲနော်။ အသက် ၁၃-၁၄ နှစ်အရွယ်မှာတောင် သင့်ရဲ့ မျက်လုံးဝှေ့တစ်ချက်မှာ မင်းသားပေါင်း ၁၀၀ လောက် သင့်နောက်ကို ပါလာခြဲ့ပီ။ အသက် ၁၆ နှစ်အရွယ် အလှတွေပြည့်စုံလာတဲ့ အချိန်မှာတော့ ဝေသာလီ တစ်နိုင်ငံလုံး အုံ့အုံ့ ကြွကြွ ဖြစ်ရပြီ။ အမိန့်ကိုအမြဲနာခံတဲ့ သူရဲကောင်းစစ်သည်တွေ အမိန့်ကို မနာခံတော့ ဘူး၊ စစ်ရေးတွေ လေ့မကျင့်ကြတော့ဘူး၊ သူတို့စိတ်ထဲမှာ ပါလီ မှ ပါလီ၊ ပါလီ ကိုတွေ့ဖို့၊ မြင်ရဖို့၊ ပါလီနဲနီးရဖို့၊ ပါလီ့ အသံကြားရဖို့သာ ကြိုးစားကြတော့တယ်။

သင့်ရဲ့အလှတွေကိုကုန်အောင် ဖွဲ့နိုင်သူမရှိခဲပေမဲ့ သိသလောက်တော့ ပြောပါရစေ။ သင့်ရဲ့ ပိတုန်းရောင် ဆံကေသာဟာ နက်မှောင်ဖြောင့်ရှင်း၊ အဖျားကော့စင်းလို့ တစ်ချောင်းချင်းဖြစ်နေပါတယ်။ ထိုဆံကေသာကို ဆံထုံးထုံးပြီး ပန်းပန်ထားတဲ့ သင်ဟာ ကဗျာ ဆရာတွေ အတွက် စာဖွဲ့ချင်စရာဖြစ်ခဲ့တယ်။ သင့်ရဲ့ ခန္ဓာကိုယ် ဟာလဲ စန္ဒကူးနံ့သာ ထုံသင်းပီး အဖိုးထိုက် ရတနာတွေ ဆင်မြန်းထားတဲ့ အခါ မိန်းမချင်းတောင် ငေးရပါပေတယ်။ သင့်ရဲ့ခန္ဓာကိုယ် အချိုးအဆစ်၊ အဖုအထစ် တွေဟာလဲ ပန်းပုဆရာတွေ ဘယ်လိုထုရမှန်းမ သိပဲ၊ လက်မှိုင်ချရလောက်အောင် ပြေပြစ်ပါပေတယ်။ သင် ရဲ့တောက်ပ လှပတဲ့ မျက်လုံးနှစ်လုံးဟာလဲ စိန်ရောင်ကဲ့သို့ တ၀င်းဝင်း၊ တလက်လက် နဲ့မြင်ရသူကို ဖမ်းစားနိုင်ပါပေတယ်။ သင်ရဲ့ပတ္တမြားရောင် နီတျာတျာ နှုတ်ခမ်းနှစ်လွှာ၊ ဖြူသန့်စင်တဲ့ သွားလေးတွေနဲ့ ဖန်ဆင်းလိုက်တဲ့ အပြုံးတစ်ချက်ဟာ တစ်ဖက်သား ကို ငြင်းပယ်နိုင်စွမ်း ကင်းသွားစေပါတယ်။ အဲဒီ နှုတ်ခမ်းနှစ်လွှာ ကြားကပေါ်ထွက်လာတဲ့ သင့်ရဲ့အသံဟာ ကြိုးကြာလေးတွန် လိုက်သလို၊ လောကကြီးကို ရပ်ဆိုင်းသွား စေပါတယ်။ ရေကြည်သောက်ရင် မြင်ရမလောက်ပင် သင့်ရဲ့ လည်တိုင်ကျော့ရှင်း၊ အသားအရေရဲ့ကောင်းခြင်းနဲ့ ပြည့်စုံပါပေတယ်။ ဒါတွေက  သိသ လောက်ပြောရတာပါ။ ဒီလို လှချက်တွေ အပြင် သင်ဟာမာယာတွေလဲ သုံးတတ်ခဲ့တယ်နော်။ ယောကျာင်္း တွေကြားထဲမှာ မြှားပစ်ကျင့်ပြတာ၊ မြင်းရထားစီးပြီး ကိုယ်လုံး ထွက်ပြတာ၊ သင့်အိမ်တော်ရှေ့မှာ လာစောင့်နေကြတဲ့ ပုရိသတွေအပေါ် ပန်းကြဲချတာ၊ မျက်နှာတစ်ခြမ်းလေး ထုတ်ပြတာတွေနဲ့ တစ်နိုင်ငံလုံးက ယောကျာင်္းအပေါင်းကို ရူးသွပ်စေခြဲ့ပီ။ သင့် အခန်းထဲမှာလည်း ရွေးချယ်ဖို့ တစ်ရာ့တစ်ပါးသော မင်းတွေရဲ့ရုပ်ပုံ၊ ပန်းချီ တွေပြည့်နေခဲ့တယ်။ တစ်ပုံပီးတစ်ပုံ အချစ်မ၀င် အပြစ်မြင်ခြဲ့ပီး ကာမှ တစ်ခုသော ပုံကိုမြင်တော့ ကျင်စက်နဲ့တို့ လိုက်သလိုသင်ခံစားရ၊ စိတ်ဝင်စားခဲ့တယ်နော်။ ဘယ်သူလဲ ဆိုတော့ သင်တို့ရဲ့ ဝေသာလီ ရဲ့ရန်သူ ဗိမ္မိသာရ မင်းပါပဲ။ ဗိမ္မိသာရမင်းဟာ သင်ရဲ့ နှလုံးသားကို လှုပ်ရှားစေခြဲ့ပီနော်။ (ဒါဟာ မြင်စိတ်မှာ စွဲလန်းသွားတဲ့ ဥပါဒါနက္ခန္ဓာပါ) ရန်သူမင်းဆိုတာ သင်သိပေမဲ့ ချစ်မိ သွားခဲ့တယ်နော်။ အဲဒီအချိန်ကစပြီး ပါလီဟာ ဗိမ္မိသာရမင်း(ပုံ)နဲ့ အိပ်တယ်၊ ဗိမ္မိသာရ မင်း(ပုံ)နဲ့စားတယ်။ (စာရေးသူ တို့ဒီခေတ်မှာလည်း သင့်အရွယ် ကလေးမလေးတွေ နာမည်ကြီး မင်းသားပုံတွေ နံရံမှာ ကပ်ပြီး ဒီလိုပဲ စိတ်ကူးယဉ်ကြပါတယ်။ အမှန်အတိုင်းဝန်ခံ ရရင်ကိုယ်တောင် ငယ်ငယ်က ပါခဲ့သေးပါတယ်။)

သင့်ရဲ့အလှသတင်းဟာ ဝေသာလီတင်မက ဘေးကရာဇဂြိုလ် ကိုတောင်ရောက်ခဲ့ပါပေါ့။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းကလည်း သင့်ကိုတွေ့လို၊ မြင်လိုစိတ်တွေ ပြင်းပြခဲ့ပြီ။ ဒါကြောင့် အထောက်တော်များကို အရင် လွှတ်ပီး သင့်ရဲ့အလှကို စုံစမ်းခိုင်းခဲ့တယ်။ ဒီအထောက်တော်တွေဟာ ပါလီ့ ကိုတွေ့ခဲ့ ခဏမှာ ဘယ်လောက် တောင် နစ်မျောသွားလဲဆိုရင် ပါလီရဲ့မြားချက်ကိုတောင် ရှောင်ဖို့မေ့ပီး သေဖို့ဖြစ်ခဲ့တယ်။ ပါလီက နှလုံးသား နေရာကို မပြစ်ပဲ ခေါင်းက ဦးထုပ်ကိုပဲချိန် ပစ်ခဲ့လို့ သက်သာခဲ့တာပေါ့။ ရာဇဂြိုလ် ကိုပြန်ရောက်လို့ ဗိမ္မိသာရမင်းက ပါလီ ရဲ့အလှကို မေးတဲ့အခါမှာတော့ မိန်းမတစ်ယောက်မှာရှိရမဲ့ လက္ခဏာအားလုံး ပါလီ မှာရှိကြောင်း လျှောက်တင်ပါတယ်။ မိမိတို့တောင် မင်းကြီးမှန်းထားတဲ့ မင်းဘဏ္ဍာ မို့လို့သာမပြစ်မှားရကြောင်း၊ ဇာတ်လမ်းစုံ ခင်းပြီး ပါလာတဲ့ ပါလီရဲ့မြားလေးကို ဆက်သလိုက်ပါတယ်။ ဒီအခါမှာ သောတာပန် မင်းကြီး နှလုံးသားကို ထိသွားပါတယ်။ ပါလီ ရဲ့မြားကို ရင်ဘတ်ပေါ်တင်ပီး ပါလီ ကိုစွဲလမ်းသွားပါပီ။ ပါလီကိုတွေ့အောင်လုပ်မယ်။ နီးရအောင်ကြံမယ်။ ပါလီနဲ့မှ မတွေ့ရရင် နန်းကိုလည်းစွန့်မယ်။ သားကိုလည်းစွန့်မယ်။ မယားကိုလည်းစွန့်မယ်။ ပစ္စည်းတွေလည်းစွန့်မယ်။ စည်းစိမ်တွေ အားလုံးကိုစွန့်မယ်။ (ဒိဋ္ဌိနဲ့ တဏှာ တွဲဝင်ပြီ) ( ၀ိပဿနာနဲ့ ပြောရရင် ကြားစိတ်နဲ့ ဥပါဒါနက္ခန္ဓာ ဖြစ်သွားပါတယ်။) ဒီစွဲလမ်းမှုတွေကြောင့် ဗိမ္မိသာရမင်း စတင်အကောင်အထည် ဖေါ်တော့တာပဲ၊ (ဥပါဒါန် ပစ္စယာ ကမ္မဘ၀ ဖြစ်ပါတယ်)၊ ဉာဏ်ကောင်းတဲ့ ဗိမ္မိသာရ မင်းဟာ အတော်ဆုံး၊ အကောင်းဆုံး ရုပ်သေးဆရာရှာပြီး ရုပ်သေးပညာကို ကျွမ်းကျွမ်းကျင်ကျင် ဖြစ်အောင်သင်ပါတယ်။ ပြီးတော့ တစ်လလောက် တပည့်တွေနဲ့ ဇာတ်တိုက်ရပါတယ်။ ဘုရင်လိုမဆက်ဆံဖို့၊ သူငယ်ချင်းပြောပြော ပြောဖို့လေ့ ကျင့်ရပါတယ်။ တစ်သက်လုံးမော်မကြည့်ရဲတဲ့ ကိုယ့်ရဲ့ မင်းမှုထမ်းတွေ၊ ကိုယ့်ကို ဘုရားထူးလာသူတွေကို တန်းတူပြောခံရအောင် ဥပါဒါနက္ခန္ဓာကလုပ်နေတာ မင်းကြီးသတိမထားမိပါဘူး။ တဏှာကပေးလိုက်တဲ့ သတ္တိတွေနဲ့ ဗိမ္မိသာရမင်း ဝေသာလီကို သွားပါပြီ။

အလွန်ချောမောခံ့ညားတဲ့ မင်းကြီးဟာ ရုပ်သေးဆရာ အဖိုး ကြီး အဖြစ်ရုပ်ဖျက်ဟန်ဆောင်ပီး ရန်သူ့ နယ်မြေထဲ ကိုစွန့်စွန့်စားစား သွားပါတယ်။ နယ်စွန်မှတစ်ဆင့် တစ်ဖြည်းဖြည်း ပါလီ တို့ရဲ့စံအိမ်တော်နဲ့ နီးသထက်နီးအောင် လာခဲ့ပါတယ်။ တစ်နေ့မှာ ပါလီ တို့နေရာနဲ့ မနီးမဝေးမှာ ရုပ်သေးကပါတယ်။ ပါလီ တို့အဖွဲ့လည်း ရုပ်သေးလာ ကြည့်ပါတယ်။ ပါလီကရုပ်သေးဆရာကို အကဲခပ်ကြည့်ပါတယ်။ ရုပ်သေးဆရာ ဗိမ္မိသာရ မင်းကလည်း ပါလီ အချောအလှ ကိုမြင်တော့ မျက်နှာမလွှဲနိုင်ပဲ ကြည့်နေမိတယ်။ နှစ်ဦးသား မျက်လုံးချင်းဆုံတော့ ရင်ခုန်မိကြပီ။ ပါလီက ရုပ်သေးဆရာဟာ အသက်သိပ် မကြီးသေးတာ ကိုသတိထားမိတယ်။ ဗိမ္မိသာရမင်းများ ဖြစ်နေမလား လို့လည်း သံသယ ၀င်မိတယ်။ ဒါနဲ့ နန်းတော်ထဲကိုလာ ကဖို့ပြောတော့ ဘုရင်ဖြစ်တဲ့ ဗိမ္မိသာရမင်းဟာ ပါလီ ကိုစကားပြောရာမှာ ကျွန်တော်မျိုး နဲ့ ပြောနေပေမဲ့ ခေါင်းမကျိုး၊ ဇက်မကျိုးပဲ ဖြစ်နေတယ်။ ဒါကို ပါလီက သိတယ်။ နောက်ဆုံး ပါလီက တာဝန်ယူပါတယ် ဆိုလို့ နန်းတော်ထဲကို ၀င်ကဖို့ သဘောတူလိုက်တယ်။ နဂိုထဲက သွားချင်တာကို မူနေရတာပါ။ နန်းတော်ထဲမှာ ကတော့ ရှေ့တန်းက မင်းစင်မှာကြည့်နေတဲ့ မဟာနာမ် မင်းကြီး၊ အာနန္ဒ မင်းသားနဲ့ အဘယရာဇာ တို့ဟာ ရုပ်သေးဆရာကိုမြင်တော့ ရုတ်တရက် သန်လျက်ဆွဲ၊ ဓားဆွဲ ဖြစ်သွားတယ်။ ပြီးတော့ ရုပ်သေးဆရာကို ဗိမ္မိသာရမင်းကိုမြင်ဖူးလား လို့မေးတယ်။ ရုပ်သေးဆရာက အပြင်မှာ မမြင်ဖူးပါဘူး၊ နာမည်တော့ကြားဖူး တယ်လို့ ပြောတယ်။ (မှန်ထဲမှာပဲ ကိုယ့်ကိုကိုယ်မြင်နိုင်တာ၊ အပြင်မှာ ဘယ်လိုလုပ်ပီး ကိုယ့်ကိုကိုယ်မြင်မလဲ? ဗိမ္မိသာရမင်း ပြောတာမှန်တာပေါ့၊ မုသာဝါဒါ မမြောက်ပါဘူး။) ဒီတော့ မဟာနာမ် မင်းကြီးကသင်ဟာ ဗိမ္မိသာ ရမင်းနဲ့ အလွန်တူကြောင်းပြောတော့ ကျေးဇူးတင်ကြောင်း အရိုအသေပေးပါတယ်။ ဘုရင်ချင်းတူတူမှာ ဥပါဒါနက္ခန္ဓာ ကြောင့်အောက်ကျခံပြီး ဆက်ဆံရတာပါ။

အဲဒီည မှာကတဲ့ ရုပ်သေးဇာတ်ကလည်း အသက်ငယ် ငယ် မိန်းကလေးနဲ့ အသက်ကြီးကြီး အဖိုးကြီးဇာတ်လမ်း ဖြစ်နေတော့ ပါလီ ကိုကြံစည်နေတဲ့ အဘယရာဇာ အတွက် အကြိုက်တွေ့နေပါတယ်။ သူသာ ပါလီ ကိုယူနိုင်ရင်၊ သူက ဝေသာလီ စစ်တပ်ရဲ့အကြီးဆုးံ ရာထူးမို့ လို့ ဝေသာလီ သူရဲကောင်း စစ်သည်တွေအကြား ပါလီကြောင့် အချင်းချင်း ခိုက်ရန်ဖြစ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုတွေ ကိုရပ်တန့်နိုင်မယ်လို့ ယူဆနေပါတယ်။ ရုပ်သေးပွဲပြီးတော့ ရုပ်သေးဆရာဟာ မောပန်းနွမ်း နယ်နေပါတယ်။ တစ်သက်လုံးတစ်ခါမှ ပင်ပင်ပန်းပန်း မလုပ်ဖူးတော့ လက်ပန်းကျတာပေါ့၊ ဒါကြောင့် ရုပ်သေး ရုံထဲ ၀င်ပီး အသာလေး မှိန်းနေ၊နားနေ ပါတယ်။ ဒီအချိန်မှာ သံသယ ဖြစ်နေတဲ့ ပါလီဟာ ဖြုန်းဆိုရုပ်သေးရုံထဲ ၀င်လာပြီး ရုပ်သေးဆရာ ဗိမ္မိသာရမင်း နားလာပြီး တပ်ထားတဲ့ မုတ်ဆိတ်တု၊ နှုတ်ခမ်းမွေးတုတွေကို ဆွဲဖြုတ် လိုက်ပါတယ်။ နဂိုရုပ် ပေါ်လာတဲ့ ဗိမ္မိသာရ မင်းကိုသင်ဘယ်သူလဲ? ဘာကြောင့်ဒီလိုလုပ်ရတာလဲ? စသဖြင့်မေးပါတယ်။ အဲဒီမှာ ဗိမ္မိသာရမင်းက ပါလီအလှကိုမြင်ချင်လွန်း၊ တွေ့ချင်လွန်းလို့ လုပ်ရတာဖြစ်ကြောင်းနဲ့ သူဟာရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်း ဖြစ်ကြောင်းပြောလိုက်တဲ့ အခါမှာတော့ မင်းချင်းတွေကို အော်လိုက်မယ်လို့ ခုနက ပြောခဲ့တဲ့ ပါလီ... အော်ဖို့လည်းမေ့၊ ပြန်သွားဖို့ လည်းမေ့ပြီး၊ နှလုံးသားထဲက တမ်းတခဲ့ရတဲ့ ချစ်သူရဲ့ရင်ခွင်အောက်၊ အသက်ပျောက်သူလို ဖြစ်ခဲ့ရပါပေါ့လား။ ဒီအချိန်မှာပဲ ဝေသာလီမှာ ပါလီနဲ့ ပတ်သက်လို့ အချင်းချင်း သတ်ဖြတ်ပွဲတွေနဲ့ သွေးချောင်းစီးပွဲတွေ ဖြစ်နေပါပီ။ စစ်သည်တွေဟာ ဘယ်လိုမှ အမိန့်ပေးလို့မရအောင် စည်းလုံးမှု တွေပျက်ပြားနေပါတယ်။

ဒီအခါမှာ စိရံဒေ၀၊ သုဒိတ စတဲ့ စစ်အကြီးအကဲ တွေက ဝေသာလီ မပျက်စီးဖို့ နည်းလမ်းတစ်ခုတော့ ရှာရတော့မယ် လို့စဉ်းစားပါတယ်။ ဒါကြောင့်အရေးပေါ် လွှတ်တော် ခေါ်ယူရတော့တယ်။ ပါလီရေ… ဒီအချိန်မှာခံစားရမဲ့ သင့်ဖခင် မဟာနာမ် မင်းကြီးရဲ့ခံစားချက်ကို  ကိုယ်ချင်းစာမိပါရဲ့။ ဘာလို့လဲ ဆိုတော့ ဝေသာလီရဲ့အခြေခံ ဥပဒေ စာအုပ်ဖြစ်တဲ့ ပဝေဏီပေါတ္ထက စာအုပ်၊ စာပိုက် ၁၈ မှာ...... “ဝေသာလီနိုင်ငံ၏ စီးပွါးရေး၊ နိုင်ငံရေး၊အုပ်ချုပ်ရေး ပျက်စီးရာ ပျက်စီးကြောင်းကို လုပ်ဆောင်သူသည် ယောကျာင်္းတစ်ဦးဖြစ်ပါက သတ်စေ၊ မိန်းမ တစ်ဦးဖြစ်ပါက နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာစေ၊ ထိုမိန်းမအား တစ်နေ့ကို ယောကျာင်္း ၃ ယောက်မှ ၅ ယောက်ထိ အခကြေးငွေ ပေး၍ ပျော်ပါးနိုင်၏… လို့ ပါရှိပါတယ်။ ချစ်တဲ့ သမီးနဲ့ နိုင်ငံနဲ့ လဲရတော့မယ်နော်။ အဲဒီ လွှတ်တော်မှာလေ တက်ရောက်လာတဲ့ (၇၇၇၇) ယောက်သော စစ်သည်၊ ဗိုလ်ချေ၊ ကိုယ်စားလှယ်တွေဟာ... အမ္ဗပါလီကို ထုတ်ပေးပါ။ အမ္ဗပါလီ ကိုမြင်ချင်တယ်။ အမ္ဗပါလီကိုစွန့်မလား၊ ဝေသာလီ ကိုစွန့်မလား ဆိုတဲ့ တစ်ခဲနက် အသံနက်တွေနဲ့ သင့်ဖခင်ကို တုန်လှုပ်စေခြဲ့ပီ...။ တိုင်းပြည် ကောင်းစားရေးကို တကယ်လိုလားတ့၊ဲ ပြည်သူတွေကိုချစ်တဲ့ သင့်ဖခင်ဟာလေ သမီးတော် အမ္ဗပါလီကို နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် ကြေငြာခဲ့ရပြီ။ အဲဒီမှာပဲ သင့်ဖခင် ရင်ကွဲနာကျလို့ သွေးအန် သေဆုံးခဲ့ရပြီ... အမ္ဗပါလီ။
စာရေးသူ တကယ်ကို ခံစားရပါတယ်... အမ္ဗပါလီရယ်။ (ဒီအချိန်က စပြီး သင့်ရဲ့နုစဉ် ဘ၀ကအရိယာ ပုဂ္ဂိုလ် ကိုစော်ကားခဲ့တဲ့ ကံဟာ အကျိုးပေးတော့တာပဲ။) ဝေသာလီ ရဲ့တစ်နေရာမှာ ချစ်ရသူနဲ့ ပျော်ရွှင်စွာ နေလို့မှ မကြာသေး၊ အစ်ကိုတော်အာနန္ဒ မင်းသားထံမှ နိုင်ငံပိုင် ပြည့်တန်ဆာ အဖြစ်ကြေငြာကြောင်း စာရခဲ့ပြီ။ ဒီအချိန်မှာ ချစ်သူ ဗိမ္မိသာရမင်းက ရာဇဂြိုလ် ပြန်ပြီး ပါလီ့ကို မိဖုရားမြှောက်ဖို့ မင်းမြောက်တန်ဆာငါးပါး ပြန်ယူနေချိန်ပါ။ ပါလီ ဘာလုပ်ရမလဲ? ဗိမ္မိသာရမင်း နောက်လိုက်သွားရင် ဝေသာလီက ရာဇဂြိုလ်ကို စစ်ဆင်ပြီး တိုက်တော့မယ်။ မလိုက်ပဲ ဒီမှာနေခဲ့ရင်လဲ ဗိမ္မိသာရမင်းက ရန်ဖက်မင်းပီပီ၊ ခုဆို ချစ်သူကိုဆွဲလို့ စစ်ပွဲ နွှဲပြီးတိုက်လိမ့်မယ်။ နှစ်ချက်လုံးဟာ ဝေသာလီ အထိနာမဲ့ နည်းတွေချည်းပါပဲ။ နောက်ဆုံး ဝေသာလီ ကောင်းစားဖို့ ပါလီ မိန်းမမာယာသုံးပြီး ချစ်သူစိတ်နာအောင် လုပ်ရပါတော့တယ်။ မျှော်လင့်ချက်တွေနဲ့ ပြန်ရောက်လာတဲ့ ချစ်သူ၊ ဘုရင့် မင်းမြောက်တန်ဆာတို့နဲ့ အလွန်ကျက်သရေ ရှိတ့၊ဲ ချောမောလှတဲ့ ချစ်သူ၊ ပါလီ အသက်တမျှချစ်ရတဲ့ ချစ်သူကို ပါလီ မပြောချင်ဆုံးစကားတွေကို မူယာမာယာသုံးပြီး ရင်နှစ်မွှာကွဲကာ ချစ်သူမုန်းအောင် ပါလီ ပြောနေရပြီ။ မယုံကြည်နိုင်တဲ့ မျက်လုံးတွေနဲ့ အမုန်းကြီးမုန်းသွားတဲ့၊ စိတ်နာသွားပြီး ထွက်ခွါသွားတဲ့ချစ်သူကို ကြည့်ရင်း ပါလီလဲကျ ကျန်ရစ်ခဲ့ပါပြီ။

တခါ ပါလီ့ရဲ့လေးစားအားကိုးစရာ အစ်ကိုတော် အာနန္ဒ မင်းသားကလည်း သူနဲ့ပါလီဟာ မောင်နှမရင်းတွေ မဟုတ်ကြောင်းပြောပြပြီး ပါလီဟာစံအိမ်တော်မှာ နေခွင့်မရှိတော့ကြောင်း၊ ပါလီ အတွက်သက်သက် အိမ်တစ်ဆောင် နေဖို့ပေးကြောင်းနဲ့ သူကတော့ အဝေးကို ထွက်သွားတော့မှာ ဖြစ်ကြောင်းတွေကို ပြောပါတယ်။ အားကိုးစရာ မကျန်တော့တဲ့ ပါလီဟာ အစ်ကိုတော် အာနန္ဒ မင်းသား ဘယ်သွားမလဲ ဆိုတာသိချင်ခဲ့တယ်။ သင့်အစ်ကိုတော်က သင့်ကို သူဘယ်သွားမလဲဆိုတာ ကိုမပြောနိုင်ခဲ့ပေမဲ့ ဘယ်သူ့ဆီ သွားမလဲ ဆိုတာတော့ ပြောပြခဲ့ပါတယ်။ အာနန္ဒ မင်းသားက.. ငါ စစ်တိုက်ထွက်စဉ်အခါက စစ်မြေပြင်တစ်နေရာမှာ ဂေါတမ ဆိုတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရဖူးတယ်။ သူ့ ကိုငါက မြှားနဲ့ချိန်လိုက်တာကို မရှောင်ပဲ ငါ့ကိုကြည့်ပြီး “လောကမှာ အရာရာတိုင်းကို လက်နက်နဲ့ဖြေရှင်းလို့ မရဘူး၊ ချစ်သား” လို့ပြောတယ်၊ ငါ့ဘ၀မှာ ဂေါတမ မျက်လုံးလောက် ဂရုဏာပြည့်တဲ့ မျက်လုံးမျိုးမတွေ့ဖူးဘူး၊ သူ့ရဲ့အကြည့်ကြောင့် ငါ့လက်ထဲက မြှားဟာလွတ်ကျသွားတယ်။ အခု ငါသူ့ဆီသွားမယ်” လို့ပြောသွားပါတယ်။ ပါလီ့မှာ အားကိုးစရာ ဖခင်လဲ သေဆုံးခဲ့ပြီ။ ချစ်ရတဲ့ ချစ်သူကလည်း စိတ်နာလို့ ပစ်ကာထားခဲ့ပြီ။ နောက်ဆုံး အစ်ကိုတော်ကလည်း အဝေးကို ထွက်သွားခဲ့ပြီ။ ပါလီ ဘယ်သူ့ကို အားကိုးပြီး နေရတော့မှာလဲ?...အိုပါလီ စိတ်ဓါတ်မကျပါဘူး၊ ပါလီရင်မှာ ချစ်သူရဲ့သွေး၊ ကလေးလေးတစ်ယောက် ကျန်သေးတာပဲ။ သားလေးဖြစ်ပါစေလို့ပါလီ ဆုတောင်းပါတယ်။ ရင်ထဲက သားကိုအားပြုပြီး ပါလီ အသက်ဆက်ရှင်မယ်နော်။ သား ကိုယ်ဝန်ဆောင်စဉ် ဆယ်လလုံးမှာ သားလေးဖြစ်စေဖို့ နေ့ရောညပါ ဆုတောင်းနေရပါတယ်။ ဘာလို့လည်းဆိုတော့ ပြည့်တန်ဆာက မွေးလို့သားဖြစ်ရင် ပြစ်ရမယ်။ သမီးဖြစ်ရင် ပြည့်တန်ဆာ ရာထူးဆက်ခံရပါတယ်။ ဒါကြောင့် ပါလီဟာ သူ့လိုအဖြစ်မျိုး မကြုံအောင် သားဆုတောင်းတာပါ။
သူဆုတောင်းတဲ့အတိုင်းပဲ ပါလီ သားလေးကိုမွေးခဲ့ပါတယ်။ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရမင်းရဲ့သား အဇာတသတ် မင်းသားကိုသာ လူသိများကြတာပါ။ ပါလီနဲ့ရတဲ့သား ၀ိမလကောဏ္ဍည ရဟန္တာကိုတော့ သိသူနည်းပါတယ်။ ပါလီ ဟာသူ့ရဲ့ လသားအရွယ် သားလေးကို ချစ်မ၀၊ ကြည့်မ၀ ဖြစ်နေတုန်းမှာပဲ အစ်ကို တော် အာနန္ဒ (ရဟန္တာဖြစ်သွားပြီ) ရောက်လာပါတယ်။ ပါလီ စိတ်ထဲမှာ အစ်ကိုက သူတို့နဲ့ အတူနေဖို့ ပြန်လာတယ်လို့ ထင်နေရှာတယ်။ အားရ ၀မ်းသာနဲ့ သားကိုပြကာ ပျော်နေရှာတဲ့ ပါလီရေ... သင့်ရဲ့ပျော်ရွှင်ခြင်းတွေ မကြာလိုက်ဖူးနော်.. ချစ်မ၀တဲ့ လသားလေး ရဟန္တာ အစ်ကို နောက်ပါသွားခဲ့ရပြန်ပီ။ အရူးတစ်ပိုင်း ဖြစ်ကာ ကျန်ခဲ့ တဲ့ပါလီ၊ ယောကျာင်္းတကာနဲ့ ပျော်ပါးနေရပေမဲ့ ဘယ်လိုမှ မပျော်နိုင်တော့ပါဘူး။ ဒီလိုနဲ့ ၆ နှစ်၊ ခုနှစ် နှစ်လောက်ကြာတဲ့ အချိန် တောထဲမှာ ရဟန္တာ တွေကြားက ၀ိမလကောဏ္ဍည လေးကိုရင်ဘ၀ ရောက်လာပါတယ်။ သူများ ကိုရင်တွေမှာ အချိန်တန်လာတွေ့တဲ့ အဖေ၊ အမေ၊ တွေရှိခဲ့ ပေမဲ့ သူ့ခမျာ ဘယ်သူမှ လာမတွေ့ကြတော့ ဦးကြီးတော် ကိုမေးရှာပါတယ်။ သားရဲ့အဖေဟာ ဘယ်သူလဲ? သားရဲ့အမေက ဘယ်သူလဲ? သားဆီဘာလို့ မလာကြတာလဲ? စသဖြင့်ပေါ့။ ဒီအခါ ဦးကြီးတော်က အဲဒါတွေ မမေးနဲ့ သိစရာ မလိုဘူး၊ ကိုရင်ဆိုတာ တရားအားထုတ်ဖို့ အဓိကပဲ လို့ဆိုပြီး အပြတ်ပြောဆိုလို့ သူ့ခမျာ နောက်ထပ်မ မေးရဲရှာပါဘူး။

တစ်နေ့ ဝေသာလီရဲ့ ဆွမ်းလောင်းပွဲမှာ ၀ိမလကောဏ္ဍညလေး ဆွမ်းခံကြွပါတယ်။ အဲဒီမှာ ဆွမ်းလောင်းနေတဲ့ ပါလီဟာ ကိုရင်လေးကို တွေ့တာနဲ့ သားများလားဆိုပီး သံသယဖြစ်ပါတယ်။ ကိုရင်လေးရဲ့ မျက်နှာ၊ မျက်လုံး၊ မျက်ခုံး အားလုံးဟာ ပါလီနဲ့ ဗိမ္မိသာရ မင်းတို့နဲ့တူပါတယ်။ ကိုရင်လေးကို အဖေဘယ်သူလဲ? အမေဘယ်သူလဲ? ဘယ်ကျောင်းကလဲ?... စသဖြင့် မေးခွန်းတွေစုံအောင် ပါလီမေးမိတယ်။ ကိုရင်လေးက သူကိုယ်တိုင် မသိတာကိုအမေးခံရတော့ စိတ်တိုရှာတယ်။ ဒကာမကြီး၊ သိပ်စကားများတာပဲ၊ ဆွမ်းလောင်းမှာဖြင့် လောင်းပါ လို့ပြောပါတော့တယ်။ တဖြည်းဖြည်း ကိုရင်လေးနဲ့ ပါလီ မျက်မှန်းတန်း လာပါတယ်။ ပါလီက ကိုရင်လေးကို ဒကာမကြီး လို့မခေါ်ပါနဲ့ အမေ လို့ခေါ်ပါလားကွယ်၊ အမေ့မှာကိုရင့် အရွယ် သားလေးတစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ခုချိန်မှာ အဲဒီသားဟာ ဘယ်ရောက်နေမှန်း မသိနိုင်လို့ပါ..လို့ပြောရှာတယ်။ ဒါပေမဲ့ ကိုရင်လေးက.. မခေါ်နိုင်ပါဘူးဗျာ၊ ဒကာမကြီးဟာ ဒကာမကြီးပေါ့.. လို့ခပ်တင်းတင်းပဲ တုံ့ပြန်တယ်။ ဒီလိုနဲ့ နှစ်တွေကြာလာ တော့ တစ်နေ့မှာ ပါလီက ၀ိမလကောဏ္ဍည မထေရ်ကိုအိမ်မှာ ဆွမ်းစားဖိတ်ပါတယ်။ သူ့ စိတ်ထဲမှာ ဒီမထေရ်လေးဟာ မရှိဆင်းရဲလို့ ရဟန်းပြုတယ်လို့ ပုထုစဉ်တွေးတွေးပါတယ်။ သားလိုလဲ သံယောဇဉ် ဖြစ်နေတော့ သပိတ်ထဲကို ဆွမ်းအစား ရတနာတွေ လောင်းပါတယ်။ ဒီရတနာတွေထဲက တစ်လုံးလောက် ရောင်းလိုက်ရင်တောင် တစ်သက်လုံး စားလို့မကုန်ကြောင်း၊ ဒီလို သပိတ်တစ်လုံးနဲ့ လိုက်တောင်း နေစရာ မလိုတော့ကြောင်းပြောတော့ အရိယာ (ရဟန္တာ)ဖြစ်သွားပြီ ဖြစ်တဲ့ ၀ိမလကောဏ္ဍညမထေရ်ဟာ ချက်ချင်းပဲ ရတနာ တွေကို ပြန်သွန်ထုတ်ပါတယ်။ ဓါတ်ခံခြင်းကွာသလို၊ အမြင်ချင်း လည်းဘယ်တူပါတော့မလဲ။ ပြီးတော့ ပါလီ ကိုကြည့်ပြီးပြောပါတယ်။ ကျုပ်ရဲ့ဆရာ မြတ်စွာဘုရားရှင်က သဒ္ဒါ၊ သီလ၊ ဟိရိ၊ သြတ္တပ္ပ၊ သုတ၊ စာဂ၊ ပညာ ဆိုတာကို ရတနာ အစစ်လို့ပြောတယ်။ ခုတွေ့နေတဲ့ ရတနာတွေက အဆိပ်တွေသာ ဖြစ်တယ်လို့ပြောပါတယ်။

လက်မခံငြင်းဆန်ပြီး ပြန်ကြွသွားပါတယ်။ တစ်နေ့မှာ ဦးကြီးတော် အာနန္ဒက ၀ိမလကောဏ္ဍညကို ခေါ်ပြီး တာဝန်ပေးပါတယ်။ ချစ်သား.. မင်း ငါ့ကို အနှစ် နှစ်ဆယ်တိုင်တိုင် မေးခဲ့တဲ့ မင်းအဖေ ဘယ်သူလဲ? မင်းအမေ ဘယ်သူလဲ? ဘယ်တိုင်းပြည်မှာမွေးလဲ? ဆိုတဲ့ မေးခွန်းတွေကို ငါဖြေမယ်။ မင်းဟာ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာ ရမင်းနဲ့ ငါ့နှမ အမ္ဗပါလီ တို့ရဲ့သားပဲလို့ ပြောလိုက်တယ်။ အရင်တုန်းက သူအလွန်တစ်ရာ သိချင်လှတဲ့ မေးခွန်းကို အခု သူသိရပြီ။ ဒါပေမဲ့ အရိယာဖြစ်သွားပြီဖြစ်တဲ့ ၀ိမလကောဏ္ဍညဟာ မတုန်လှုပ်တော့ပါဘူး၊ အတိတ်က ဖြစ်ခဲ့ပြီးသော ဓမ္မာရုံ ဥပါဒါနက္ခန္ဓာ တို့ကို မပြန်တော့၊ အနာဂတ်မှာ မဖြစ်သေးတဲ့ ဓမ္မာရုံ ဥပါဒါ နက္ခန္ဓာ တို့ကိုလည်း မတောင့်တတော့၊ သူ့စိတ်တွေဟာ ဘာအတွက်နဲမျှ မလှုပ်ရှားတော့။ ဦးကြီးတော်က ဆက်ပြီး.. အမ္ဗပါလီကို ဒီနေ့ကျောင်းရောက်အောင် ခေါ်ခဲ့ရမယ်။ သူမပါပဲနဲ့ ပြန်မလာခဲ့နဲ့လို့ မှာပါတယ်။

ဒီလိုနဲ့ ၀ိမလကောဏ္ဍညဟာ အမ္ဗပါလီရဲ့ အိမ်ရှိရာကို အသွား, လမ်းမှာ အမ္ဗပါလီ နဲ့တွေ့ပါတယ်။ ၀ိမလ ကောဏ္ဍညက ပါလီ့ကို အမေ လို့ခေါ်လိုက်တယ်။ သူ အလွန်ကြားချင်တဲ့ စကားတစ်ခွန်းကို ၀ိမလကောဏ္ဍည ဆီက ကြားလိုက်ရတော့ နဂိုကမှ ၀ိမလကောဏ္ဍညကို သားထင်ပီးချစ်တဲ့ ပါလီဟာ အရမ်းကို ပျော်တော့တာ ပေါ့။ ဒါနဲ့ တစ်ခါတည်း သားကို အိမ်ကို ဆွမ်းစားပင့်သွားတော့တာပဲ။ အိမ်ရောက်တော့ ၀ိမလကောဏ္ဍညက အမေ့ကို သားစကားပြောစရာ ရှိတယ်လို့ စပြောတယ်။ ဒီတော့ ပါလီက သားကိုလည်း အမေ ပြောစရာရှိတယ်။ ဘယ်သူ စ ပြောမလဲလို့ သားက မေးတော့… အို…လူသူ မနီး အဝေးကြီးမှာနေတဲ့ သားက လူ့လောက အကြောင်းဘာသိ လို့ စပြောမှာလဲ။ အမေ ဘဲစပြောမယ်.. ဆိုပီး သားဖြစ်သူကို လူထွက်ဖို့ ကစပီး လူ့ဘ၀၊ ကာမဂုဏ် စည်းစိမ် တွေခံစားဖို့ အားရပါးရ ပြောတော့တာပဲ။ ၀ိမလကောဏ္ဍည ပြောဖို့ အခွင့်ကိုမရပဲ ဖြစ်နေပါတယ်။ ဒီတော့ သတိပေးတဲ့ အနေနဲ့ အမေ..အမေ့ကို တရားဟောဖို့ သားလာခဲ့တာပါလို့.. ၀င်ပြောရှာတယ်။ ပါလီဟာ သားစကားကိုကြားတော့ အားရပါးရ ရီတော့တာပဲ။ “သားရယ်..သားလို အသက်(၂၀)အရွယ် ရဟန်းပေါက်စ လေးမပြောနဲ့ ဈာန် အဘိဉာဉ်ရလို့ ကောင်းကင်မှာပျံ နိုင်တဲ့ ရဟန်းကြီးတွေ (ပုထုစဉ် ရဟန်း) လူတကာကို မာယာနဲ့ လှည့်စားနေတဲ့ အမ္ဗပါလီကို ချေချွတ်မယ်ဆိုပြီး ပြတင်းပေါက်ကနေ ကြွလာတယ်။ အမ္ဗပါလီကို မြင်ပြီးတဲ့ ခဏမှာတော့ အမ္ဗပါလီနဲ့ မနေရရင် သေရမှာပါဆိုပြီး နောက်ဆုံး အမေနဲ့အိပ် ဈာန်လျှောပြီး မြေပြင်ကနေ ပြန်သွားကြတယ်။ ဒီတော့ သားရယ်.. အမေပြောတာ ကိုပဲနားထောင်။” အမ္ဗပါလီရဲ့သဏ္ဍန်မှာ ရှေ့ကထိုင်နေတဲ့ သားရဟန်းကို ကြည့်ပြီး အတွေးထဲမှာ အမျိုးမျိုး ပုံဖေါ်တဲ့ ဓမ္မာရုံ ဥပါဒါနက္ခန္ဓာတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။ ပါလီက ၀ိမလကောဏ္ဍညကို သပိတ်မဲကြီး ကို အရင်ဆုံးဖယ်မယ်။ ကိုယ်စားချင်တဲ့ အရသာ မစားရပဲ သူများပေးတာသာ စားရတဲ့ အဖြစ်ကနေ အကောင်း ဆုံး အစားအစာတွေကို ရွေးစားမယ်။ ၀ိမလ ကောဏ္ဍညက နောက်ကော? ပါလီက ပြီးရင် အရောင်မွှဲမွှဲ သင်္ကန်းကြီးကို ပစ်ပီး အကောင်းဆုံး အ၀တ်အစား တွေဆင်မယ်။ နောက်ကော? ပြီးရင် ဆံပင်တွေနဲ့လှ အောင်ပြင်ပြီး အတော်ဆုံး ပန်းချီဆရာခေါ်ပီး ပန်းချီဆွဲ မယ်။ နောက်ကော? ပန်းချီကားကို တစ်ရာ့တစ်ပါးသော မင်းသမီးတွေကို ပို့ပြီး အချောဆုံး မင်းသမီးကိုရွေးပြီး လက်ဆက်စေမယ်။ နောက်ကော? အမေရယ်၊ သားရယ်၊ ချွေးမရယ် မြင်းရှစ်ကောင် ရထားကြီး နဲ့မြို့ကို ပတ်မယ်။ နောက်ကော? ပြီးရင် ဥယျာဉ်ထဲဝင်ပီး ဖျော်ရည် သောက်မယ်၊ အဆို၊ အက၊ အတီး၊ အမှုတ်တွေ နားထောင်မယ်။ နောက်ကော? ဒါနဲ့ မိုးချုပ်တော့ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မနက်ကျတစ်ခါ မြို့ကိုပတ်မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ် အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? မြို့ကိုပတ် မယ်။ ဖျော်ရည်သောက်မယ်၊ နားထောင်မယ်။ အိမ်ပြန်မယ်၊ အိပ်မယ်။ နောက်ကော? အို..နောက်ကျတော့ သားတို့က ကလေးလေး တစ်ယောက်မွေးပေါ့။ အဲဒီ အမေ့မြေးလေးကို သားတုန်းကမထိန်းလိုက်ရတာ ကို အတိုးချပြီး အမေ ထိန်းမယ်။ တဏှာက အမ္ဗပါလီကို အကောင်းတွေချည်း ဆက်ပေးနေပါတယ်။ နောက်ကော? ကလေး တစ်ယောက်ကနေ နှစ်ယောက်... နောက်ကော? နှစ်ယောက်ကနေ သုံးယောက်... နောက်ကော? သုံးယောက်ကနေ လေးယောက်... နောက်ကော? နောက်တော့ အမေလဲ အသက်ကြီးလာတော့ သိပ်ပြီး မသွားနိုင်တော့ဘူးပေါ့.. (လေသံ တစ်ဖြည်းဖြည်း ပျော့ကျလာပါတယ်) နောက်ကော? အမေလဲ အိပ်ရာထဲလဲပြီး ဝေဒနာ ခံရရင်ခံရမှာပေါ့။ နောက်ကော? နောက်တော့ အမေလဲ သဘာဝအတိုင်း သေရမှာပေါ့ သားရယ်။ နောက်ကော?...(အသံမထွက်) နောက်ကော? အမေသေပြီးတဲ့ နောက်ကောလို့ သားမေးနေတယ်လေ.. (အသံမထွက်) ပါလီ မဖြေနိုင်တော့ပါ။ ပါလီ သေပြီးနောက်ဘာတွေ ဖြစ်မလဲ ပါလီ မသိတော့ပါ။ အဲဒီချိန်မှာပဲ သားရဟန်းက ဆတ်ကနဲ ပါလီ့ လက်ကိုဆွဲလို့ မိဂဒါဝုန်တောသို့ ထွက်ခဲ့ပြီပဲ။


ကျောင်းရောက်တာနဲ့ အစ်ကိုတော်က တစ်ခါတည်းဆံချလို့ ထေရီမ အဖြစ်ကို ရောက်ခဲ့ပါတယ်။ ၀ိမလကောဏ္ဍည မထေရ်ဟာ မိခင်ဖြစ်သူ အမ္ဗပါလီကို တရားဟောပါပြီ။ ဟိုးအရင် အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းအရာအားလုံးကို မကြောင့်ကြဖို့၊ မဖြစ်သေးတဲ့ အနာဂတ်ကိုလည်း မတောင့်တဖို့၊ အဆက်မပြတ် ဖြစ်ပျက်နေတဲ့ ဥပါဒါနက္ခန္ဓာ တို့ကို သတိနဲ့ စောင့်ကြည့်ဖို့စတဲ့ တရားအဆုံးမှာ အမ္ဗပါလီ ထေရီမ ရဟန္တာ အဖြစ်သို့ ရောက်ခဲ့ပါပြီ။ ဝေသာလီနဲ့ ရာဇဂြိုလ် ကြားတစ်နေရာမှာ အမ္ဗပါလီ ထေရီမ ငြိမ်းချမ်းရေး တရားဟော
နေပါတယ်။ စစ်ခင်းနေတဲ့ နှစ်နိုင်ငံကြားမှာ ငြိမ်းချမ်းရေး တရားဟောနေတာ ဖြစ်ပါတယ်။ မြောက်များလှစွာသော ပရိသတ်တွေကြားမှာ တစ်ချိန်က အသက်တမျှ ချစ်ခဲ့ဘူးတဲ့ ရာဇဂြိုလ်ပြည့်ရှင် ဗိမ္မိသာရ မင်းလည်းရှိနေ ပါတယ်။ သောတာပန်သာ ဖြစ်သေးတဲ့ ဗိမ္မိသာရ မင်းဟာ အမ္ဗပါလီရဲ့ တရားပွဲမှာ စိတ်လှုပ်ရှားနေပါတယ်။ သူ့ကိုမြင်ရင် မှတ်မိအောင် ရှေ့ဖက်မှာ နေရာယူထားပါတယ်။ အမ္ဗပါလီ ထေရီဟာ တည်ငြိမ်စွာပဲ သူ့ကိုယ်သူ ဥပမာပေးလို့ ဇရာ၊ ဗျာဓိ၊ မရဏ တို့နှိပ်စက်မှုကြောင့် ယိုယွင်းလာတဲ့ သူမ ရဲ့အလှတွေကို ငယ်စဉ်ကနဲ့ နှိုင်းယှဉ်လို့ ဥပါဒါနက္ခန္ဓာ တို့ရဲ့မမြဲမှု အနိစ္စတရားကို နှလုံးသွင်းဆင်ခြင်ဖို့ ပြောနေပါတယ်။ တရားပွဲအပြီးမှာ မအောင့်နိုင်တော့တဲ့ ဗိမ္မိသာရမင်းက အမ္ဗပါလီကို မောင်တော်လေတစ်ခါက ရုပ်သေးဆရာ ယောင်ဆောင်ပြီး ပါလီ ဆီလာခဲ့တဲ့မောင်တော်ကို မမှတ်မိတော့ဘူးလား? လို့ မေးမိတယ်။ ရဟန္တာ ဖြစ်သွားပီဖြစ်တဲ့ အမ္ဗပါလီ ထေရီက “အရိယာတစ်ယောက် အဖို့ လူတွေနဲ့ ဆက်ဆံတဲ့အခါ သူက ရှင်ဘုရင်၊ သူက ဆင်းရဲသား၊ သူက ၀န်ကြီး၊ သူက ကချေသည်၊ သူက သူဋ္ဌေး၊ သူက သူတောင်းစား ဆိုတဲ့ အမြင်မျိုး မရှိတော့ပါ။ အားလုံးကို တစ်တန်းတည်းတူတူ သာမြင်ပါတော့တယ်” လို့ဖြေပါတယ်။ ဗိမ္မိသာရ မင်းလည်း အမ္ဗပါလီရဲ့ ဉာဏ်အဆင့်ကို ခန့်မှန်းတတ်လို့ နောက်ဆုတ်ပြီး ပြန်ခဲ့ပါတော့တယ်။

ပါလီရေ.... သင့်ရဲ့ဘ၀က မလှပခဲ့ပေမယ့်  အားအကျဆုံး အရဟတ္တမဂ်ကို သင်ရခဲပါတယ်။ ငယ်စဉ်အတွေးနဲ့ဆို သင့်ရဲ့ အလှတရားတွေ ကိုလည်းကျွန်မ အားကျမိပါရဲ့။ ဘုရားရှင်ကတောင် သင်ကျောင်းတော်ကို လာမယ်ဆိုလို့ အရိယာမဟုတ်သေးတဲ့ သံဃာတော်တွေကို သင်မလာခင် သတိပဋ္ဌာန်တရားကို ကြိုပွါးခိုင်းထားရတဲ့ထိ သင်လှနိုင်ရက်တယ်နော်။ မိန်းမချင်းတောင် မနာလိုရလောက်အောင်လှတဲ့၊ ယောကျာင်္းဆို အရိယာ မဟုတ်ရင် သင့်ရှေ့ ဖြတ်မလျှောက်ရဲအောင် ဆွဲဆောင်အားကြီးတဲ့ သင့်ရဲ့အလှဟာ လူတကာကို ပူလောင်စေခဲ့တယ်နော်။ သင်ဘာလို့ အဲဒီလောက် လှရတာလဲ? ဘယ်ကံက အကျိုးပေးလို့လဲ? လို့ အတိတ်ကို ပြန်ဆောင်တော့... ဘ၀ တစ်ခုမှာ သင်ဟာ ဘိက္ခူနီမ ဖြစ်ပြီး ဘုရားကျောင်းမြေတွေမှာ သန့်ရှင်းရေး လုပ်ခဲ့တဲ့ ကုသိုလ်ကြောင့် ဆိုတာတွေ့ရတယ်။ အဲဒီ ဘ၀မှာပဲ သင်ဟာ အရိယာ ဘိက္ခူနီမ တစ်ယောက် တံတွေးထွေး လိုက်တာကို သန့်ရှင်းရင်း ပါးစပ်ကလည်း “ဘယ် ပြည့်တန်ဆာမ ထွေးသွားတာလဲ? ဆိုပြီးပြောလိုက်မိတယ်။ သင်ဟာအဲဒီ ဘ၀မှ နောက် ဘ၀ပေါင်း များစွာမှာ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။ အခု နောက်ဆုံးဘ၀ထိပါပဲ။ အရိယာကို ပြစ်မှားမိတဲ့ ကံထိုက်တယ်လို့ ခေါ်ပါတယ်။ အရဟတ္တမဂ်ကို ရတာကလည်း ဘ၀များစွာမှာ သင်ဟာ ဘိက္ခူနီမ အဖြစ် စရဏ တရားတွေကို ကျင့်ကြံခဲ့လို့ ဒီဘ၀မှာ အားပြည့်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်တာဖြစ်တယ်။ ဒါကြောင့်လေ တစ်ယောက်နဲ့ တစ်ယောက် မပြစ်မှားတာ ကောင်းတယ်။ သူများအပြစ်ကို ဆီလို အပေါက်ရှာတတ်တဲ့ သူတွေဟာ ပိုပြစ်မှား မိတတ်ကြတယ်။ ကိုယ်လုပ်နိုင်ရင် လုပ်လိုက်၊ မလုပ်နိုင်ရင် မျက်နှာလွှဲလိုက်တာ ကောင်းတယ်။ ကုသိုလ်မရရင်တောင် အကုသိုလ်တော့ မယူနဲ့ပေါ့။ ကိုယ်ပြောလိုက်၊ ပြစ်မှားလိုက်တဲ့ သူဟာ အရိယာဟုတ်၊ မဟုတ် ဘယ်လို သိနိုင်မှာလဲ။ အရိယာ ဆိုတာ ဆိုင်းဘုတ်ချိတ်ထား တာလဲမဟုတ်။ တစ်ခါတစ်လေ ကာယကံရှင်တောင် သူ့ကိုယ်သူ အရိယာ ဖြစ်မဖြစ် သိချင်မှသိကြတာ။ ဒါကပညာအလုပ်၊ ဉာဏ်အလုပ်မဟုတ်လား။ ဗီဇစရိုက်၊ အထုံဆိုတာက ဖျောက်ဖို့ အခက်သားနော်။ အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်တောင် မြောင်းတွေ့တော့ ခုန်မိသေးတာပဲ။ အရိယာဖြစ်ပြီး အပြော ကြမ်းတဲ့သူလည်း ရှိနိုင်တယ်နော်။ ဘယ်သူ့ကိုမှ လျှော့မတွက်ပဲ လေးစားတာ အကောင်းဆုံးပဲနော်။

အရှင်မ အမ္ဗပါလီရေ... သင့်ကို  ကျေးဇူးတင်ပါတယ်။ သင်သွားရာ လမ်းကိုလိုက်ဖို့ ကြိုးစား နေပါ တယ်။ တစ်ချိန်မှာတော့ သင့်လိုပဲ ရောက်မှာပေါ့နော်။

ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောကြားသော “ဝေသာလီ လှဧကရီ အမ္ဗပါလီ၏ ဘ၀ဆည်းဆာ” တရားတော်ကို မှီငြမ်းရေးသားပါသည်။

Sunday, October 9, 2011

သာသနာနဲ့ သာသနာပြု

သာသနာက ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာလို့ သုံးရပ်ရှိတယ်။ တစ်နည်း ယထာပရာဓသာသနာ၊ ယထာနုလောမသာသနာ၊ ယထာဓမ္မသာသနာလို့ သုံးရပ်ရှိတယ်။
ပရိယတ္တိသာသနာဆိုတာ ဘုရားဟော ထားခဲ့တဲ့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်ဆိုတဲ့ ပိဋကတ်စာပေတွေကို သင်ယူခြင်း၊ လေ့လာခြင်း၊ မှတ်သားခြင်း၊ သင်ကြားပို့ချခြင်း၊ ဟောပြောခြင်း၊ နှုတ်ငုံဆောင်ထားခြင်း တို့ကိုခေါ်တယ်။
ပဋိပတ္တိသာသနာဆိုတာကတော့ ဘုရားဟောထား၊ ဆုံးမထားတဲ့ တရားတော်အတိုင်း လိုက်နာကျင့်ကြံ၊ အားထုတ်ခြင်းကိုခေါ်တယ်။ ပဋိဝေဓသာသနာ ဆိုတာကတော့ အပတ်တကုတ်ကျင့်ကြံ အားထုတ်လို့ မဂ်ဖိုလ် နိဗ္ဗာန်တရားတွေကို ထိုးထွင်း သိခြင်းပဲ။
သီလသာသနာဆိုတာ လူတွေမှာ ငါးပါး သီလ၊ ရှစ်ပါးသီလ။ ရဟန်းတော်တွေမှာ ၂၂၇ သွယ် ရှိတဲ့ သိက္ခာပုဒ်သီလတွေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာခြင်းပဲ။ သမာဓိသာသနာဆိုတာ ဘုရားရှိခိုးခြင်း၊ ဂုဏ်တော်ပွားခြင်း၊ ပုတီးစိတ်ခြင်းစတဲ့ စိတ်အေးငြိမ်းကြောင်း၊ စိတ်တည်ငြိမ်ကြောင်း သမာဓိလုပ်ငန်းတွေကို လုပ်ခြင်းပဲ။ ပညာသာသနာ ဆိုတာကတော့ ၀ိပဿနာအလုပ်ကိုအားထုတ်လို့ ရုပ်နာမ်ကိုသိခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုမြင်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ကို သိမြင်ခြင်းပဲ။

ယထာပရာဓသာသနာဆိုတာ အပြစ်ရှိတဲ့ သတ္တ၀ါတွေ အပြစ်အားလျော်စွာ ဆုံးမထားတဲ့ ၀ိနည်းပိဋကတ်ကိုခေါ်တာ။ ယထာနုလောမ သာသနာဆိုတာ သတ္တ၀ါတွေရဲ့ အလိုဆန္ဒ အဇ္ဈာသယ၊ ကိန်းဝပ်နေတဲ့ အနုသယအားလျော်စွာ ဟောကြားဆုံးမထားတဲ့ သုတ္တန်ပိဋကတ်ကိုခေါ်တာ။ ယထာဓမ္မသာသနာဆိုတာ ရုပ်အစုအဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိတဲ့ ဒီခန္ဓာကြီးကို ငါ၊ ငါလို့ထင်မှတ်နေတဲ့ သတ္တ၀ါ တွေကို ရုပ်အစု အဝေး၊ နာမ်အစုအဝေး၊ ရုပ်အပုံ နာမ်အပုံမျှသာရှိ ပါလားလို့ထင်အောင်မြင်အောင် ဆုံးမ၊ ဟောကြားထားတဲ့ အဘိဓမ္မာပိဋကတ်ကိုခေါ်တာ။
တစ်ခွန်းတည်းခြုံပြောရရင်တော့ သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမစကားတော်၊ မိန့်ခွန်းတော်၊ နှုတ်ခပတ်တော်၊ ပညတ်တော်ပါပဲ။
သာသနာပြုတယ်ဆိုတဲ့ ဝေါဟာရဟာ ဒီခေတ်ထဲမှာ ဖောဖောသီသီ လှိုင်လှိုင်ကြီးကို သုံးစွဲ နေကြတာပဲ။ ဘုရားဖူး သာသနာပြုအဖွဲ့တဲ့။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုတာလို အများစုဟာ ဘုရားဖူး နာမည်ခံပြီး အပျော်အပါးထွက်ကြတာ များတာပါ။ အလုပ်တွေ၊ တာဝန်တွေနဲ့ ဖိအားတွေများတော့ စိတ်ထွက်ပေါက်တစ်ခု အနေနဲ့ ဘုရားဖူးနာမည်ခံပြီး လွပ်လပ်မှုတစ်ခု ရှာကြတာ၊ ခံစားကြတာ များတာပါ။
ကျေးဇူးတော်ရှင် တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော်ဘုရားက သာသနာဆိုတာ အဆောက် အဦးကို ခေါ်တာ မဟုတ်ဘူးလို့ မိန့်ခဲ့တယ်။ ဒါကြောင့် သာသနာဆိုတာ ဘုရားမဟုတ်ဘူး။ စေတီမဟုတ်ဘူး၊ ပုထိုးမဟုတ်ဘူး။ ကျောင်းမဟုတ်ဘူး။ ကန်မဟုတ်ဘူး။ သာသနာဆိုတာ ဘုရား အဆုံးအမကိုခေါ်တာ။
ဘုရားတည်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ကိုယ် သူတို့ သာသနာပြုလိုင်းတဲ့။ သာသနာပြုပုဂ္ဂိုလ်တဲ့။ မဟာဂန္ဓာရုံဆရာတော်ဘုရားရဲ့အလိုဆိုရင် ဟုတ်၊ မဟုတ် စဉ်းစားကြည့်ပေါ့။ ဘုရားမရှိတဲ့အရပ်မှာ ဘုရားတည် တာကောင်းပါတယ်။ ဘုရားရှိပြီးသား အရပ်မှာတော့ နောက်ထပ်အသစ်တည်ဖို့မလိုပါဘူး။ ဘုရားထက်အရေး ကြီးတာတွေ အများကြီးရှိ ပါသေးတယ်။
ကိုယ့်ဖယောင်းတိုင်မှာ မီးတောက် မရှိဘဲ တခြားဖယောင်းတိုင်ကို မီးကူးပေးလို့ မရဘူး။ ဒီလိုပဲ.. ကိုယ့်သန္ဓာန်မှာ သာသနာ မရှိဘဲ သူများကို သာသနာပြုလို့မရဘူး။ သာသနာပြုတယ်ဆိုတာ လူတိုင်းနဲ့ တန်တာ မှတ်လို့။
နိုင်ငံရပ်ခြား သာသနာပြုထွက်ကြတယ်။ ကောင်းပါတယ်။ ပဏ္ဍိတာရာမ ဆရာတော်ဘုရား ကတော့ သာသနာပြုဆိုတဲ့ ဝေါဟာရကြီးဟာ ကြီး ကျယ်လွန်းလို့ မသုံးရဘူး။ ပြည်ပသွားတာ ဓမ္မဒူတခရီးလို့ပဲ အမည်တပ်တယ်။
ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုကြတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ။ ဒါကြောင့် နံပါတ်တစ် သာသနာပြုပုဂ္ဂိုလ်စစ်စစ်ဟာ စာချပုဂ္ဂိုလ်ပဲ။ ဒီနောက်မှာတော့ တရားဟော၊ တရားပြပုဂ္ဂိုလ်တွေပေါ့။
ပရိယတ္တိက ရေကန်ကြီးရဲ့ ကန်ဘောင်နဲ့တူတယ်။ ပဋိပတ္တိက ရေကန်ထဲက ရေတွေနဲ့တူတယ်။ ပဋိဝေဓက ရေကန်ထဲက ပွင့်နေတဲ့ကြာမျိုး ငါးပါးနဲ့တူတယ်။ ပရိယတ္တိ ကန်ဘောင်ခိုင်မှ၊ ကောင်းမှ၊ လုံခြုံမှ၊ ပဋိပတ္တိရေတွေ ကြာရှည်တည်တံ့နိုင်တယ်။ ပဋိပတ္တိရေတွေ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း တည်ရှိမှ ပဋိဝေဓ ကြာပန်းတို့ပွင့်လန်းနိုင်တယ်။

Wednesday, October 5, 2011

တရားအားထုတ်တယ် ဆိုရာဝယ်

ဗုဒ္ဓမြတ်စွာဟောကြားခဲ့ တရားဓမ္မများကို လိုက်နာကျင့်သုံးသူတွေသည် လောကီ လောကုတ် နှစ်ဖြာသော ကောင်းကျိုးချမ်းသာကို ရရှိစေနိုင်ပါတယ်။ ဘ၀နေထိုင်ရာမှာ ချမ်းသာရုံမကပဲ သံသရာဘေးဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်အောင်လည်း ကျေးဇူးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က အလုံးစုံသော ကောင်းကျိုးချမ်းသာကို ဆောင်ယူနိုင်တယ်ဆိုတာ သက်ဝင်ယုံကြည်ကြတဲ့ အတွက်ကြောင့် ဘုရားရှင်ဟောကြားခဲ့တဲ့ တရားနည်းလမ်းများ အတိုင်း လိုက်နာအားထုတ် နေကြတာပါ။ တရားဓမ္မများကို မေ့လျော့ပြီး နေချင်သလိုနေ၊ လုပ်ချင်တာကို ရမ်းလုပ်နေကြတယ်ဆိုရင်တော့ တရားဓမ္မတွေကို အမှန်တကယ်ပဲ မယုံကြည် သေးဘူးလို့ အရိုးသားဆုံး ပြောရမှာပါပဲ။ တချို့က ပြောကြတယ်။ “ငါတို့က တရားဆိုတာဘာလဲ သိတယ်၊ ဒါန၊ သီလ၊ ဘာဝနာ ဆိုတာ ဘယ်လိုလဲသိတယ်၊ မလုပ်နိုင်သေးလို့ မလုပ်သေးတာ” စသဖြင့်ပေါ့။ လက်ရှိနေ နေတဲ့ အချိန်ကျတော့လည်း တနေ့ထက် တနေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အစရှိတဲ့ ကိလေသာတွေကလည်း လျော့နည်းမသွားကြဘူး။ အဲလို ဖြစ်နေကြတယ်ဆိုတော့ တရားနဲ့နေတယ်၊ တရားအားထုတ်ကြတယ်ဆိုတာ ဘာအတွက်ကြောင့်လဲ? ဘယ်လိုတွေ ကျင့်မှ တရားအားထုတ်ကြတယ်။ တရားနဲ့ နေတယ်လို့ ဆိုကြမလဲ?။ တွေးကြည့်စေချင်ပါတယ်။

တရားအားထုတ်ကြတယ် ဆိုတော့လည်း လူတွေအများစုက တရားထိုင်နေမှ အားထုတ်နေတာလို့ လက်ခံထား ကြတယ်။ တရားမထိုင်ရင်ပဲ တရားအားထုတ်တာ မဟုတ်သေးဘူးလို့ မြင်ကြတယ်။ ထိုင်တိုင်းရော တရားရသွားလားလို့ ပြန်တွေးကြည့်စရာ ရှိပါတယ်။ တရားထိုင်ရင်း လောဘ၊ ဒေါသ ဖြစ်နေတာတွေ ရှိပါတယ်။ ထိုင်မှပဲ ကောင်းတဲ့ အာရုံလေးတွေ ပုံဖော်စိတ်ကူးလို့ ပျော်နေတာတွေလည်း ရှိတာပါပဲ။ မကျေနပ်တာတွေ တွေးမိလို့ပဲ ဖြစ်ဖြစ်၊ ခြေထောက်က နာလို့၊ ကျင်လို့ပဲ ဖြစ်ဖြစ်၊ ငါ့စိတ်တွေ တည်ငြိမ်မှု မရသေးဘူးဆိုပြီး မကျေနပ်လို့ ဒေါသဖြစ်ရတာတွေလည်း ရှိကြတာပါပဲ။ တရားအားထုတ်တယ်ဆိုတာ အရှင်းဆုံးပြောရရင် ကိလေသာ နည်းပါးအောင်၊ ကုန်ဆုံးသွားအောင် ကျင့်ကြံတာပါပဲ။ လောဘ၊ ဒေါသ ဆိုတာတွေ ဖြစ်နေသေးတယ်ဆိုရင် တရားမဟုတ်သေးဘူးလို့ ဆုံးဖြတ်ထားရမယ်။ ဒါကြောင့် တရားထိုင်နေတိုင်း တရားမဟုတ်သေးဘူးလို့ နားလည်ဖို့ လိုအပ်ပါတယ်။ တရားမထိုင်းတိုင်းလည်း တရားမရဘူးလို့ ယုံကြည်မထားရပါဘူး။ ဘုရာရှင် ရှိစဉ်က သာဝတ္ထိပြည် လူ(၉)ကုဋေရှိရာမှာ (၇)ကုဋေသည် အရိယာဖြစ်ပါတယ်။ နေ့စဉ် နေစဉ်မှာ သီလတွေ စောင့်ထိန်းပြီး လောဘ၊ ဒေါသနည်းအောင် ကျင့်ကြံကြရင်းနဲ့ တရားရသွားကြတာပါပဲ။

တရားကျင့်ရာမှာ ၀ိပဿနာယာနိက၊ သမထယာနိက ဆိုပြီးရှိပါတယ်။ သမထယာဉ် သပ်သပ် စီးသွားရင်နိဗ္ဗာန် မရောက်နိုင်သေးပါဘူး။ သမထယာဉ်စီးပြီး ၀ိပဿနာယာဉ်ကို ပြောင်းစီးလိုက်တာနဲ့ အဲဒီ ၀ိပဿနာယာဉ်က တဆင့် အရိယာမဂ္ဂင်ယာဉ်ကို ရောက်သွားပါတယ်။ အဲဒါနဲ့ပဲ နိဗ္ဗာန်ရောက်တာပါပဲ။ ဒီတော့ သမထပဲ အရင် အားထုတ်ရမှာလား မေးစရာရှိပါတယ်။ တချို့က ၀ိပဿနာ သပ်သပ်ပဲ အားထုတ်ကြတယ်။ ဈာန်တွေ၊ အဘိဉာဉ်တွေ မရကြဘူး။ ဒါပေမယ့် နိဗ္ဗာန်ရောက်သွားပါတယ်။ စာပေတွေမှာတော့ အဋ္ဌကထာ ဆရာတော် ကြီးတွေက သမာဓိဘာဝနာ၊ ပညာဘာဝနာ၊ သမာဓိ ပညာနှစ်မျိုးလုံး တွဲတဲ့ ဘာဝနာလို့ သုံးမျိုးပြပါတယ်။ ရှင်းအောင်ပြောရရင် သမထ အားထုတ်ပြီးမှ ၀ိပဿနာ အားထုတ်လို့ရတယ်။ သမထချည်းပဲ အားထုတ်လို့ ရတယ်။ ၀ိပဿနာချည်းပဲ အားထုတ်လို့ရတယ်။ ၀ိပဿနာ အားထုတ်ပြီးမှ သမထ အားထုတ်လို့လည်း ရတယ်။ သမထချည်းပဲ အားထုတ်ရင်မြေလျှိုး၊ မိုးပျံတဲ့ အထိတော့ ရတယ်။ ဒါပေမယ့် သောတပန်တောင် မဖြစ်ဘူး။ ၀ိပဿနာချည်းပဲ အားထုတ်ရင် ရဟန္တာတော့ ဖြစ်တယ်။ ဒါပေမယ့် ဈာန်တွေ အဘိဉာဉ်တွေ မရဘူး။ ဒါကို ဆရာတော်ကြီးတွေက မြေလျှောက်ရဟန္တာလို့ သုံးကြပါတယ်။

မိမိတို့ကိုယ်တိုင် ဘယ်လိုအားထုတ်ကြမလဲ ဆိုတာတော့ ကိုယ်တိုင် ရွေးချယ်ထားကြမှာပါ။ သမထ အားထုတ် ရင်လည်း စရိုက်ကို ကြည့်ပြီး အားထုတ်ရတဲ့ ကမ္မဌာန်းတွေကို ဟောခဲ့ပါတယ်။ (လောဘစရိုက်များရင် အသုဘကမ္မဌာန်းရှု။ ဒေါသစရိုက်များရင် မေတ္တာဘာဝနာပွား။ မောဟစရိုက်များရင် မရဏနုဿတိပွား။ သဒ္ဓါစရိုက်များရင် ဗုဒ္ဓါနုဿတိပွား။ ၀ိတက်စရိုက်များရင် အာနာပါနကမ္မဌာန်း။ ပညာစရိုက်များရင် ဓာတ်ကြီး လေးပါးရှု)။ ၀ိပဿနာ ဆိုတာကျတော့ ပညတ်နှင့် ပရမတ် ကွဲကွဲပြားပြား သိအောင် ကြားနာမှတ်သားပြီးမှ၊ ပရမတ်ရဲ့ သဘာဝကို လက်တွေ့မြင်အောင် ရှုခြင်းဖြစ်ပါတယ်။

နိဗ္ဗာန်နဲ့ သံသရာဟာ တဆက်တည်းမှာ ရှိပါတယ်။ သူတို့ နှစ်ခုဟာ ကမ်းပါး နှစ်ခုလိုပါပဲ။ အဲဒီ နှစ်ခုကြားထဲမှာ ကိလေသာဆိုတဲ့ ရေက ကြားခံနေတဲ့ အတွက်ကြောင့် ကမ်းနှစ်ခုဟာ မနီးစပ်နိုင်ပဲ ဖြစ်နေတာပါ။ ကိလေသာက ချောင်းရေ ပမာဏ လောက်ရှိရင် ကမ်းနှစ်ခုက နီးမယ်။ မြစ်လောက်ရှိရင် ပိုဝေးမယ်။ ပင်လယ်ကြီးလောက်ရှိ ရင်တော့ ကမ်းနှစ်ခုက ပိုပြီးဝေးမှာပေါ့။ ရေလုံးဝမရှိတော့ရင် ကမ်းနှစ်ခုက တဆက်တည်းဖြစ်သွားမယ်။ ရေဆိုတာက ကိလေသာကို ဆိုလိုတာပါ။ ဒီတော့ ရေတွေကုန်မှ ကမ်းနှစ်ခု ထိစပ်ရမှာ ဖြစ်သလို ကိလေသာကုန်မှလည်း သံသရာကနေ နိဗ္ဗာန်ကို ထိတွေ့ခွင့်ရမှာပါ။ တရားအလုပ် အားထုတ်ကြတယ်ဆိုတာ ရေနဲ့တူတဲ့ ကိလေသာတွေကို ကုန်ဆုံးအောင် လုပ်နေကြရတာပါ။ တနေ့ထက် တနေ့ ကိလေသာတွေ ပါးလာမယ်ဆိုရင်ပဲ တရားလုပ်နေတာပါ။ ကိလေသာ မဖြစ်တော့ပဲ ကုသိုလ်တွေဖြစ်နေရင် တရားလုပ်နေတာပါပဲ။ ဒါကြောင့် လျောင်း၊ ထိုင်၊ ရပ်၊ သွား စတဲ့ အမူအယာတိုင်းမှာ လောဘ၊ ဒေါသ၊ မောဟ မဖြစ်ဖို့ နေသွားဖို့ အဓိကကျပါတယ်။

ဓမ္မတွေကို အားထုတ်ရာမှာလည်း သီလ၊ သမာဓိ၊ ပညာ အစဉ်အတိုင်းသွားရပါတယ်။ သီလဆိုတာလည်း လူ့ရဲ့ ခါးဝတ်ပုဆိုးလို ဥပမာပေးကြပါတယ်။ အခြေခံအားဖြင့် ငါးပါးသီလကို လူတိုင်းစောင့်ထိန်းရပါမယ်။ တရားအား ထုတ်မယ်ဆိုတော့ တရားထိုင်မှပဲလို့ စဉ်းစားကြတာများပါတယ်။ အခြေခံ သီလတရားကိုမှ လုံအောင် မစောင့် ထိန်းသေးပဲ တရားအားထုတ်ရင် တရားရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒီနေရာမှာက ဓမ္မနည်းလမ်းတကျ ပြောခြင်း ပါ။ ဘုရားရှင်လက်ထပ်က သန္တတိအမတ်၊ အင်္ဂုလိမာလတို့လို သီလတွေ ဖောက်ဖျက်ပြီးတော့မှ တရားရသွားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးပါတယ်။ အဲလို ပါရမီရှင်တွေ ဖြစ်ဖို့ဆိုတာတော့ အင်မတန် ခက်ခဲပါတယ်။ ၀ိပဿနာ၊ သမထ တွေလုပ်နေတယ်ဆိုပြီး သီလမရှိသေးရင် ပုဆိုးမနိုင်ပဲ အမြင့်ကို ခုန်လှမ်းနေတာနဲ့ တူပါလိမ့်မယ်။ ၀ိပဿနာသာ အဓိက ဒါန၊ သီလတွေ မလိုပါဘူးလို့ ဆိုကြရင်လည်း ဘုရားရှင်ဟောကြားခဲ့တဲ့ ဒါန၊ သီလ တရားတွေကို သွယ်ဝိုက်တဲ့နည်းနဲ့ မလိုအပ်ပဲ ဟောခဲ့တယ်လို့ ပြောရာရောက်ပါတယ်။ ဘုရားရှင် (၄၅)၀ါ ကာလပတ်လုံးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားတွေပဲ ဟောတာဖြစ်ခြင်းကြောင့် တရားတိုင်းဟာ သစ္စာထိုက် ပါတယ်။ ဒါကြောင့် ဒါန၊ သီလ အလုပ်တွေသည်လည်းပဲ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ဒီအမှု တွေ အပေါ်မှာ ဒိဋ္ဌိ၊ တဏှာ၊ မာန ဆိုတဲ့ သံသရာ နယ်ချဲ့တဲ့ ပပဉ္စတရားတွေ မကပ်ငြိဖို့ လိုတာပါ။ မိုးကုတ်ဆရာတော် ဘုရားကြီးကလည်း ဒါန၊ သီလ လုပ်ရမှာ ရမ်းပြီး မလုပ်ကြဖို့ သတိပေးတာပါ။ သစ္စာသိပြီး လုပ်မယ် ဆိုရင် ခန္ဓာကို ရောင်းပြီး ဒါန ပြုပါလို့ မိန့်တော်မူခဲ့ပါတယ်။

မိမိတို့တွေ အတွက် အားကိုးစရာ တရားလက်မဲ့ မဖြစ်ဖို့၊ တရားရှိထားဖို့ အတွက် တရားတော်တွေကို အရင်ဆုံး နာယူ၊ ဖတ်မှတ်လေ့လာ သင့်ပါတယ်။ တရားတော်ကို နာယူနေတာလည်းပဲ တရားအားထုတ်တာပါပဲ။ နှလုံးသွင်းမှန်ဖို့တော့ အဓိက ကျတာပေါ့။ တရားကို အပြစ်ရှာတဲ့ ပုံစံနဲ့ ဆိုရင်တော့ ဘုရားရှင် ဟောနေလည်း တရားရမှာ မဟုတ်ပါဘူး။ ရိုသေကြည်ညိုစွာနဲ့ နာမယ်ဆိုရင် တရားတော်ကို လိုက်ပြီးတွေးတော စဉ်းစားနေတာ ဖြစ်လို့ ဒေသနာဉာဏ် ဖြစ်နေပါတယ်။ မိမိသန္တာန်မှာ စိတ်အေးချမ်းမှု ဖြစ်နေတဲ့ အတွက်ကြောင့် ကုသိုလ် စိတ်ဖြစ်ပါတယ်။ ကာလေန ဓမ္မဿဝနံ ဧတံ မင်္ဂလ မုတ္တမံ ဆိုတဲ့ အတိုင်း မင်္ဂလာရှိတဲ့ အချိန်ဖြစ်နေပါတယ်။ ပုညကိရိယာ ၀တ္ထုဆယ်ပါးမှာ ဓမ္မသ၀န ဆိုတဲ့ တရားနာခြင်း ပါပါတယ်။ ဘုရားရှင် ဟောခဲ့တဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချနည်း လေးမျိုးမှာ ကာလေနဓမ္မသာဝနာ ဆိုတဲ့ အချိန်အားလျော်စွာ တရားနာခြင်းသည်လည်း တစ်ပါး ပါဝင်ပါတယ်။ ဒါကြောင့် တရားနာနေတာသည် ဘုရားရှင်ရဲ့ အဆုံးအမကို လိုက်နာနေရာ ရောက်ပါတယ်။ ကုသိုလ် ဖြစ်ခြင်း၊ ဘုရားဆုံးမတဲ့အတိုင်း နေထိုင်ခြင်းကို တရားအားထုတ်တယ်လို့ သိရှိနားလည်စေချင်ပါတယ်။

အဖိုးတန်တဲ့ လူ့ဘ၀ ကာလတိုတိုလေးမှာ အဖိုးအတန်ုဆုံးသော သာသနာရဲ့ အနှစ်သာရကို ရရှိခံစားနိုင်ပြီး ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာကို ရနိုင် ရောက်နိုင်ကြပါစေ…

Monday, October 3, 2011

သာမဏေငယ်များနှင့် အနာဂတ်သာသနာ၊

In new window                                                   
သာမဏေငယ်များနှင့် အနာဂတ်သာသနာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသော သံဃာတော် အရှင်မြတ်တို့၏ ကျေးဇူးတော်ကြောင့် တရားဓမ္မများကို ယနေ့တိုင် သတ္တ၀ါအားလုံး လိုက်နာကျင့်ကြံ အားထုတ်နိုင် ခြင်းဖြစ်ပါတယ်။ ယခုလို သာသနာတော်နှင့် တွေ့ကြုံနေစဉ်မှာပဲ မိမိတို့ကိုယ်တိုင် လိုက်နာကြဖို့ လိုအပ်သလို၊ နောင်အနာဂတ်အတွက် သာသနာတော်ကို မိမိတို့ စွမ်းနိုင်သည့်ဘက်မှ ထိန်းသိမ်းစောင့်ရှောက် သင့်သည့်ဟု ခံယူမိပါတယ်။ သံဃာတော် အရှင်သူမြတ်များသည် ဂန္ထဓုရ= စာပေသင်ကြားပို့ချခြင်းနှင့် ၀ိပဿနာဓုရ= တရားတော်အတိုင်း ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ တာဝန်နှစ်ရပ်ကို စွမ်းဆောင်နေကြဆဲ ဖြစ်ပါတယ်။ သာသနာတော် ဆိုရာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာဟု သုံးရပ် ရှိပါတယ်။ “ပရိယတ္တိ ယေ၀ ဟိ သာသ နဿ မူလံ” ဆိုသည့်အတိုင်း ပရိယတ္တိသည် သာသနာတော်၏ အခြေခံမူလ ပဓာန ဖြစ်ပါတယ်။ ယနေ့ စာချဆရာတော်၊ တိုက်အုပ်ဆရာတော်၊ တရားဟော ဆရာတော်တို့သည် တစ်ခါက သာမဏေ ငယ်လေးများ သာဖြစ်ပါတယ်။ သာမဏေငယ်များဘ၀မှ စတင်ပြီး ဆရာရင်းများထံမှာ သင်အံမပျက်လေ့ကျက်နာယူ မှတ်သားလာခဲ့ရာမှ အောင်မြင်ကျော်ကြားတဲ့ သာသနာ့အကျိုးကို သယ်ပိုးခွင့်ရသော ဆရာတော်များဘ၀သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်ပါတယ်။ ထို့ကြောင့် အနာဂတ်သာသနာတော် အတွက် ပရိယတ္တိ စာပေသင်ကြားမှုများ ပြုလုပ်နေကြသော သာမဏေငယ်များကို မေ့ဖျောက် မထားသင့်ပါ။ နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ရသော သီရိဓမ္မာသောကမင်းကြီးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ရောက်ရှိခဲ့ပြီး၊ သာသနာတော်ကို ချီးမြှင့်မြှောက်စားခဲ့တဲ့ သာသနာပြု မင်းဖြစ်ခဲ့ရပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်ပြီးနောက် သာသနာနှစ် ၂၃၅ခုနှစ်မှာ သာသနာတော်အတွင်း တိတ္ထိတက္ကတွန်းများ ၀င်ရောက်မှုကြောင့် တတိယသင်္ဂါယနာ တင်ခဲ့ရပါတယ်။ တတိယ သင်္ဂါယနာတင် ဒါယကာ သီရိဓမ္မာသောကမင်းကြီးသည် နိဂြောဓ သာမဏေငယ်ကို ဖူးမြင်ခဲ့ရတဲ့ အချိန်မှစပြီး သာသနာ တော်ကို ထောက်ပံ့ခဲ့တဲ့ သာသနာ့ ဒါယကာ တစ်ဦးဖြစ်ခဲ့ရတာပါ။ သီရိဓမ္မာသောက မင်းကြီးက တတိယ သင်္ဂါယနာတော်ကို ဦးဆောင်ခဲ့တဲ့ အရှင်မဟာ မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့် တိုင်ပင်ကာ ဆရာ၊ ဒကာ ညီညွတ်စွာနဲ့ ဗုဒ္ဓသာသနာ ထွန်းကားပျံ့ပွားရေး အတွက် ကိုးတိုင်းကိုးဌာနကို သာသနာပြုများ စေလွှတ်ခဲ့ပါတယ်။ ထိုကိုးဌာနမှာ မြန်မာနိုင်ငံက သထုံမြို့ကို အရှင်သောဏနှင့် အရှင်ဥတ္တရ အမှူးပြုသော မထေရ်ငါးပါးတို့ သာသနာပြုဖို့ ရောက်ရှိလာခဲ့ပါတယ်။ ထိုမထေရ်တို့၏ ကျေးဇူးတော်ကြောင့် ယနေ့တိုင် မြန်မာနိုင်ငံမှာ သာသနာတော် ထွန်းကားလျက် ရှိနေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သာသနာ ပြန့်ပွားလာရခြင်း အကြောင်းရင်းမှာ နိဂြောဓ သာမဏေငယ်က စတင်ခဲ့တယ်လို့ ဆိုရင် မှားမည်မထင်ပါ။

ယနေ့ အချိန်အခါမှာ သာသနာတော်၏ ရင်ငွေ့ကို ခိုလှုံနေကြသော သာမဏေငယ်လေးများကို ဒါယိကာ၊ ဒါယကာမပေါင်းနှင့် ဗုဒ္ဓဘာသာဝင်တို့က ထောက်ပံ့မှသာလျှင် အနာဂတ်သာသနာအတွက် အကျိုးသက် ရောက်ရာမှု ရှိပါလိမ့်မယ်။ သာသနာတော်မှာ ကိုရင်(သာမဏေ)ရှိမှသာ ဦးဇင်း၊ ဘုန်းကြီး၊ ဆရာတော်ဖြစ်လာပါမယ်။ ယနေ့ ပရိယတ္တိစာပေတွင် ဂုဏ်ထူးဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူ ဒါန်းခြင်း ခံနေရသော ဆရာတော်ကြီးများသည် တချိန်တခါက သာမဏေငယ်ကလေး များသာဖြစ်ပါတယ်။ လူအများ စုက နာမည်ကြီးသော၊ ဂဏန်းပေးသော ဆရာထံသွားပြီး မိမိတို့ လောကီ အကျိုးစီးပွား မျှော်ကိုးကာ လှူဒါန်းမှုတွေ လုပ်ကြပါတယ်။ နာမည်ကြီးသော ဘုရားကို ရွှေအထပ်ထပ်ချ ချင်ကြပါတယ်။ သို့သော် ပရိယတ္တိ စာသင် တိုက်က စာသင်နေတဲ့ ရဟန်းတပါးကို လိုအပ်တဲ့ စာအုပ်ဝယ်ပေးဖို့တော့ မေ့နေတတ်ကြပါတယ်။ ထိုစာသင်သား သံဃာတော်ကို ချီးမြှင့်တာမှ သာသနာကို ချီးမြှင့်ရာရောက်ပါတယ်။ ဘုရားတည်တာသည် သာသနာပြု ခြင်း မဟုတ်ပါ။ ဒါပေမယ့် အမျာစုကလည်း ဘုရားတည်တာကိုမှ သာသနာပြုတယ် ထင်နေကြတယ်။ စာသင်သား သံဃာ တပါးကို ထောက်ပံ့ပေးနေခြင်းကို သာသနာပြုနေတယ်လို့ မမြင်ကြပါဘူး။ ဒါတွေသည် သိသင့်တဲ့ အကြောင်းအရာတွေပါ။ (ဒီအချက်တွေကိုလည်း လူတိုင်းသိစေချင်ပါတယ်)။

ရဟန်းတော်များနှင့် ပြောဆိုဆက်ဆံရာမှာလည်း မိတ်ဆွေတွေ ပြောသလို ပြောလို့ မသင့်တော်ပါဘူး။ စကားလုံး သုံးနှုန်းတတ်စေချင်ပါတယ်။ မိမိတို့ သာသနာကို ဦးဆောင်နေတဲ့ သံဃာတော်တွေကို မိမိတို့က နည်းလမ်းမှန်စွာနဲ့ မချည်းကပ်၊ မပြောဆိုတတ်ရင်၊ လေးစားမှု မရှိရင် ဘယ်သူကမှ အလေးအမြတ် ပြုမည် မဟုတ်ပါ။ ကိုရင်ငယ်လေးပဲ ဆိုပြီး မလေးမစား ဆက်ဆံမှုတွေ မလုပ်အပ်ပါ။ အသက်အရွယ်ကိုသာ မကြည့်ပဲ သီလတရားကို ကြည်ညိုပြီး ကိုးကွယ်ရမှာပါ။ ကိုရင်ငယ်တပါးသည် ၁၀ပါး သီလရှိပါတယ်။ မိမိက ငါးပါးသီလ တောင် လုံခြုံမှု ရှိလားဆိုတာ စမ်းစစ်သင့်ပါတယ်။

အနာဂတ်မြန်မာနိုင်ငံ၏ သာသနာတော်သည် ယနေ့ သာမဏေ(ကိုရင်)ငယ်တို့၏ လက်တွင်ရှိ နေသည်ကို အထူးဂရုပြုကြစေချင်ပါတယ်။ အနာဂတ်သာသနာတော် တည်တံ့ခိုင်မြဲရေးတွင် သာသနာ့တာဝန် ကို ထမ်းဆောင်ကြမည့် ကိုရင်သာမဏေငယ်များ၏ အခန်းကဏ္ဍသည် အဓိက ဖြစ်ကြောင်း သတိရစေချင်ပါတယ်။ သာသနာတော်သုံးရပ်တွင် ပရိယတ္တိသာသနာသည် အခြေခံမူလဖြစ်ပါတယ်။ ထိုပရိယတ္တိစာပေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာကြသော မျိုးဆက်သစ် သံဃာတော်များသည် အရေးကြီးပါတယ်။ ဒါယကာ၊ ဒါယိကာမများ အနေဖြင့် ထိုမျိုးဆက်သစ် သာမဏေငယ်တို့ကို အားပေး ချီးမြှောက်သင့်ပါတယ်။

အခွင့်အခါသင့်တိုင်း သာသနာအတွက် အရေးပါသည့် နေရာများမှာ မွန်မြတ်တဲ့ ကောင်းမှုတွေ ပြုလုပ်နိုင်ကြသဖြင့် ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝနိုင်ကြပါစေ။

Saturday, October 1, 2011

ချစ်တတ်ပါစေ ယသော်ပမာ

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဘ၀တသက်တာကာလမှာ ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ သဘောကို လူတိုင်းမကင်း နိုင်ကြပါဘူး။ မချစ်တတ်၊ မမုန်းတတ်တဲ့ သူဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်လည်း လူတိုင်းက အချစ်နဲ့မှ မကင်းနိုင်သေးပဲလေ။ အချစ်ဆိုတာကို အမျိုးမျိုး ပြောဆိုကြတာရှိပါတယ်။ အချစ်ဆိုတာ ပကတိ အနေအထား အတိုင်းရှိနေတဲ့ လူတယောက်ကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ရဲ့ အမှန်အတိုင်း ချစ်နေဖို့ပဲ လိုတယ်။ ဘာလုပ်ပေးမှ၊ ဘယ်လိုနေမှ၊ ဘာဖြစ်ရမှ ဆိုတဲ့ အတ္တကို စေခိုင်းတာမျိုးကျတော့လည်း အချစ်လို့ မခေါ်နိုင်တော့ဘူး။ အမှန်တော့ အချစ်စစ်ဆိုတာ ရယူလိုခြင်းမဟုတ်၊ ပေးဆပ်ခြင်းသာ၊ ပိုင်ဆိုင် လိုခြင်း မဟုတ်၊ ပိုင်ဆိုင်စေလိုခြင်းသာ၊ သိမ်းပိုက်လိုခြင်းမဟုတ်၊ စွန့်လွှတ်ခြင်းသာ၊ အသာစံခြင်း မဟုတ်၊ အနာ ခံခြင်းသာ ဖြစ်ပါတယ်။ ကမ္ဘာဦးကတည်းက စခဲ့တဲ့ အချစ်ဟာ ကမ္ဘာဆုံးလည်း မဆုံးနိုင်ပါ။ သံသရာ မဆုံးသေး သရွေ့ အချစ်မဆုံးနိုင်၊ သံသရာ ဆုံးမှသာ အချစ်ဆုံးပါမယ်။

ဂေါတမဘုရားရှင် နိယတဗျာဒိတ်ပန်း ဆင်မြန်းခဲ့တဲ့ သုမေဓာ ရသေ့ဘ၀ကို မှန်းဆကြည့်မိပါတယ်။ အဲဒီအချိန် တုန်းက ရမ္မာဝတီမြို့ကို သုမဓာရသေ့ ရောက်သွားတဲ့ အခါမှ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာမှာ ဖြစ်လို့ လမ်းများကို သန့်ရှင်း ပြင်ဆင်နေတဲ့ လူတွေကို တွေ့လိုက်တယ်။ ဘုရားကြွလာမယ် ဆိုတာကို သိလိုက် ရတဲ့ သုမေဓာရသေ့ဟာ သူလည်းပဲ ဒီလို လမ်းတွေ သန့်ရှင်းပြင်ဆင်နေတဲ့ ကုသိုလ်ပွဲမှာ ပါဝင်လိုက်ပါတယ်။ သူတာဝန်ယူပြီး မြေဖို့တဲ့ ညွန်ဗွက်မပြီးခင် ခန္ဓာကိုယ်တလျားလောက် ကျန်နေချိန်မှာပဲ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေ ကြွလာတာကြောင့် သူ့ရဲ့ ခန္ဓာကို အလျားစင်းပြီး တံတားခင်းပေးလိုက်ပါတယ်။ ဒီပင်္ကရာ ဘုရားရှင်နဲ့ သံဃာတော်တွေက သုမေဓာရသေ့နားကို ရောက်တဲ့ အချိန်မှာ တံတားသဖွယ်ခင်းထားတဲ့ ခန္ဓာ ကိုယ်ပေါ်ကို နင်းကြွခြင်းမပြုပဲ သုမေဓာရသေ့ရဲ့ စိတ်ဓာတ်ကို ဆင်ခြင် ကြည့်လိုက်ပါတယ်။ အဲဒီအခါမှာ တကိုယ်တည်း လွတ်မြောက်ရာကို မျက်မှောက်ပြုလိုရင် ဂါထာဝက် (အက္ခရာ ၁၆လုံး) ဟောလိုက်တာနဲ့ နိဗ္ဗာန် ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကြာအောင် ပါရမီဖြည့်ရင် သဗ္ဗညုတ ဘုရားရှင် အဖြစ် သတ္တ၀ါတွေကို ကယ်တင်နိုင်မယ့် ဘုရားဖြစ်နိုင်တဲ့ အစွမ်းရှိတယ်လို့ သိမြင်တော်မူတဲ့ အတွက် သုမေဓာရသေ့ကို အကြောင်းစုံ ရှင်းပြပြီး ကြိုက်ရာရွေးနိုင်ကြောင်း မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ သုမိတ္တာဆိုတဲ့ အမျိုးသမီးလေးက အနီးမှာ ရှိတဲ့ ရေကန်ထဲက ကြာပန်းရှစ်ခိုင်ကို ယူပြီး သုမေဓာ လက်ထဲကို ကြာပန်းငါးခိုင် လှမ်းပေးလိုက်တယ်။ သူကိုယ်တိုင်လည်း ကြာပန်းသုံးခိုင်ကို ကိုင်ပြီး သုမေဓာရသေ့ ခြေရင်းမှာ ထိုင်ဖူးမြော်ရင်း ဒီပင်္ကရာ ဘုရားရှင် မိန်းကြားတဲ့ စကားတော်ကို နာယူနေပါတယ်။ သုမေဓာရသေ့က ငါကိုယ်တိုင် ကိလေသာ အနှောက်အယှက် အပူအပင်တွေ ကင်းဝေးငြိမ်းအေးပြီး ငိုကြွေးခြင်း များ ရပ်သွားသလို သူတပါးတို့လည်း ကိလေသာ ကင်းပြတ် ငိုကြွေးခြင်းတွေ ရပ်စေရမယ် ဆိုကာ ကိုယ်တိုင် အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိလိုတဲ့ ဆန္ဒ၊ သတ္တ၀ါတို့ရဲ့ အကျိုးစီးပွားချမ်းသာကို ဆောင်ရွက်လိုတဲ့ ဆန္ဒများနဲ့ သဗ္ဗညုတဉာဏ်ဆီ စွဲမြဲစူးစိုက် ရှေးရှုဆောင်မှု အဘိနီဟာရ (ဘုရားဆုကို ပန်ဆင် ခြင်း) ပြုလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ ခြေတော်ရင်းမှာ ထိုင်နေတဲ့ သုမိတ္တာက ပီတိအဟုန် တုန်ခါသွားပြီး “ဒီ ရှင်ရသေ့ ပါရမီတော်တွေကို ဖြည့်ကျင့်နေစဉ် ကာလတလျောက် သူလည်း လိုအပ်သမျှကို ဖြည့်ဆည်း ပေးတဲ့ ပါရမီ ဖြည့်ဘက် ဖြစ်ပါရစေ” လို့ ဆုပန်လိုက်ပါတယ်။

ဒီနေရာမှာ နှစ်ဦးလုံး ချစ်ခြင်းမေတ္တာ အပြည့်ရှိသူတွေပါပဲ။ သုမိတ္တာက ဘုရားအလောင်းတော် အလိုပြည့်ဖို့ ချစ်တတ်သူ၊ သုမေဓာကတော့ သတ္တ၀ါတွေ အားလုံးအပေါ်မှာ ချစ်တတ်သူလို့ ဆိုရမှာပေါ့။ ဘုရားဆုပန်ပြီး ချိန်မှ စလို့ ပါရမီ ဖြည့်ကျင့်ရမှာ ပါရမီ ဆယ်ပါးကို မိမိရဲ့ ပစ္စည်းဥစ္စာ၊ စည်းစိမ်အာဏာ၊ သားမယား အပါအ၀င် သက်ရှိ သက်မဲ့ တွယ်တာစရာမှန်သမျှကို စွန့်လွှတ်ပြီး ဖြည့်ကျင့်ရတဲ့ ရိုးရိုးပါရမီ။ ခြေ၊ လက်၊ မျက်စိ စတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ဥပပါရမီ။ မိမိအသက်ကို စွန့်လွှတ်ဖြည့်ကျင့်ရတဲ့ ပရမတ္ထပါရမီ စသဖြင့် ပါရမီ ဆယ်ပါးလုံးကို သုံးဆင့်ပြည့်အောင် ဖြည့်ရပါတယ်။ ဒါကို ပါရမီဆယ်ပါး အပြားသုံး ဆယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ ပါရမီတော်တွေကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းတိုင်အောင် ဖြည့်ကျင့်ခဲ့ရပါတယ်။
နောက်ဆုံး ဘုရားဖြစ်မယ့် ဘ၀မှာ ဘုရားလောင်းမွေးဖွား ပြီးတာနဲ့ ဖခင် သုဒ္ဓေါဓနမင်းကြီးက ဘုရားမဖြစ်စေလို ပဲ စကြ၀တေးမင်း ဖြစ်စေလိုတဲ့ အတွက်ကြောင့် တောမထွက်နိုင်အောင် အခိုင်မြဲဆုံးဆိုတဲ့ သံယောဇဉ်ကြိုးနဲ့ ချည်နှောင်ဖို့ သိဒ္ဓတ္တမင်းသားကို အသက် ၁၆နှစ် မှာပဲ ယသော်ဓရာနဲ့ လက်ဆက်ပေးခဲ့ပါတယ်။ ယသော်ဓရာ ဆိုတာ ဒီပင်္ကရာ ဘုရားလက်ထက်မှာ နိယတဗျာဒိတ်ကို ခံယူစဉ်ကတည်းက ပါရမီဖြည့်ဖက်အဖြစ် ဆုပန်ခဲ့ပြီး ဘ၀ပေါင်းများစွာ မရေတွက်နိုင်အောင် ဆင်ရဲချမ်းသာကို မျှဝေခံစားဖက်အဖြစ် အတူနေခဲ့ဖူးတဲ့ သံယောဇဉ် ဓာတ်ခံအားကြီးသူ ဖြစ်လို့ အခုတွေ့တော့လည်း သံယောဇဉ်ဓာတ်ခံချင်း ပေါင်းစပ်မိပြီး ငြင်းဆန်ဖို့ ခွန်းအား ရပ်တန့်စေခဲ့ပါတယ်။

ဘုရားလောင်း ၂၉နှစ်ရောက်တဲ့ အချိန်မှာတော့ အိုသူ၊ နာသူ၊ သေသူ တို့ကို မြင်တွေ့ပြီး သတ္တ၀ါအားလုံးကို ကယ်တင်မယ်ဆိုတဲ့ ကရုဏာဓာတ်တွေ ပြန်လည်နိုးထလာသလို ဒုက္ခလွတ်လပ်ရေးအတွက် တရားကျင့်နေတဲ့ ရဟန်းတပါးကို တွေ့မြင်လိုက်ရတဲ့ အခါမှာ တောထွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲလိုဆုံးဖြတ်တဲ့ နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သားဦးရတနာလေးဖွားမြင်ကြောင်း သိလိုက်ရတဲ့အခါ “ငါ့ရဲ့ဘ၀လမင်းကို ဖမ်းချုပ်မယ့် ရာဟုဂြိလ်တခု တိုးလာပြန်ပါပေါ့” လို့ သံဝေဂနဲ့ ညဉ်းညူရေရွတ် လိုက်ပါတယ်။ အဲဒီညရဲ့ သန်းခေါင်ယံမှာပဲ ကြီးမားတဲ့ စည်စိမ်များနဲ့ အတူ နှလုံးသားရဲ့ ကိုယ်ပွားပမာ တွယ်တာရတဲ့ ဇနီးနဲ့ သားဦးလေး ကိုပါ စွန့်ခွာပြီး တောထွက်ခဲ့ပါတယ်။

သားဦးလေးဖွားမြင်တဲ့ နေ့မှာပဲ ဇနီးနဲ့ သားကို စွန့်ခွာသွားတာဟာ ခင်ပွန်းတဦးအနေနဲ့ကော ဖခင်တယောက် အနေနဲ့ပါ တရားမျှတမှု ရှိပါရဲ့လားလို့ စောဒကတတ်ချင်ရင် “ဒါတွေကို သံသရာအဆက်ဆက် ပါရမီ ဖြည့်လာခဲ့ရတဲ့ ယသော်ဓရာသာ အသိဆုံးပါ” လို့ ဖြေရပါလိမ့်မယ်။ နိယတဗျာဒိတ်ကို ခံယူပြီးတဲ့ သဗ္ဗညုတ ဗုဒ္ဓလောင်းလျာ တစ်ယောက် ပါရမီ ဖြည့်တယ်ဆိုတာ ဇနီးမယားကို သာမက အင်္ဂါခြေလက် အသက်ကိုပါ စွှန့်လွှတ်ပြီး ဖြည့်ရတယ်ဆိုတာ ဒီပင်္ကရာ ဘုရားရှင်ထံ တော်မှောက်ကတည်းက သုမေဓာကော သုမိတ္တာပါ ကြားသိကြပါတယ်။ သုမေဓာက ဒါတွေအားလုံးကို ဖြည့် ကျင့်မယ်လို့ ခံယူတာကို ကြားသိရတဲ့အခါ သုမိတ္တာအမျိုးသမီးလေးက ယောကျာ်းသားတစ်ယောက်တည်း ပါရမီဖြည့်ရမယ် ဆိုရင် ဇနီးမယားနဲ့ သားသမီးတို့ကို စွှန့်လွှတ်စရာ ဘယ်မှာ ရှိတော့မလဲ။ လစ်လပ်နေတဲ့ ဒီကွက်လပ်ကို သူဖြည့်စွက်မယ်လို့ အခိုင်အမာဆုံးဖြတ်ပြီးမှ “ပါရမီဖြည့်ဖက်” အဖြစ် ခံယူခဲ့တာမို့ အစွန့်လှူခံ ဇနီးမယား တစ်ယောက်ရဲ့ ရုတ်တရက် ငိုကြွေးရခြင်းနဲ့ နောက်ဆက်တွဲ ဂုဏ်ယူကြည်နူးရခြင်း ဆိုတဲ့ ဆန့်ကျင် ဘက်ရသ နှစ်ခုကို သုမိတ္တာဘ၀ကနေ ယသော်ဓရာ ဘ၀အထိ ဘ၀ပေါင်းအသင်္ချေတွေမှာ အတူယှဉ်တွဲ သရုပ်ဆောင်ခဲ့ဖူးတာက လွှဲလို့ ဘယ်သူမှ မျှဝေခံစား နားလည်နိုင်စွမ်းရှိမည် မဟုတ်ပါ။

နောက်ဆုံး ယသော်ဓရာ ထေရီမကြီးကိုယ်တိုင် ဘုရားရှင်ကို လျှောက်ထားရာမှာတော့ ဒီလိုပါရမီဖြည့်ဖက် ဖြစ်ရဖို့ ဘုရားပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာမထေရ် မရေမတွက်နိုင်တို့ ထံမှာ ဆုတောင်းခဲ့ရတယ်။ ဘ၀ပေါင်းများစွာမှာ ဇနီးအဖြစ်သိမ်းပိုက်ရန် အတွက်သာမက အစားအစာအဖြစ် အသုံးပြုရန်ပါ သူတပါးကို ပေးလှူခဲ့ပေမယ့် စိတ်ကွက်ခဲ့ခြင်း မရှိခဲ့ပါ။ အရှင်ဘုရား သဗ္ဗညုတဉာဏ်ကို ရရှိရေးအတွက် ပါရမီဖြည့်စွက်ရာမှာ ချမ်းသားခြင်းနဲ့ ကြုံတဲ့အခါ ၀မ်းမြောက်ခဲ့ပါတယ်။ ဆင်းရဲမှုတို့နဲ့ ကြုံရတဲ့ အခါမှာလည်း စိတ်မချမ်းမသာ မဖြစ်ခဲ့ပါဘူး။ ရှေးဆုတောင်များကြောင့် ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဘ၀များစွာ ချစ်ကြင်နာခဲ့ပြီး နှစ်လိုဖွယ်ရာ စွဲဆောင်နိုင်စွမ်းရှိတဲ့ အရှင်ဘုရားအလောင်းအလျာ သုမေဓာရှင်ရသေ့ရဲ့ မျက်နှာကို ဖူးမြင်လိုက်ရ ကတည်းက “ငါ့ရဲ့ အသက်ရှင်ခြင်းဟာ ရကျိုးနပ်လိုက်လေ” အောက်မေ့မှတ်ထင် ခဲ့ပါတယ်။ အဲဒီကတည်းက ပါရမီ ဖြည့်ဖက် အဖြစ် ကျေနပ်စွာဆုပန်ခဲ့သလို ဒီအခွင့်ကို လက်မလွတ်စေဖို့လည်း ဘုရားပစ္စေကဗုဒ္ဓါ ရဟန္တာအဆူ ဆူတို့ ထံမှာ အကြိမ်များစွာ ဆုတောင်းခဲ့ရပါကြောင်း ကျေနပ်ပီတိ အဟုန်နဲ့ လျှောက်ထားခဲ့တာတွေကို ကြည့်မယ် ဆိုရင် ယသော်ဓရာရဲ့ရင်မှာ ဘယ်လိုခံစားမှုရှိတယ်ဆိုတာ အကဲခတ်နိုင်ပါလိမ့်မယ်။

တောထွက်ခါနီးမှ အလောင်းတော်မင်းသားရဲ့ သတိပေး၊ ကတိပေးစကားများဖြစ်တဲ့…
“ကျေနပ်မှု အတွက် တောင့်တတဲ့ ချစ်စိတ်ဟာ ဆန္ဒပြင်းထန်သလောက် ခံနိုင်ရည် ချည့်နဲ့လှတယ်။ ကြီးမြတ် လိုမှု အတွက် ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ်ကို လက်ခံမိရင် မြင့်မြတ်ခြင်းနဲ့ အေးငြိမ်းမှုတို့ကို လက်လွှတ်ဆုံး ရှုံးရလိမ့်မယ်။ ကျေနပ်မှုတိုင်းဟာ ငိုကြွေးမှုနဲ့ နိဂုံးချုပ်ရမြဲ ဖြစ်တယ်ဆိုတာ ဘ၀ပေါင်းများစွာ၊ ဖြစ်ရပ်ပေါင်းများစွာက သက်သေပြခဲ့ပြီး တစ်လောကလုံး မျက်ရည်စဲစေဖို့ အတွက် အချစ်ဆုံး တို့မျက်ရည်ကို ကျောခိုင်းရပေဦးမယ်”။

“သောကကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေဟာ လောကရဲ့မျက်ရည်တွေကို ဆေးကြောပေးမယ့် ကမ္ဘာပြိုမိုးကြီး ဖြစ်လာမယ်ဆိုတာ ယုံကြည်ပြီး မင်း ဖြေရစ်လေဦး” ဆိုတဲ့ သိဒ္ဓတ္ထရဲ့ ရင်တွင်းစကားကိုလည်း သားငယ်ကို ချော့မြူသိပ်ရင်း နိုးတ၀က် အိပ်တ၀က်နဲ့ မျက်ရည်စက်လက် ဖြစ်နေတဲ့ ယသော်ဓရာ သိလိုက်ပါတယ်။ မိုးဖြစ်မယ့် မျက်ရည်တွေကို မိုးဖြစ်အောင် စွမ်းဆောင်မယ့်လက်နဲ့ မသုတ်စေလိုလို့သာ မတားခဲ့လေသလား ဆိုတာလည်း ယသော်ဓရာပဲ အသိဆုံးဖြစ်မှာပါ။ ဒီနေရာမှာ ဘ၀အဆက်ဆက် ပါရမီ ဖြည့်ဖက်တယောက်မို့ သာ ယသော်ဓရာနှလုံးသားမှာ ခွဲခွာခြင်းခံနိုင်ခဲ့ရတာပါ။ သာမန် ချစ်တတ်လွန်းတဲ့ မိန်းမသားတယောက် အတွက်ဆိုရင် စိတ်နှလုံးမှာ တုန်လှုပ် ၀မ်းနည်းသွားစေမယ်လို့ တွေးမိပါတယ်။

ဒီလိုနဲ့ ဘုရားလောင်းဟာ ဆန္ဒအမတ်၊ စီးတော်မြင်း တို့ကို ခေါ်ပြီး ယသော်ဓရာကို ကျောခိုင်းလို့ သစ္စာရှာဖို့ အတွက် လှမ်းခဲ့ပါတော့တယ်။ သန်းခေါင်ယံအချိန်ရဲ့ တိတ်ဆိတ်မှုနဲ့ အတူ နန်းဆောင်ကို ကျောခိုင်းလို့ ခြေလှမ်းတွေကို လှမ်းထွက်ခဲ့ပါတော့တယ်။ ချစ်တာသိပေမယ့် သစ္စာရှာရမှာမို့ ခွဲခွာခဲ့တာကို ယသော်ဓရာ ကိုယ်တိုင် သိခဲ့ပါတယ်လေ။ ဘုရားအဖြစ်ကို ရောက်တော်မူပြီးတဲ့နောက် ကပ္ပိလ၀တ်ပြည် ပြန်လာတဲ့အချိန်မှာ ယသော်ဓရာ ရှိတဲ့ နန်းဆောင်ကို အရောက်သွားလို့ တရားရေအေးနဲ့ သောကတွေကို ငြိမ်းအေးရအောင် ကျေးဇူးဆပ်တော်မူခဲ့ပါတယ်။ ပါရမီဖြည့်ဖက် အဖြစ်နဲ့ ရှည်လျားတဲ့ ကာလတလျောက် မိမိအပေါ်မှာ တန်ဖိုး ထား ပေးဆပ်ဖြည့်ဆည်းပေးခဲ့တဲ့ ယသော်ဓရာကို ဘုရားရှင်ကိုယ်တိုင် “ယသော်ဓရာသည် မိမိအပေါ်မှာ ကျေးဇူးကြီးမားခဲ့ပါပေတယ်” လို့ ဖွင့်ဟ ၀န်ခံခဲ့ပါတော့တယ်။

ချစ်လျှင်မြတ်နိုး ချစ်ပင်ပျိုးကြသူတိုင်း ကောင်းသောချစ်ခြင်းနှင့် ထာဝရချစ်နိုင်ကြပြီး ကောင်းကျိုးချမ်းသာကို အတူရရှိ ခံစားနိုင်ကြပါစေ…


ကိုးကားချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော ဘုန်းရယ် ကံရယ် ကုသိုလ်ရယ် စာအုပ်။

Monday, September 26, 2011

“လောဘစရိုက်အိုကို မလိုက်လို ရှောင်ပစ်စို့”

လောကမှာ အများစုသော ပုထုဇဉ်တွေ ဘာလို့ စိတ်အေးချမ်းမှု မရကြလဲ ဆိုတာကို အကြောင်းရင်းရှာကြည့်ရင် လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ် စေတသိတ်တွေရဲ့ ခြယ်လှယ်မှု ကိုခံစားနေရလို့ ပဲဖြစ်ပါတယ်။ မူလက အကြည်အတိုင်းရှိနေတဲ့ စိတ်ကလေးကို လောဘ စေတသိတ် ကပ်လိုက်တော့ လောဘစိတ် ဖြစ်ရ တယ်။ လောဘ ဆိုတာက လိုချင်မှုသဘော ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံငါးပါး အပေါ်လိုချင်တာ၊ (ရုပ်ပိုင်းဆိုင်ရာ တိုးတတ်မှုတွေကို တပ်မက်တာ) က လောဘ သဘောပါ။ နိဗ္ဗာန်ကိုလိုချင်တာ၊ တရားလိုချင်တာ၊ စာပေတတ်ချင်တာ၊ မရှိဆင်းရဲသူကို ပေးကမ်းလိုပြီး ပစ္စည်းဥစ္စာလိုချင်တာတွေ ကတော့ လောဘမဟုတ်ပါဘူး။ ဆန္ဒဖြစ်ပါတယ်။ ဆန္ဒနဲ့ လောဘသည် မတူပါဘူး။ ဆန္ဒက လိုချင်တာရပြီးရင် ကျေနပ်တတ်တဲ့ သဘောရှိပါတယ်။ လောဘကတော့ ရလေ လိုလေ၊ ဘယ်လောက်ပဲ ရနေပစေ လိုအပ်နေမှာပါပဲ။ သစ္စာလေးပါးမှာ လောဘဆိုတာ “သမုဒယ” သစ္စာပါ။ သမုဒယ ဆိုတာက ဒုက္ခဖြစ်ကြောင်း ဒုက္ခလောင်းလေးပါပဲ။ ဒီလိုဆိုရင် ဦးဇင်းတို့တွေ လောဘ (တဏှာ)ကြောင့် ဒုက္ခတွေရပြီး သံသရာ တကြောမှာ မျောနေရတယ် ဆိုတာ ပေါ်လွင်ပါတယ်။ ထို့ကြောင့် လောဘကြီးရင် ဒုက္ခကြီးမယ်၊ လောဘငယ်ရင် ဒုက္ခငယ်မယ်၊ လောဘမရှိရင် ဒုက္ခမရှိ တော့ပြီလို့ ဆိုကြပါတယ်။


မြတ်စွာဘုရားရှင်က ဒါနပြုဖို့ တိုက်တွန်းတာဟာ ဘ၀အဆက်ဆက် ချမ်းသာဖို့ တခုတည်းမဟုတ်ပါဘူး။ ဘ၀အဆက်ဆက်က ပါလာခဲ့တဲ့ လောဘ တဏှာကို သတ်နိုင်ဖို့ အဓိက ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ဒါနပြုတဲ့ အချိန်မှာ ကိုယ့်ရဲ့ စိတ်မှာ အလောဘနဲ့ အမစ္ဆရိယ ပြဌာန်းပါတယ်။ တရားလုပ်တယ်ဆိုတာ အဓိကတော့ မနောကံ အလုပ်ပါ။ စိတ်လေးကောင်းအောင်ပဲ အရင်ဆုံးကြိုးစားဖို့ အရေးကြီးပါတယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးကလဲ စိတ်ကောင်းရှိဖို့ ပထမလို့ ရေးသား ဆုံးမခဲ့ပါတယ်။ စိတ်ကောင်းမမွေးနိုင်ပဲ တရားထိုင်နေရုံနဲ့တော့ တရားရဖို့ မလွယ်ပါဘူး။ ဒါကြောင့် ကိုယ့်စိတ်သန္တာန်မှာ လောဘအရင်းခံတဲ့ ကိလေသာတွေ မဖြစ်ရအောင် အမြဲသတိရှိဖို့ လိုအပ်ပါတယ်။ သတိမရှိရင်တော့ ကိလေသာတွေရဲ့ ထိုးနက်မှုကို ခံစားရကြမှာပါပဲ။ သတိရှိဖို့ သတိထားကြစို့ လို့ ဆရာတော်အရှင်ဆေကိန္ဒက မိန့်တော်မူပါတယ်။ ကိုယ်က သတိထားမှ သတိရှိမှာပါ။ သတိ လက်လွတ်နေရင်တော့ ဘယ်တော့မှ သတိဖြစ်မှာ မဟုတ်ပါဘူး။
လောဘကို “ပေမ”၊ “တဏှာ”၊ “ရာဂ”၊ “သမုဒယ” လို့ အမျိုးမျိုး နာမည်တပ်ပြီး ပြောဆိုကြပါတယ်။ “ပေမ” ဆိုတဲ့ စကားက “ချစ်ခင်ခြင်း” လို့ အဓိပ္ပာယ် ရပါတယ်။ လောဘသဘောကို လိုက်နေရင်တော့ ဆင်းရဲဒုက္ခတွေ့ ရမှာမလွဲပါ။ အချစ်လောဘကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရတဲ့ အကြောင်းကို အရှင်ဇ၀န ရေးသားတဲ့ “မြန်မာတို့၏ အသက်စာအုပ်” မှ ထုတ်နှုတ် တင်ပြလိုက်ပါတယ်။

သီဟိုကျွန်းရှိ စာသင်တိုက်ကြီး တတိုက်မှာ အဘိညာဉ်ရ ကျောင်းထိုင် စာချ ဆရာတော်ကြီး တပါးရှိပါတယ်။ တနေ့မှာ ဆရာတော်ကြီးကျောင်းကို ရဟန်းပျို တပါးက စာသင်သား အဖြစ်နေဖို့ လျှောက်တယ်။ ဆရာတော်ကြီက ထိုရဟန်းဟာ အမျိုးသမီး တဦးကြောင့် ရဟန်းသီလ ပျက်မှာကို ကြိုမြင်တဲ့ အတွက်ကြောင့် ကျောင်းမှာ သီတင်းသုံးဖို့ ခွင့်မပြုပါဘူး။ နောက်ဆုံး ရဟန်းက သုံးကြိမ် တိုင်အောင် မျက်ရည်ဝဲပြီး တောင်းပန်တဲ့ အချိန်ကျမှ ဆရာတော်ကြီးက ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော် ကြီးက ကျောင်းအနောက်ဘက်က ရွာထဲကို ဘယ်တော့မှ မသွားဖို့ ကတိတောင်းပါတယ်။ ရဟန်းကလဲ မသွားပါဘူးလို့ ကတိပေးခဲ့ပါတယ်။ ထိုရွာထဲမှာ အလွန်ချောမောလှပတဲ့ အမျိုးသမီး ရှိပါတယ်။ ထိုအမျိုးသမီးက အ၀ါရောင် ၀တ်စုံနဲ့ ပ၀ါကို အသုံးပြုလို့ ၀ါဝါ လို့ပဲ ခေါ်ကြတယ်။ ချောမောလှပပြီး သိက္ခာရှိလွန်းတဲ့ အတွက်ကြောင့် ရွာမှာရှိတဲ့ ကာလသားများက သူတို့နဲ့ မတန်ဘူးဆိုတဲ့ သဘောနဲ့ အနားမကပ်ရဲအောင် ဖြစ်ကြရတယ်။ ၀ါဝါ ကလဲ ဘယ်ယောက်ျားလေးကိုမှ စိတ်မ၀င်စားပဲ ဘုရား၊ တရားဘက်ကိုသာ လိုက်စားပါတယ်။
သီတင်းကျွတ်ပြီး တနေ့ကျတော့ ရဟန်းက ဆရာတော်ကြီးတားမြစ်ထားတဲ့ ကြားက အနောက်ဘက်ရွာထဲကို ဆွမ်းခံကြွချင်စိတ်ပေါ်တာနဲ့ ကြွသွားပါတယ်။ ရွာထဲရှိ အိမ်ခြေ တ၀က်ကျော်ကို ဆွမ်းခံရာ ဘာမှ မထူးခြားသေးပါ။ ၀ါဝါ တို့အိမ်ရှေ့အရောက်မှာ ရဟန်းတို့ သိက္ခာအတိုင်း မျက်လွှာ ချကာ ရပ်လိုက်ပါတယ်။ ဆွမ်းလောင်းဖို့စောင့်နေတဲ့ ၀ါဝါက ဆွမ်းဇလုံကို မပြီး ထွက်လာပါတယ်။ ဆွမ်းလောင်းရမဲ့ ရဟန်း အနားရောက်တော့ မသိစိတ်က တိုက်တွန်းမှုကြောင့် အပေါ်မော့ကြည့်လိုက်မိတယ်။ အဲဒီအချိန်မှာ ရဟန်းကလဲ အလိုလိုကြည့်ချင် စိတ်ဖြစ်လာတာကြောင့် မျက်လွှာကို ပင့်ကြည့်လိုက်တော့ အကြည့်နှစ်ခု ဆုံသွားတာပေါ့။ အကြည့်ချင်းဆုံတော့ စက္ခုရူပေန သံဝါသာ ရာဂပုတ္တံဝိဇာယတိ (စက္ခုပသာဒရုပ်နှင့် အဆင်းရူပါရုံတို့၏ ပေါင်းဖော်မိခြင်းကြောင့် တပ်မက်စွဲလမ်းခြင်းဟု ဆိုအပ်သော ရာဂ ဟူသော သားကို မွေးဖွား၏) ဟူသော ဒေသနာအတိုင်း တဦးနှင့် တဦး ချစ်မိခဲ့ပါတယ်။ ရဟန်းလည်း ဣန္ဒြိယသံဝရသီလကို ဖျက်မိတဲ့ အတွက် ရုတ်တရက်ပဲ နောက်ကြောင်းပြန် လှည့်သွားပါတယ်။ (မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဖြင့် မြင်သောအခါ၊ ကြားသောအခါ၊ နံသောအခါ၊ စားသောအခါ၊ ထိသောအခါ၊ တွေးကြံသိသောအခါတို့တွင် လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာများ ၀င်မလာအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ဣန္ဒြိယသံဝရသီလလို့ ခေါ်ပါတယ်)။ ၀ါဝါမှာလည်း ဘာပြော ရမှန်း မသိတော့ပဲ ဆွမ်းဇလုံကို ရှေ့ချပြီး အခန်းထဲ ၀င်ပြေးပါတော့တယ်။ အခန်းထဲရောက်တော့လဲ ရဟန်းရဲ့ ရုပ်ပုံလွှာက မျက်စိထဲက မထွက်တော့ပဲ လောဘမီး စတင်လောင်တော့တာပေါ့။ သို့သော် ၀ါဝါကတော့ ပူမှန်း မသိခဲ့။ ရဟန်းမှာလဲ ၀ါဝါ ပုံရိပ်ကို မေ့မရ၊ စာလဲကျက်မရ၊ စိတ်ထဲလည်း စိတ်မပါ၊ ခဏမြင်ခဲ့ရတဲ့ အမျိုးသမီး ကို ပြန်လည်တွေ့ချင်စိတ် ပြင်းထန်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှ ဆရာတော်ကြီးကို ပေးခဲ့တဲ့ ကတိကို ပြန်သတိရ ဖြစ်တယ်။ သို့သော် လွန်ခဲ့ပါပြီ။ ၃ ရက်လောက် မသွားပဲနေနိုင်သော်လည်း ၄ ရက်မြောက်နေ့မှာ မနေနိုင်တော့။ သပိတ်ပိုက်ပြီး ဆွမ်းခံထွက်လာခဲ့ပါတယ်။ ၀ါဝါတို့အိမ်ရှေ့အရောက်မှာ ဆွမ်းခံ မရပ်တော့ပဲ ဆက်လျောက်သွား ပါတယ်။ ဒါနဲ့ ၀ါဝါရဲ့ အမေက နောက်ကလိုက်သွားပြီး တနေရာအရောက်မှာ ရဟန်းကို ကွပ်ပျစ်ပေါ်ကြွစေပြီး လျှောက်ကြားပါတယ်။ ၀ါဝါက ရဟန်းကို စွဲလမ်းနေကြောင်း၊ အရှင်ဘုရားကို မရရင် သေနိုင်ကြောင်း၊ အစားလဲ မစား၊ ဆေးလဲ မသောက်ပဲနေကြောင်း စသဖြင့် လျောက်ပြီး ၀ါဝါ ကို လက်ထပ်ဖို့ပြောတာပေါ့။ အဲဒီအချိန်မှာ ရဟန်းက စဉ်းစားပြီး အကြည့်တစ်ခုက ဖြစ်လာတဲ့ ဒုက္ခက မနည်းပါလာလို့ သံဝေဂဖြစ်မိပါတယ်။ ရဟန်းက လူဝတ်လဲလိုက်ရင် စာသင်တိုက်၊ ဆရာနှင့် မိဘဆွေမျိုးတွေ နာမည်ပျက်ရတော့မယ်။ ယောကျာ်းလေးတ ယောက်ကို မရလို့ သေမယ်ဆိုတာမဖြစ်နိုင်၊ ကြာရင်မေ့သွားမှာပဲ ဆိုပြီး လူဝတ်လဲဖို့ မဖြစ်နိုင်ကြောင်း၊ စာသင်ဖို့ စာသင်တိုက်ကို ရောက်လာတာဖြစ်ကြောင်း၊ မိန်းမယူဖို့ မဟုတ်ကြောင်း၊ ဦးပဉ္စင်း ကိုမေ့ပြီး အခြားတယောက် ကို ယူလိုက်ပါ၊ ဦးပဉ္စင်းကို မေ့ဖို့ပြောလိုက်ပါလို့ မိန့်ကြားခဲ့ပါတယ်။
ထိုဖြစ်ရပ်တွေ ဖြစ်ပြီး ရက်အတန်ကြာတော့ စာချဆရာတော်တပါးက ရဟန်းရဲ့ အခန်းထဲကို ၀င်လာပါတယ်။ ရဟန်းလဲ ၀ါဝါနဲ့ ပတ်သတ်ပြီး အပြင်သိပ်မထွက်၊ အစားလဲ ကောင်းကောင်းမစားပဲ နေမကောင်းတဲ့ ဝေဒနာ ခံစားနေရတာ ဖြစ်ပါတယ်။ ဒါနဲ့ စာချဆရာတော်ကြီးက “အေး… ကျန်းမာရေးဂရုစိုက်ကွာ၊ မင်းကြည့်ရတာ သိပ် ပိန်တာပဲ၊ အစားမ၀င်ဘူးထင်တယ်၊ မင်းစားချင်တာပြော၊ ငါ့ရဟန်း အမကြီးကို ခိုင်းပေးမယ်၊ ရော့.. ဟောဒီမှာ ဒီနေ့ရက်လည် ဆွမ်းကျွေးကရလာတဲ့ အ၀ါရောင် အနေကထိုင်လေး၊ လှလိုက်တာ မင်းသုံးရအောင် လာစွန့်တာ၊ သေသွားတဲ့ မိန်းကလေးရဲ့ ပုဝါကို ချုပ်ထားတာတဲ့”။ အ၀ါရောင် နေကထိုင်လေးကို မြင်လိုက်တာ နဲ့ ရဟန်းက တုန်လှုပ်သွားပါတယ်။ ၀ါဝါ ကိုလည်း သတိရသွားတယ်။ ၀ါဝါခြုံတဲ့ ပ၀ါလေးများ ဖြစ်မလားဆိုတဲ့ အတွေးနဲ့ အတူ ဆရာတော် ဘယ်ရွာက ရခဲ့တာလဲ လို့မေးလိုက်ပါတယ်။ စာချဆရာတော်ကြီးက “အနောက်ဘက်ရွာကလေ၊ သနားစရာပါကွာ၊ သေတဲ့ မိန်းကလေးက အသက် ၁၈နှစ်လောက် ရှိသေးတာပဲ၊ အသုဘချတဲ့နေ့က ငါတို့ပါတယ်၊ သေတာတောင် လှလိုက်တာကွာ၊ အသက်ရှင်စဉ်ကဆို ဘယ်လောက်လှမယ် မသိဘူး၊ အင်း.. နာမည်လေးကလဲ တမျိုးလေးကွ၊ ၀ါဝါ တဲ့” လို့ပြန်မိန့်ပါတယ်။
အဲဒီအချိန်မှာ ရဟန်းက ငါ့ကြောင့် အပြစ်မဲ့တဲ့ မိန်းကလေးတယောက် သေရပြီ ဆိုတဲ့ အတွေးနဲ့ မျက်ရည်ကျ လာပါတယ်။ ၀ါဝါ ခြုံခဲ့တဲ့ ပ၀ါမှဖြစ်တဲ့ နေကထိုင်လေးကို ရင်ဘက်ပေါ်တင်ပြီး မျက်ရည်ကို ဆရာတော် မမြင်အောင် စောင်ခြုံလိုက်ပါတယ်။ စာချဆရာတော်က ဘာမျ မသိ၊ ၀ါဝါအကြောင့်ကိုသာ ဆက်ပြောပါတယ်။
“အေး.. မင်းချမ်းရင် စောင့်ခြုံထား၊ စောစောက ၀ါဝါဆိုတဲ့ မိန်းကလေးဟာ ရဟန်းတပါးကို မြင်မြင်ချင်း စွဲလမ်း ချစ်သွားတာဆိုပဲကွ၊ နောက်ဆုံး မစားနိုင် မသောက်နိုင်ထိ ဖြစ်လာလို့ အဲဒီ ကိုယ်တော်လေးကို လူထွက်ဖို့ သူ့အမေက ပြောတော့ ကိုယ်တော်လေးက မထွက်နိုင်ဘူးလို့ ပြောလိုက်သတဲ့ကွ၊ သနားစရာပဲကွာ၊ အဲဒီနေ့က စပြီး ဘာမှ အစားမစားဘဲနေလိုက်တာ ခုနှစ်ရက်၊ ရှစ်ရက်လောက်ရှိတော့ သေတာပါပဲ”။
စာချဆရာတော် ပြောနေတာကို ရဟန်းက တင်ပါ့၊ ဟုတ်လား စသဖြင့် တစ်ခွန်းမှ ပြန်မပြောလို့ မသင်္ကာဖြစ်ပြီး ခြုံထားတဲ့ စောင်ကို ဆွဲလှပ်ကြည့်လိုက်တော့ စာချဆရာတော်က “ဟင်” ဆိုတဲ့ အသံနဲ့ အံ့သြသွားပါတယ်။ နေကထိုင်အ၀ါလေးကို ရင်ဘက်ပေါ်တင် လက်နှစ်ဘက်က ဖိထားပြီး အသက်ပျောက်နေတဲ့ ရဟန်း ကိုတွေ့ရလို့ ဖြစ်ပါတယ်။
သူတို့တွေသည် သေလောက်အောင်ပင် လောဘမီး အလောင်ခံရတာပါ။ ဦးဇင်းတို့တွေသည်လည်း အလောင်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ လိုပါလိမ့်မယ်။ လောဘစရိုက် အားကြီးတဲ့သူတွေက အသုဘကမ္မဋ္ဌာန်း ပွားများခြင်းနဲ့ သင့်တော်ပါတယ်။ “တစ်စတစ်စ စွန့်ဝံ့မှလျှင်၊ ဘ၀နောင်နောက်၊ ဆက်တိုင်းကောင်း၏” ဆိုတဲ့ တရားစာစုလေးအတိုင်း လောဘနည်းနည်းစွန့်နိုင်လျှင် နည်းနည်းချမ်းသာမယ်၊ များများစွန့်နိုင်ရင် များများချမ်းသာမယ်၊ အကုန်လုံးစွန့်နိုင်ရင် နိဗ္ဗာန်ကိုပါ ရနိုင်ပါတယ်။
တသံသရာလုံးက ပါလာခဲ့တဲ့ လောဘ စရိုက်ဆိုးကို အပြီးနိုင်ပယ်သတ်နိုင်ပြီး ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်သို့ တိုင်အောင် ကျင့်ကြံအားထုတ်နိုင်ကြပါစေ…။

Friday, September 23, 2011

ချီးမြှောက်ခြင်းနှင့် လှူဒါန်းခြင်း

(သင်္ဂဟ) ဆိုတာ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောဖြစ်တယ်။ လှူဒါန်းခြင်း (ဒါန) ဆိုတာ မိမိနဲ့ ပိုင်ဆိုင်တဲ့ ပစ္စည်းကြားမှာ တွယ်တာနေတဲ့ သံယောဇဉ်ကို ဖယ်ရှားတဲ့ သဘောဖြစ်တယ်။


တောင်တွင်ကြီး နတ်မှီတောရ ဆရာတော်ကြီး

မိမိပိုင်ဆိုင်တဲ့ ပစ္စည်း ဥစ္စာကို သူတစ်ပါးအတွက် ပေးကမ်းတာနဲ့ ပတ်သတ်လို့ မင်္ဂလာတရားတော်မှာ သင်္ဂဟနဲ့ ဒါနဆိုပြီး နှစ်မျိုး ပါရှိတယ်။ ဒီနှစ်မျိုးထဲမှာ သားမယားတို့ကို ပေးကမ်းတာ၊ ဆွေမျိုးတို့ကို ပေးကမ်းထောက်ပံ့တာကို သင်္ဂဟ လို့သုံး ပါတယ်။ အလှူခံ ပုဂ္ဂိုလ်တို့ကို ပေးကမ်းတာကိုတော့ ဒါန လို့ သုံးပါတယ်။

သင်္ဂဟရဲ့ သဘောက မိမိက သားမယား ဆွေမျိုးတို့ကို ပေးကမ်းတဲ့ အတွက် လောလောဆယ်မှာ လက်ခံရယူလိုသူတို့ရဲ့ ဘ၀ကို လုံခြုံပြည့်စုံစေတယ်။ ရယူသူတို့ရဲ့ ကျေးဇူးသိမှု၊ ကျေးဇူးတုန့်ပြန်မှုတို့ကြောင့် ပေးကမ်းသူရဲ့ ဘ၀ကိုလည်း လုံခြုံပြည့်စုံစေပါတယ်။ ပေးသူ ယူသူ နှစ်ဦး နှစ်ဖက်တို့ရဲ့ ဘ၀လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။ ဒါနရဲ့ သဘောက အလှူခံ ပုဂ္ဂိုလ်တို့ အပေါ်မှာ အကျိုးဆောင်ပေးလိုတဲ့ စေတနာနဲ့ ဂုဏ်ကျေးဇူးကို ပူဇော်လိုတဲ့ စေတနာ သက်သက်နဲ့ မိမိပိုင်ပစ္စည်းကို တွယ်တာငဲ့ကွက်မှု မထားပဲ လွတ်လွတ်စွန့်ကြဲတဲ့ သဘောပါ။ မိမိနဲ့ ပစ္စည်းတို့ အကြားမှာ တွယ်တာ ကပ်ငြိနေတဲ့ သံယောဇဉ်အစွဲ ဥပါဒါန်ကို ပယ်ရှားတဲ့ သဘော၊ တဖြည်းဖြည်းပါးရာကနေ ပြတ်သွားတဲ့ အထိရောက်အောင် လေ့ကျင့်ပေးတဲ့ သဘောသက်သက်ပါ။ အတွယ်အတာ အနှောင်အဖွဲ့ဖြစ်တဲ့ အနှောင့်အယှက်တွေ နည်းပါးသွားစေတဲ့ အတွက် မင်္ဂလာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေဟာ အလှူရေစက်လက်နဲ့ မကွာ ဆိုသလို ဒါနတွေ ဒီလောက်ကြိုးစားနေရက်နဲ့ ကြီးပွားချမ်းသာတာ ကျတော့ အနောက်နိုင်ငံက လူတွေကို ဘာ့ကြောင့်မမီရတာလဲ ဆိုတဲ့အကြောင်း တချို့က ပြောကြပါတယ်။ ဒီနေရာမှာ ကြီးပွားချမ်းသာခြင်းကို ကံအကြောင်းတရား တစ်ခုတည်းအပေါ်မှာသာ တည်မှီနေတယ်လို့ အယူအဆမှားနေတယ်လို့ပဲ ဆိုရမှာပါ။ အမှန်တော့ မြတ်စွာဘုရားဟောတော်မူတဲ့ ကြီးပွားချမ်းသာခြင်း အကြောင်းတရားက လေးပါး ရှိပါတယ်။ ရှေး ကုသိုလ်ကံရှိခြင်း၊ သင့်လျော်တဲ့ အရပ်ဒေသမှာ နေရခြင်း၊ သူတော်ကောင်း၊ ပညာရှိတို့ကို မှီခိုခွင့်ရခြင်း၊ မိမိကိုယ်ကို ကောင်စွာ ဆောက်တည်နိုင်ခြင်းဆိုတဲ့ သမ္ပတ္တိစက် လေးပါး ပါပဲ။

ဗုဒ္ဒဘာသာဝင်တွေ အနေနဲ့ သင်္ဂဟတရားနဲ့ဒါနကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ ကိုယ့်ပစ္စည်း သူများကိုပေးလိုက်ရင် ဒါနချည်းပဲ ထင်နေကြတယ်။ မင်္ဂလာကဗျာကို သေသေချာချာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ သင်္ဂဟနဲ့ ပတ်သတ်လို့...
~ ကြွေးသစ်ချကာ သားနှင့် မယားကို မြှောက်စားချီးမြှင့် ၀ဋ်ကုန်စေ။
~ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
ဒီနေရာမှာ သင်္ဂဟတရားဆိုတာ တစ်ဘ၀ အိုစာ မင်းစာအဖြစ်နဲ့ ကြွေးသစ်ချတဲ့ သဘောမျိုး ပေးတာ၊ ဆွေမျိုးတွေကို ပြင်ပမထားနဲ့ ဆိုတာကလည်း အရေးကြုံရင် ကိုယ့်ရဲ့ အတွင်းလူယုံ အဖြစ်အားကိုးရအောင် စည်းရုံးရေးသဘောနဲ့ ပေးတာမျိုးပါ။ နတ်မှီတောရ ဆရာတော်မိန့်သလိုပဲ ဘ၀လုံခြုံရေးအတွက် ရင်းနှီးမြှုပ်နှံတဲ့ သဘောနဲ့ ပေးတာမျိုးကို ဆိုလိုတာပါ။

ဒါန ဆိုတာကိုကျတော့... ~ သုံးတန်စေတနာ ဖြူစင်လန်းလို့ ပေးကမ်းဝေမျှ လှူနိုင်စေ။ သုံးတန်စေတနာ ဖြူစင်လန်းလို့ ဆိုတာ မလှူမီကော လှူဆဲမှာကော လှူပြီးတဲ့ နောက်မှာကော စေတနာသုံးတန်လုံးမှာ လောဘ၊ ဒေါသစတဲ့ ကိလေသာ အညစ်အကြေးတွေ စင်စင်ကြယ်ကြယ်ထားပြီး ပေးကမ်းလှူဒါန်း ရမှာဖြစ်ပြီး ရရှိမယ့် အကျိုးကိုတောင် ကိုယ့်အတွက်ဆိုတဲ့ လောဘစိတ်မထားပဲ အမျှအတန်းပါ ပေးဝေရမယ်လို့ ဆိုတာပါ။

ဒါနလို့ အမည်တပ်ထားပေမယ့် ကိုယ့်အတွက် ဘ၀လုံခြုံရေး လောကီစည်းစိမ်ရရှိရေးကို တောင့်တပြီး ပေးကမ်းတယ်ဆိုရင် ဒါဟာ သင်္ဂဟ သဘောနဲ့ ပေးကမ်းမှုသာဖြစ်တယ်။ ဒါန မဟုတ်ပါဘူး။ ဒါနဖြစ်အောင် ပေးတာဖြစ်ရင်လည်း အတွယ်အတာ အစွဲဥပါဒါန်ကင်းရေး အတွက် လေ့ကျင့်တာဖြစ်လို့ ပါရမီမြောက်တဲ့ ကုသိုလ်ပဲ ဖြစ်ရမှာပါ။

တောင်မြို့ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ မိန့်ကြားတဲ့... တစ်စ တစ်စ စွန့်ဝံ့မှလျှင် ဘ၀နောက်နှောင်း တာရှည်ကောင်း၏ ဆိုတာလည်း ပါရမီမြောက်အောင် စေတနာသုံးတန် အစင်အကြယ်နဲ့ ပြုလုပ်ခြင်း ဒါနစစ်စစ်ကို ပြောတာပါပဲ။ သင်္ဂဟ သဘော ပေးကမ်းခြင်းနဲ့ ပတ်သတ်လို့ ၀ိသုဒ္ဒိမဂ်မှာ...

ယသကာမတာယ ပ၀တ္တိတံ ဟီနံ = လောကီအခြံအရံ အကျော်အစောကို တောင့်တပြီး ဖြစ်စေတဲ့ ပေးကမ်းမှုဟာ အနိမ့်စားသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

တကယ်လို့ လောကီကောင်းကျိုးလောက်ကိုသာ တောင့်တပြီး ပြုလုပ်တယ်ဆိုရင်လည်း ပုညဖလ ကာမတာယ ပ၀တ္တိတံ မဇ္ဈိမံ = ကောင်းမှု အကျိုးကို မျှော်ကိုးတောင့်တပြီး ပြုလုပ်တဲ့ ကုသိုလ်ဟာ အလယ်အလတ်တန်းစား အဆင့်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။ 

ပါရမီမြောက်တဲ့ ကုသိုလ်စစ်စစ်နဲ့ ပတ်သတ်လို့ ကျတော့...

ကတ္တဗမေ၀ိဒန္တိ အရိယဘာဝံ နိဿာယ ပ၀တ္တိတံ ပဏီတံ = ဒီလို ကုသိုလ်အလုပ်ဆိုတာ အရိယာလောင်းလျာတို့ ပြုရိုးပြုစဉ် ပြုလုပ်ထိုက်တဲ့ အလုပ်တယ်လို့ ခံယူပြီး ကိလေသာ ကင်းစင်တဲ့ အရိယာ အဖြစ်ကို အမှီပြုဖြစ်စေအပ်တဲ့ ကောင်းမှုသာ အမြတ်ဆုံး ဖြစ်တယ်လို့ ဆုံးဖြတ်ပါတယ်။ ဒီလိုဒါနမျိုးမှသာ ကိုယ်က ကန့်သတ်တောင့်တခြင်း မရှိတဲ့ အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုတဲ့ အထိ အကန့်အသတ်မရှိ အကျိုးကြီးမားတယ်လို့ ဆိုလိုတာပါ။

ဗုဒ္ဓဘာသာဝင် တော်တော်များများဟာ ဘယ်ကုသိုလ်မဆို သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင် အဖြစ်နဲ့ ပြုလုပ်မှသာ စင်ကြယ်မြင့်မြတ်တဲ့ အလှူဖြစ်မယ်လို့ အစွဲသန်တတ်ကြပါတယ်။ မြတ်စွာဘုရား ပါရမီဖြည့်ခဲ့တဲ့ အချိန်ကာလဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာတယ်။ ဘ၀ပေါင်းများစွာ မရေမတွက်နိုင်ပါဘူး။ ဒီလောက်ကြာတဲ့ အချိန်ကာလအတွင်း မှာ သဗ္ဗညုတ ဘုရားရှင်ပေါင်း ၂၄ဆူသာ ပွင်းပါတယ်။ ဘုရားမပွင့်တဲ့ ကပ်ကမ္ဘာတွေ အများကြီးပါပဲ။ အဲဒီအချိန်ကာလ တွေမှာ ဘုရားအလောင်း ဖြည့်ခဲ့တဲ့ ပါရမီကုသိုလ်တွေကို မစင်ကြယ်တဲ့ ကုသိုလ်တွေလို့ မှတ်ယူရမလား စဉ်းစားသင့် တယ်။ ဒါနပရမတ္ထ ပါရမီရဲ့ သာဓကဖြစ်တဲ့ ယုန်မင်းဟာ ဘယ်ဘာသာဝင်လို့ ပြောရပါ့မလဲ။

ဒီနေရာမှာ ကွဲကွဲပြားပြား နားလည်ဖို့က ဒုက္ခငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ ကျင့်မယ်ဆိုရင် မဂ္ဂင်ရှစ်ပါးကလွဲလို့ တခြားနည်း မရှိပါဘူး။ မဂ္ဂင်ရှစ်ပါးဆိုတာက သဗ္ဗညုတ ဘုရားရှင်တို့ရဲ့ သာသနာတော်က လွဲလို့ တခြားဘယ်မှာမှ မရှိနိုင် ပါဘူး။ ဒါက လုံးဝ ပုံသေကားကျပါပဲ။ မြင့်မြတ်တဲ့ ပါရမီ ကုသိုလ်ဖြစ်ဖို့ရာကတော သာသနာတွင်း သာသနာပ ရယ်လို့ ကန့်သတ်ချက်မရှိပါဘူး။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ  
ဆိုတဲ့ အတိုင်း စေတနာ ဓမ္မဟာ အဓိကပဲ။ စေတနာ ဓမ္မဆိုတာ ဓမ္မနိဿတ္တ နိဇ္ဇိ သဘောဖြစ်လို့ သတ္တဇီဝ ဆိုတဲ့ ကန့်သတ်ပိုင်းခြားထားခြင်း မရှိပါဘူး။

ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ မာသာထရီဇာ တို့လို ကိုယ်ကျိုးအားလုံးကို စွန့်လွှတ်ပြီး ဒုက္ခိတ သတ္တ၀ါမှန်သမျှကို လူမျိုး ဘာသာ ကန့်သတ်ခွဲခြားမှု မထားပဲ စာနာထောက်ထား ရိုင်းပင်းကူညီတဲ့ ကုသိုလ်မျိုးကို မစင်ကြယ်ဘူးလို့ လုံးဝ ပြောလို့ မရပါဘူး။ ဗုဒ္ဓလမ်းစဉ်ရဲ့ မမြင့်ဆုံး ရည်မှန်းချက်က အစွဲဥပါဒန်တွေ အားလုံးချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို အာရုံပြုနိုင်ရေး ဖြစ်ပါတယ်။ ဒါနဆိုတာ မိမိကိုယ်နဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်း၊ ဥစ္စာတို့ အပေါ်မှာ တွယ်တာစွဲလမ်းနေမှု (ဥပါဒါန်) တရားကို ပယ်ဖြတ်နိုင်အောင် လေ့ကျင့်ပေးတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ပါရမီဆယ်ပါးထဲမှာ ဒါနပါရမီကို ပထမဆုံး ထားရတာဟာ လူတိုင်းလည်း လုပ်နိုင်လို့၊ ပြုလုပ်ရတာလည်း လွယ်ကူလို့ လို့ တချို့က ပေါ့ပေါ့လေး မှတ်ထင်တတ်ကြပါတယ်။ အမှန်ကတော့ ငါ... ငါ့ဥစ္စာလို့ သတ်မှတ်စွဲလမ်းနေတဲ့ အတ္တ၀ါဒနဲ့ ဥပါဒါန် ထုထည်ကြီးကို တဖြည်းဖြည်း ပါးရာကနေ ပျောက်သွားအောင် လေ့ကျင့်ပေးတဲ့ တကယ့် အခြေခံ အလုပ်ပဲ ဖြစ်ပါတယ်။ စွဲလမ်းမှု ဥပါဒါန်အားကြီးနေရင် သီလလည်း မစင်ကြယ်နိုင်ဘူး။ ကျန်တဲ့ နေက္ခမ္မ၊ ပညာ၊ ၀ီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန၊ မေတ္တာ၊ ဥပေက္ခာပါရမီတို့ ဆိုတာတွေလည်း လုံးဝ မစင်ကြယ်နိုင်တော့ပါဘူး။

အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါနရဲ့ အရေးပါမှုကို အလေးအနက် သဘောပေါက်ကြဖို့နဲ့ တန်ဖိုးထားတတ်ကြဖို့ပါ။ သာသနာတော်နဲ့ ကြုံကြိုက်လို့ ဒါနဆိုတဲ့ အလုပ်ကြီးတစ်ခုကို လုပ်ကြတဲ့ အခါမှာ တစ်ဘ၀စာပဲ ဖြစ်ဖြစ်၊ တစ်သံသရာလုံး အတွက်ပဲဖြစ်ဖြစ် လောကီ ဘ၀လုံခြုံရေးအတွက် အရင်းအနှီးမြှုပ်နှံတဲ့ အလုပ်တစ်ခုလို့ သဘောထားလုပ်ကိုင်နေရင် ဒါန မဟုတ်ဘူး။ သင်္ဂဟ မင်္ဂလာသာဖြစ်တယ်။ ဒါနရဲ့ အစွမ်းသတ္တိဟာ အစွဲဥပါဒါန်အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ ပေးစွမ်းနိုင်တဲ့ အမြင့်မြတ်ဆုံး မင်္ဂလာလုပ်ငန်းကြီးဖြစ်လို့ သင်္ဂဟ မင်္ဂလာ အဆင့်လောက်နဲ့ ရပ်တန့် မနေသင့်ဘူးဆိုတာပါ ပဲ။ လောကရဲ့ ဒုက္ခတွေ အားလုံး ကုန်ဆုံးရာ နိဗ္ဗာန်အထိ အကျိုးပြီးစေနိုင်တဲ့ ဒါန စစ်စစ်ကြီး ဖြစ်ပြီဆိုရင်တော့ တခြားမပြီးစေနိုင်တဲ့ ကိစ္စရယ်လို့ ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကို နားလည် တန်ဖိုးထားကြဖို့ပါ။

ဒါနစစ်စစ်ဖြင့် ပါရမီအားလုံး အထောက်အကူဖြစ်ပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်ကြပါစေ...
ဝန်ခံချက်။ ။ဓမ္မဘေရီ ဆရာတော်ကြီး ရေးသားသော မထေရ်မြတ်တို့စကားဝိုင်း(၇) စာအုပ်ပါ ဆောင်းပါးများမှ ထုတ်နှုတ်ရေးပါသည်။

Sunday, September 11, 2011

ဘုရားရှင်အကြောင်းတစေ့တစောင်း

                                            ဖွားမြင်ခြင်း
ယနေ့ ဗုဒ္ဓဘာသာဝင်တို့အား တရား စတင်ညွှန်ပြသူသည် သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် သည်။ ဘုရားရှင်၏ မျိုးနွယ်မှာ ဂေါတမဖြစ်၍ ဂေါတမဗုဒ္ဓ -ဟု အမည်တွင်သည်။ ဘုရားကို ရှေးမြန်မာတို့က (ပုသျှ) ဟု ခေါ်ခဲ့ကြသည်။ ကာလအလျောက် ပုသျှ-ပုရား-ဖုရား-ဘုရား စသည်ဖြင့် ပြောင်းလဲခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ ဟိန္ဒူဗြဟ္မဏတို့ က လူအများအား လမ်းညွှန်ပြသော ခေါင်းဆောင်ကို (ပုရုသျှ)ဟု ခေါ်သည်။ ပုရုသျှ သည် ပါဠိလို (ပုရိသ)ဖြစ်သည်။ မြန်မာလို ယောက်ျား ဟုအဓိပ္ပါယ်ရသည်။ ပုရိသမှ ပုဂံခေတ်တွင် ပုရဟာ၊ ပုရဟာမှ ပုရှာ၊ ပုရှာမှ ဘုရားဟု ပြောင်းလဲလာသည်။ တရား ညွှန်ပြသူ ဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၅၀ကျော်က ပေါ်ပေါက်ခဲ့သူဖြစ် သည်။ ယခု အိန္ဒိယပြည်မြောက်ပိုင်း၊ နီပေါနယ်စပ်၌ကပိလ၀တ်ပြည် ရှိခဲ့သည်။ ယင်းပြည်သည် အများဆန္ဒဖြင့် အုပ်ချုပ်ကြသည့် “ဂဏ”တိုင်းပြည်ငယ် ဖြစ်သည်။ ကပိလ၀တ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနနှင့် မယ်တော် မဟာမာယာဂေါတမီဒေ၀ီတို့မှ ဘုရားအလောင်းလျာကို မွေးဖွားခဲ့သည်။ ငယ်မည် သိဒ္ဓတ္ထကုမာရ ဖြစ်သည်။ အမျိုး နွယ်ဟူသည်မှာ အမိဘက် အမျိုးအအမည်ဖြစ်၍ ဂေါတမအနွယ် ဖြစ်သည်။ အမျိုး မှာ အဖဘက်အမျိုးအမည် သကျဟုခေါ်သော သာကိယမျိုးဖြစ်သည်။ သိဒ္ဓတ္ထကု မာရ ၁၆နှစ်သားအရွယ်တွင် ဘဒ္ဒကဉ္စနာ ငယ်မည်ရှိသော ယသောဓရာ အမည်ရှိ မင်းသမီးနှင့် ထိမ်းမြား၍ ကပိလ၀တ်ထီးနန်းကိုဆက်ခံကာ ဘုရင်ပြုအုပ်ချုပ်ခဲ့သည်။ ဘုရင်အဖြစ် ကာမဂုဏ်စည်းစိမ်ချမ်းသာကို အသက်၂၉နှစ်အထိခံစားခဲ့သည်။ အသက်၂၉နှစ်တွင် တိုင်းခန်းလှည့်လည်ရင်းလောကကြီး၏ နိမိတ်လေးပါး ကိုမြင်ခဲ့သည်။
ယင်းနိမိတ်လေးပါးမှာ-
(၁) လောကကြီး၏ မရှင်မသန်တော့ဘဲ အိုမင်းရင့်ရော်နေခြင်းနိမိတ်၊(သူအို)
(၂) လောကကြီး၏ ပျက်စီးယိုယွင်းနေသည့် နိမိတ်၊(သူနာ)
(၃) လောကကြီး၏ ရှင်သန်မှုကင်း၊ သေဆုံးနေခြင်း နိမိတ်၊(သူသေ)
(၄) လောကကြီးအတွက် အပြစ်အနာအဆာ ကင်းမဲ့ရာကို ရှာဖွေခြင်းနိမိတ်၊(ရဟန်း)
ဟူ သောနိမိတ်ကြီးလေးပါး ဖြစ်သည်။
ယင်းနိမိတ်ကို နှောင်းလူများက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟု တင်စားပြောဆို သိနားလည်ခဲ့ကြ၏။ ယင်းနိမိတ်များကို ဆင်ခြင်သံဝေဂယူခါ သိဒ္ဓတ္ထကုမာရ သည် အမိ၊ အဖတို့ မျက်ရည်အသွယ်သွယ် စီးကျစဉ်၊ အမိအဖတို့မျက်မှောက်မှ ထီးနန်း ကိုစွန့်ခါ ဖန်ရည်စွန်းအ၀တ်ကိုဝတ်၍ အိုမင်းရင့်ရော်ခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ရှင်သန်မှုကင်း သေဆုံးခြင်းတို့မှ လောကကြီးလွတ်မြောက်ရေး ရနိုင်မည့် တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာဖွေခဲ့သည်။


                                             တရားရှာရန်တောထွက်ခါနီး
 

သိဒ္ဓတ္ထကုမာရသည် တရားရှာဖွေရန်ထွက်ခွါရာ၌-
(၁) ငါ -တရားသိသလို လူတွေအားလုံး တရားသိစေရမည်၊ (ဗုဒ္ဓေါဗောဓေယျံ)။
(၂) ငါ -တရားကျင့်သလို လူတွေအားလုံး တရားကျင့်စေရမည်၊(တိဏ္ဏော တာရေ ယျံ)။
(၃) ငါတရားရ၍ လွတ်မြောက်ပြီး ငြိမ်းချမ်းသလို၊လူတွေအားလုံးတရားရ၍ လွတ် မြောက်ပြီး ငြိမ်းချမ်းစေရမည်၊ (မုတ္တော မောစေယျံ)-ဟ
ု ရည်ရွယ်ချက်ထားရှိခဲ့ သည်။ သိဒ္ဓတ္ထမင်းသားသည် တရားရှာဖွေသည့်အခါ ကာမအာရုံများကိုအပြစ်မြင် စွန့်ခွါခဲ့ပြီးနောက်၊
(၁) အာရုံအများကို ၀င်စားခြင်း အတွေးစိတ်များကို ပယ်ဖျက်၍(သညာဝိရာဂ)၊ တစ်နေရာတည်းတွင် တစ်ကိုယ်တည်း၊ တစ်အာရုံတည်းမှာ တစ်စိတ်တည်းဖြင့် (ရုပ်)အာရုံတစ်ခုတည်းမှာစွဲမြဲစေသော ရူပဈာန်အကျင့်ကိုလည်းကျင့်ခဲ့သည်။ ထိုအ ခါအသိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအသိမဲ့ချမ်းသာသည် ကာမချမ်းသာ ထက် ပို၍ပို၍ အလှိုင်းကြီးချမ်းသာသော်လည်းလောကကြီးလွတ်မြောက်ရေး ရနိုင်မည့်တရား(ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။
(၂) ထိုနောက် အာဠာရ၊ ဥဒက ဟုအမည်ရှိသော ရသေ့များထံ နည်းခံ၍ ရုပ်အာရုံ များကိုပယ်ဖျက်ခြင်း(ရူပ၀ိရာဂ)၊ ထိုမရှိအာရုံ၌စွဲမြဲစေသောအရူပဈာန်အကျင့်ကို လည်းကျင့်ခဲ့သည်။ ထိုအခါ အရှိမဲ့ချမ်းသာကို ခံစားရသည်။ ထိုအရှိမဲ့ချမ်းသာသည် ကာမချမ်းသာထက် ပို၍ချမ်းသာသော၊ ရူပဈာန်(အသိမဲ့ချမ်းသာ)ထက် ပို၍ပို၍ အလှိုင်းကြီး ချမ်းသာသော်လည်း လောကကြီးလွတ်မြောက်ရေးရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို မရခဲ့ပေ။ သိဒ္ဓတ္ထကုမာရသည် ဤရူပဈာန်၊ အရူပဈာန်များကို ပြင်းပြင်းထန်ထန် အဆင်းရဲအပင်ပန်းခံ၍ သေလုနီးပါး ၆နှစ်မျှကျင့်သော်လည်း လောကကြီးလွတ် မြောက်ရေး ရနိုင်မည့်တရား (ဥတ္တရိမနုဿဓမ္မ)ကို ရှာမတွေ့ခဲ့ ပေ။ အရူပဈာန်ကျင့်ရင်း သေလုနီးပါး ဖြစ်သောအခါမှ သတိပြန်လည်ကာ ယင်းအကျင့်များသည် ကိုယ့်ကိုယ်စိတ်ညှဉ်းပမ်းရေးလမ်း တစ်နည်းအားဖြင့် ဘ၀ ညှိုးနွမ်းခြောက်ခန်းစေသောအကျင့်(အတ္တကိလမထာနုယောဂ)အဖြစ်ဖြင့်တရားမရစေသောလမ်း ဟု သိမြင်၍၊ ယင်းအကျင့်များ စွန့်ပယ်လိုက်သည်။


                                              သမ္မာသမ္ဗုဒ္ဓဘုရားဖြစ်ခြင်း
 

ထို့နောက် ငယ်စဉ်ပက်လက်မျှနေစဉ် လူမမည်ဘ၀က၊ ဖခင်သုဒ္ဓေါဒနဘုရင်ကြီး လယ်ထွန်မင်္ဂလာဆင်းစဉ် အထိန်းတော်များသည် မိမိကိုသပြေပင်ရိပ်၌သိပ်ခါ နို့ချို မတိုက်၊ ရေမတိုက်ဘဲနံနက်မှသည်ညနေစောင်းသည်ထိအထီးတည်းထားခဲ့သော် လည်း၊ မိမိ၌စိတ်ဆိုး၊ စိတ်ဆာမှုမရှိဘဲ ငြိမ်းချမ်းစွာကြည်ကြည်လင်လင် နေထိုင် သောကြောင့် ဖခင်ဘုရင်ကြီး၏ ဂရုဂါရ၀ပြုခံရမှု၏ အကြောင်းရင်းများကို ပြန်လည်ဆင်ခြင်ကာ၊ ယင်းနေထိုင်မှုကို ပြန်လည်ကျင့်သုံးရင်း အမြင့်မြတ်ဆုံးသော လူသား၏ ဂုဏ်ရည်သိက္ခာတရား (ဥတ္တရိမနုဿဓမ္မ)ကို ထိုးထွင်းသိမြင်ခဲ့သည်။ တရားကိုသိမြင်၍ အရိယသစ္စာစက်လည်ကာ သမ္မာသမ္ဗုဒ္ဓဘုရား ဖြစ်သည်။ ထိုနေ့ သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်နေ့၏ နေအရုဏ်တက်ချိန်ဖြစ် သည်။ ထို့ကြောင့် ဘုရားဘ၀တွင် အကျင့် သုံးပိုင်းရှိခဲ့သည်-
(၁) ကပိလ၀တ် ထီးနန်းစည်းစိမ်၌ အသက်၂၉နှစ်ထိနေထိုင်သောကာလ တစ်ပိုင်း၊ (ယင်းကို ကာမသုခလိကာနုယောဂ ဟုဆိုရသည်)။
(၂) ရူပဈာန်၊ အရူပဈာန် ၆နှစ်ကြာ ကျင့်ကြံသောကာလ တစ်ပိုင်း၊(ယင်းကို အတ္တ ကိလမထာနုယောဂဟု ဆိုရသည်)။
(၃) ဘုရားဖြစ်၍ တရားဖြင့် ၄၅နှစ်ကြာ နေသောကာလတစ်ပိုင်း ဖြစ်သည်။
ဗုဒ္ဓဘုရားသည် ဘုရားမဖြစ်မီ ထီးနန်း၌နေရာတွင် သမုတိသစ္စာတရား၌ မိမိကိုယ် မိမိမပိုင်မှု၊ လွတ်မြောက်ခြင်းမရှိမှုတို့ကို ငြီးငွေ့ရာမှ ပရမတ္ထသစ္စာကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ တဖန် ပရမတ္ထသစ္စာ၌လည်း မိမိကိုယ်မိမိ မပိုင်မှုကို ထပ်မံသိပြန် ၍၊ စွန့်ရပြန်သည်။ ထို့နောက် စိတ်ဆိုးစိတ်ဆာမရှိအောင် သတိဖြင့် ကျင့်သုံးနေထိုင် ရာမှ အရိယသစ္စာကိုတွေ့မြင်ပြီး၊ မိမိကိုယ်မိမိ ပိုင်စိုးသည့် သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ် ရလေသည်။ ထို့ကြောင့် ဗုဒ္ဓဘုရားသည် လောကမှလွတ်မြောက်ရေး တရား အဖြစ် သမ္မာ တစ်လုံးကို သိမြင်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားကို တရားက မွေးဖွားခြင်းဖြစ်သည်။


  တရားဟောခြင်း

သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်ကို ရောက်စေသော အရိယသစ္စာတရား မှာလူသည် ကောင်းတာလုပ်လျင် ကောင်းသူဖြစ်၍၊ မကောင်းတာ လုပ်ပါက မကောင်းသူဖြစ်သည် ဟူသောအချက်ပင်ဖြစ်သည်။ ဤတရားသည် ရိုးစင်းလှ သည်။ လူတိုင်းသိသည် ဟုထင်ရဖွယ်ရှိသည်။ သို့သော် ဆင်းရဲနှင့်ချမ်းသာဖြစ်မှု များဆိုင်ရာတွင် မရိုးသားသော အမြင်များသည် လူတို့၌ လက်ဦးစွဲရောက်နေသဖြင့် ဤရိုးစင်းသော တရားကိုမမြင်နိုင်ကြခြင်းဖြစ်သည်။ မိမိ၏ ဆင်းရဲနှင့်ချမ်းသာ ကိုတန်းခိုးရှင်က ဖြစ်စေ၊ နက္ခတ်တာရာကဖြစ်စေ၊ ဓာတ်ကဖြစ်စေ၊ နတ်ကဖြစ်စေ၊ လူမဖြစ်မီရှေးကံကဖြစ်စေ၊ ပြုလုပ်သည် ဟု ခံယူကြသည့် အမြင်များဖြစ်သည်။ ဤအမြင်များသည် မရိုးသားသော အမြင်များဖြစ်၍ အမှန်မမြင်ရန်ဖုံးကွယ်ထား သည်။ ဤအမြင်များကို ခံယူထားကြသူတို့သည် ကိုယ်ပြုသမျှကိုယ်ခံရ၊ စံရသည် -ဟူသော ဘုရား၏တရားကို အပြင်းအထန် ငြင်းဆန်ကြသည်။ ထို့ကြောင့် ဘုရား သည် သိနိုင်သူအချို့ကိုသာ ရွေးချယ်ဟောပြောခဲ့သည်။ ဘုရား၏ စားဝတ်နေ ရေးမှာ အစားအတွက် ဆွမ်းခံစားသည်။ ဆွမ်းခံခြင်းဟူသည် ထမင်းတောင်းခြင်း မဟုတ်။ ထမင်းပေးခြင်းကို လက်ခံခြင်းသာဖြစ်သည်။ အ၀တ်အတွက် ပိုင်ရှင်မဲ့အ ၀တ်များကို ရှာဖွေဝတ်သည်။ အနေအတွက် သစ်ပင်၊ တောင်ခေါင်း၊ သူတပါးလှူ သော ဇရပ်၊ ကျောင်းတို့၌နေသည်။ ဘုရားသည် စားဝတ်နေရေးအတွက် သီးခြား အားထုတ်၍ အလုပ်မလုပ်။ တရားဓမ္မ ဟောပြောပြသမှုကို ပြုနိုင်ရန်အတွက်သာ စားဝတ်နေမှုကိုမှီဝဲသည်။ လောကလူသားများကား အလုပ်လုပ်ဖို့ စားခြင်းမဟုတ်၊ စားဖို့အလုပ်လုပ်ခြင်းသာ ဖြစ်သည်။ ဘုရားသည် တရားထိုးထွင်းသိမြင်ပြီး နှစ်လ တရားမဟောဘဲ တရားကိုသာ အဖန်ဖန် ပြန်လည်သုံးသပ်ကာနေသည်။ ဘုရားဖြစ် ၍နှစ်လတိတိအကြာ ၀ါဆိုလပြည့်နေ့၌ မိဂဒါတော(မိဂဒါဝုန်)၌ တရားနာသူငါးဦး အဖွဲ့ကို ပထမဆုံး တရားဟောသည်။ ပဉ္စ၀ဂ္ဂီဟု အသိများကြသည်။ တရားဟော ကြားရာ၌ တရားရှာသူများ ရှောင်ရမည့် တရားအန္တရာယ်နှစ်ပါးနှင့် အရိယသစ္စာ လေးပါး တရားပြချက်၊ တရားစက်လည်ပုံများဖြစ်သည်။ ထိုတရားကို (ဓမ္မစကြာ တရားတော်) ဟု ယနေ့သိကြသည်။ ဓမ္မစကြာတရားတော်သည် ဘုရားရှင် တရားရ ပုံ(ဗုဒ္ဓ၀င်)ကို ပြန်လည်ပြောပြသောတရား ဖြစ်သည်။ ဘုရားရှင်ဟောသောတရားမှာ သိဒ္ဓတ္ထကုမာရကို သမ္မာသမ္ဗုဒ္ဓ စင်စစ်ဖြစ်စေသော (ပဋိစ္စသမုပ္ပါဒ်တရား)ဖြစ်သည်။ ထိုတရားကိုအခြေခံ၍ အရိယသစ္စာလေးပါးတရားကိုဟောခြင်းဖြစ်သည်။

လောကလွတ်မြောက်ငြိမ်းချမ်းရေး တရားဟောစေလွှတ်ခြင်း
 

ဓမ္မစကြာတရားဒေသနာသည် ဘုရားရှင်၏ ၄၅နှစ်တာကာလအတွင်း ဟောကြား သော တရားအားလုံး၏ အုတ်မြစ်တရားလည်း ဖြစ်သည်။ ပထမနေ့၌ တရားနာ သူငါးဦးအဖွဲ့မှ တစ်ဦးသာ ဘုရားတရားကို နားလည်ခဲ့သည်။ ထိုနေ့မှာပင် ထိုတရား သိသူသည် ဘုရားထံ တပည့်သံဃာအဖြစ်ခွင့်ပန် ၀င်ရောက်ခဲ့သည်။ နောက်တစ် ရက်စီ၌ တစ်ဦးစီ တရားရပြီး သံဃာဝင်များ ဖြစ်ကြသည်။ ဤသို့ဖြင့် ၀ါတွင်းသုံးလ ကာလ တရားဟောခဲ့ရာသီတင်းကျွတ်တွင် သံဃာဦးရေခြောက်ဆယ် ရရှိလာ သည်။ ဘုရားရှင်သည် ဤသံဃာဝင်များကို လူအများအတွက် အကျိုးစီးပွားဖြစ်စေ ရန်(ဗဟုဇန ဟိတာယ)၊ လူအများအတွက် ချမ်းသာသုခရစေရန်(ဗဟုဇန သုခါယ)၊ လောကကြီး ငြိမ်းချမ်းရှင်သန်စေရန်(လောကာနုကမ္ပါယ)- ဟူသော တရားရည်မှန်း ချက်များချပေးပြီး၊ တရားဟောရန်အတွက် တစ်ခရီးလျင် နှစ်ပါးမသွားဘဲ တစ်ပါး ကျစီသွားကြ ဟုမိန့်ကြား စေလွှတ်ခဲ့သည်။
သံဃာ့အဖွဲ့ဝင်များ
ဘုရားရှင်သည် တပည့်အဖွဲ့ဝင် သံဃာကို ဘုရားဖြစ်ပြီး နှစ်လအကြာတွင် စတင်ထူ ထောင်ခဲ့သည်။ ပထမဆုံး သံဃာအဖွဲ့ဝင်မှာ ပဉ္စ၀ဂ္ဂီဟူသော ငါးဦးအဖွဲ့မှ “အရှင် ကောဏ္ဍည”ဖြစ်သည်။ နောက်ဆုံးအဖွဲ့ဝင်မှာပါဝါပြည် မလ္လာမင်းတို့၏ အင်ကြင်း ဥယျာဉ်၌ ဘုရားလွန်ခါနီး သံဃအဖွဲ့ဝင်အဖြစ် ခွင့်ပန်ခဲ့သော “အရှင်သုဘဒ္ဒ”ဖြစ် သည်။ ဘုရားသည် တပည့်အဖွဲ့ဝင် သံဃာကို လက်ခံထားသော်လည်း ပုရိမဗောဓိ ခေါ်သော ပထမနှစ်၂၀တွင် သံဃာဝင်စည်းကမ်းဟူ၍ သတ်မှတ်မထားဘဲ တရား နှင့်သာ နေစေခဲ့သည်။ သံဃာဝင်များကို လပြည့်၊ လကွယ်နေ့တိုင်း ၁၅ရက်တစ် ကြိမ် ဥပုသ်ပြုစေကာ သြ၀ါဒပေး၍ စစ်ဆေးခဲ့သည်။ သြ၀ါဒ-ဟူသည်ကား ခံနိုင်ရည်ရှိခြင်း၊ ခံစားမှုနောက် မလိုက်ခြင်း၊ အခွင့်လွှတ်ခြင်း၊ မကောင်းမှုမပြုခြင်း၊ ကောင်းမှုပြည့်စုံအောင်နေခြင်း၊ စိတ်ဖြူစင်အောင်နေခြင်း၊ ဤသည်တို့ကား ဘုရား တို့၏အဆုံးအမပင်တည်း ဟူ၍ ဖြစ်ပါသည်။ ယင်းကို “သြ၀ါဒပါတိမောက်”ဟု ခေါ်ကြသည်။ ဥပုသ်ပြုခြင်း- ဆိုသည်မှာ-ဘုရားထံ ဆည်းကပ်မှုပြု၍ စစ်ဆေးခံခြင်း ဖြစ်သည်။ စစ်ဆေးခံပုံမှာ ဘုရားပေးသော သြ၀ါဒအတိုင်း မိမိ-ရှိ၊ မရှိနှင့်မရှိလျင် ရှိအောင်နေထိုင်ပါမည်ဟု ဖွင့်ဟ၀န်ခံ၍၊ ၀န်ခံရန် မရှိပါက ဆိတ်ဆိတ်နေခြင်းဖြစ်ပါ သည်။ ဘုရားသည် နှစ်ပေါင်း၂၀ကြာအောင် ဤသြ၀ါဒကို ပေးနေခဲ့သည်။ နှစ်ကာလ ရှည်လာသောအခါ သံဃာလိုက်နာသောတရား ကောင်းမွန်သောကြောင့် လူအများက အားထားကြည်ညိုလာကြသည်။ ထို့ကြောင့်သံဃာသည် ပစ္စည်းလေးပါး ချမ်းသာလာ၍ ဂုဏ်ပြုချီးမွမ်းမှု များစွာခံရသည်။ ထို့ကြောင့် ချမ်းသာကြွယ်ဝ လိုသော၊ ဂုဏ်ပြုမှု ချီးမွမ်းမှု ခံယူလိုသောအချောင်သမားများ သံဃာ့ဘောင်သို့ဝင် လာကြသည်။ ထိုသူတို့သည် တရားကို မသိကြ၊ သိရန်လည်း အားမထုတ်ကြ။ လာဘ်များ၍ စည်းစိမ်ချမ်းသာရရန်၊ ကျော်စောရန်၊ အချီးမွမ်းအပူဇော်ခံရန်(လာဘ၊ သက္ကာရ၊ သိလောက)ကိုသာ ကြိုးစားလာကြသဖြင့် သံဃာသည် ဂုဏ်ညှိုးလာ သည်။ ထို့ကြောင့် ဘုရားသည် ထိုအကြောင်းကိုသိ၍ သံဃာဝင်အသက်နှစ်(၂၀) အကြာတွင် “သံဃာ့ဝိနည်း”-ဟူသော သံဃာဝင်များ လိုက်နာရမည့်စည်းကမ်းကို စတင်ထုတ်ပြန် ပညတ်ခဲ့သည်။ ထို့ပြင် အမှုမဖြစ်ပေါ်ဘဲ ကြိုတင်၍စည်းကမ်းပြု ခြင်း (၀ါ) ၀ိနည်းပညတ်ခြင်း မပြုခဲ့၊ ပေါ်သောအမှုအလျောက် ၀ိနည်းကို ပညတ်ခဲ့သည်၊ စည်းကမ်းပြုခဲ့သည်။
ဘုရားမဟောသောတရားဘုရားရှင်သည် ဘုရားဖြစ်သည်မှ လွန်သည့်အချိန်ထိ ၄၅နှစ်တာကာလ၌ သံဃာ ၀င်များနှင့် ဆည်းကပ်သူ လူအများကို တရားဟောခဲ့သည်။ တရားများ ဟောကြားရာ တွင် ဘုရားသည် လူ၊ လူ့အသက်နှင့် လူမရှိသည့်အရာများကို ပြတ်ပြတ်သားသား ငြင်းဆိုဟောပြောခဲ့သည်။ လူများ(လောက)မြဲသလား၊ မမြဲသလား၊ လူများ (လောက) အဆုံးရှိသလား၊ မရှိသလား ပြဿနာ၊ သေပြီးနောက် ဖြစ်သလား၊ မဖြစ်သလား၊ တစ်ချို့ဖြစ်၍ တစ်ချို့မဖြစ်သလား၊ ဖြစ်လည်းမဟုတ်၊ မဖြစ်လည်းမဟုတ်သ လား ပြဿနာ၊ လူနှင့်အသက် တူသလား၊ မတူသလား ပြဿနာ၊ ဤပြဿနာ (၁၀)ချက် ဖြစ်သည်။ ဤပြဿနာ(၁၀)ချက်သည် လူ့ငြိမ်းချမ်းမှု အရိယသစ္စာတရား နှင့်မဆိုင်ဘဲ၊ အမြင်မှောက်မှား စိတ္တဇပွားစေသည့် ပြဿနာများ ဖြစ်စေသည့် တရားများသာ ဖြစ်သည်ဟု ဘုရားရှင်ရှင်းပြခဲ့သည်။ ထို့ကြောင့် ဘုရားဟောသော တရားများသည် လူ၏အရည်အသွေးခြင်းရာကို ဖော်ပြနေသော၊ လူ၏ဂုဏ်ရည်များ ဖြစ်သော လူ၏ ပြုမူလှုပ်ရှားမှုကံများ၏ဖြစ်ရာ၊ ဖြစ်ကြောင်းနှင့် ငြိမ်းရာ၊ ငြိမ်းကြောင်း ဟူသော အချက်လေးချက်သာ ဖြစ်သည်။ ယင်းကို “အရိယသစ္စာလေးပါး” ဟု သိကြသည်။ ထို့ကြောင့် ဘုရာ့တပည့်သာဝကများက အရိယသစ္စာလေးပါးမှ လွတ် သော ဘုရားတရားဟူသည် မရှိ(စတုသစ္စ ၀ိနိမုတ္တောဓမ္မောနာမ နတ္ထိ) ဟုမှတ်တမ်း ပြုခဲ့ကြခြင်းဖြစ်သည်။ ဘုရာရှင်သည် သက်တော်ရှစ်ဆယ်၌ ၀မ်းလျောရောဂါဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်။ ပါဝါပြည် မလ္လာမင်းတို့ အင်ကြင်းဥယျာဉ်ရှိ ညောင်စောင်း ၌လဲလျောင်းရင်း ဘုရားရှင်သည် ပရိနိဗ္ဗာန် မပြုမူမီ နောက်ဆုံးနာရီအနီးတိုင် နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကို တရားဟောတော်မူသည်ထိ လုံ့လ၊ ၀ီရိယကြီးမားစွာဖြင့် တရားကိုအလေးထားတော်မူခဲ့သည်။ သုဘဒ္ဒပရိဗိုဇ်ကို တရား ဟောရာတွင်- “ငါဘုရား၏ အဆုံးအမသာသနာ၌သာ မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရား ရှိသည်၊ ထိုအကျင့်မြတ်ကို လိုက်နာကျင့်ကြံနေသမျှ ကာလပတ်လုံးလူ လောကတွင် ရဟန္တာမဆိတ်သုဉ်းကြောင်း” ဟောခဲ့သည်။


                           ဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူခြင်း
သုဘဒ္ဒပရိဗိုဇ်ကို တရားဟောအပြီး ဘုရားရှင်သည်ညောင်စောင်းထက်၌ လျောင်းလျက်ပင် တပည့်သံဃာဝင်များအား မိမိအပေါ်၌ အပြစ်မြင်လျင် ပြောကြရန်၊ တရား၌ ယုံမှားရှိလျင် မေးကြရန် အခွင့်ပေးရာ တပည့်သံဃာဝင်တစ်ဦး တစ်ယောက်ကမျှ ဘုရားအပေါ် အပြစ်စိုးစဉ်းမျှ မမြင်ကြကြောင်း၊ တရား၌ ယုံမှား သင်္ကာ မရှိကြကြောင်း ပြန်လျှောက်ကြသည်။ ထို့နောက် ဘုရားသည် မှတ်သားဖွယ် စကားလေးခွန်းပြောခဲ့သည်။
(၁) ဘုရားကို ဆွမ်း၊ သင်္ကန်း၊ ပန်း၊ ဆီမီး၊ ရေချမ်း အစရှိသော အာမိသပူဇာဖြင့် ပူဇော်သက္ကာရ ပြုခြင်းထက် တရားကို မြတ်နိုးမှုကသာလွန်ကောင်းမွန်ကြောင်း၊
(၂) ပြောဆိုဆုံးမ၍ မရသူအား ကောင်းမကောင်း လမ်းညွှန်ဆုံးမမှု မပြုတော့ဘဲ လျစ်လျူရှုထားခြင်း ဗြဟ္မဒဏ် ထားရန်၊
(၃) ဘုရားအစား တရားနှင့်ဝိနည်းကို ဆရာအဖြစ် ကိုးကွယ်ရန်၊
(၄) ၀ိနည်းအငယ်များကို ပြင်ဆင်ခွင့်အာဏာကို သံဃာ့ထံ ပေးအပ်ကြောင်း တို့ ဖြစ်သည်။
(မှတ်သားသင့်ပါသည်)။
ဘုရားလွန်ပြီးနောက် ရုပ်ကြွင်းကို ရက်အနည်းငယ်ထားပြီး၊ မီးသင်္ဂြိုဟ်သည်။ မီးသင်္ဂြိုဟ်သောအခါ မီးရှိန်ပြင်းခိုက် အားလုံးပြာမကျမီရေဖြင့်ငြှိမ်းသောကြောင့် အရိုးဓာတ်အချို့ ပကတိအတိုင်းကြွင်း၍၊ အများအားဖြင့် အလုံးအခဲများအဖြစ်ကြွင်း သည်။ ဤဓာတ်ကြွင်းများကို ပါဠိလို “အ၀သေသရီရ”၊ မြန်မာလို ကိုယ်ကြွင်းများဟု ခေါ်သည်။ ယနေ့ ဓာတ်တော်များဟု ခေါ်ကြသည်။ ဓာတ်တော်ဟူသည်မှာ ဘုရား၏ဓာတ်လေးပါးဖြစ်၍ ခေါ်ခြင်းဖြစ်သည်။ ထိုကိုယ်ကြွင်း ဓာတ်တော်များသည် ယနေ့ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ပူဇော်စရာများအဖြစ် တည်ရှိနေသည်။ ဓာတ်တော်များနှင့်အခြားသော ဘုရားအသုံးအဆောင် ပစ္စည်းအကြွင်းအကျန်များ ကို စေတီ၊ ပုထိုးအဖြစ် ဘုရားအထိမ်းအမှတ်များ စိုက်ထူကိုးကွယ်ကြသည်။ ဘုရား ရုပ်ထုများကိုလည်း ထုလုပ်ကိုးကွယ်ကြသည်။ ဗုဒ္ဓဘာသာဝင်များသည် ဘုရား အထိမ်းအမှတ်နှင့် ရုပ်တုများ၊ ဓာတ်တော်များ အနီးအပါးသို့ရောက်လျင် ဦးညွှတ် ရိုသေဂါရ၀ပြု (ရှိခိုး) ကြရသည်။ ထိုသို့ ရှိခိုးပူဇော်ရာတွင် ဘုရားရှင် သက်ရှိထင် ရှားရှိသကဲ့သို့အာရုံပြု၍ ပူဇော်ကြရပါမည်။ ဘုရာရှင်အား ရှိခိုးပူဇော်ခြင်းထက် ဘုရားရှင်ဟောကြားခဲ့သော တရားများအတိုင်း ကျင့်ကြံနေထိုင်သွားရန်မှာ ပို၍ပင် အရေးကြီးပါသည်။ တရားသိလာလျှင် ဘုရားကို ပို၍ပင်ယုံကြည်မှု၊ ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်များကို ပို၍သိတက်လာမှု များဖြစ်လာပါလိမ့်မည်။ ထို့ကြောင့်စာဖတ်သူများသည်လည်း မိမိတို့သိနေကြတော့ တရားတော်များအတိုင်း သတိရှိကာ ကြိုးစားကျင့်ကြံအားထုတ်ကြပါ ရန်အရေးကြီးပါသည်။


အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော(ပေါက်ပန်းပွင့်စသော)ပန်းသည် ပန်ဆင်သူ အားလုံး အားအနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော် မူအပ်သော (ပိဋကတ်)တရားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကိုမဆောင်နိုင်။
(ဓမ္မပဒ)

စိရံတိဋ္ဌတု သဒ္ဓမ္မောသဒ္ဓမ္မော- မွေးသေလွတ်သောသူတော်ကောင်းတရားသည်၊
စိရံ- ကြာမြင့်စွာသော ကာလပတ်လုံး၊
တိဋ္ဌတု- တည်ပါစေသတည်း။